
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးဒဏ်ရာရသလို လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ကျောက်ဖြူ၊ ဇင်ချောင်းနဲ့ သစ်ပုတ်တောင်လမ်းဆုံမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်လောက်က ရဲတပ်ရင်း ၃၂ ကနေ ကင်းလှည့်ဖို့ထွက်လာတဲ့ အင်အား ၇၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ AA နဲ့ နီးစပ်သူတယောက်က DVB ကိုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံးဒဏ်ရာရခဲ့သလို လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ကျောက်ဖြူမြို့ကို AA က ဝိုင်းဝန်းပိတ်ဆို့ထားတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ခံစစ်အခိုင်အမာ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ မြို့နယ် ၁၄ ခုကို AA က သိမ်းပိုက်ထိန်းချုပ်ထားလို့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့တို့ကိုပဲ သိမ်းပိုက်ဖို့ကျန်ပြီး စစ်တွေမြို့ကိုတော့ အခုရက်ပိုင်းတွေမှာ AA က ထိုးစစ်ဆင်နေသလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပြန်လည်ခုခံနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။