
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ ဇန်နဝါရီ ၃၀ ရက် မနက်စောပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများသေဆုံးကာ အရှင်ဖမ်းဆီးရမိသူတွေရှိပြီး လက်နက်ခဲယမ်းအများအပြားလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
မြင်းခြံခရိုင် တပ်ရင်း ၄ နဲ့ တပ်ရင်း ၁၀ တို့ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ဘက်က အင်အား ၅၀ လောက်ပါတဲ့ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄၊ ၁၅ နဲ့ ရဲတပ်ရင်း ပူးပေါင်း အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ဒီနွားထိုးကြီးမြို့နယ်က ပြင်စည်ရွာကနေ ထွက်လာတာကို သတင်းရလို့ မြတောင်ရွာနံ စိန်ပန်းကန်ရွာကြားမှာ စောင့်ပြီးဖြတ်တိုက်ခဲ့တာပါ။ သူတို့ဘက်က အထိအခိုက်အသေအဆုံးများတယ်။ အရှင်ဖမ်းမိသူတွေလည်းရှိတယ်။ သူတို့ဆီက လက်နက်ခဲယမ်းတွေလည်း တော်တော်များများရလိုက်တယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးရန်လင်းအောင်နဲ့ ဗိုလ်ကြီးအောင်ဇော်မင်း တို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက်ကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် MA1 သေနတ် ၃ လက်၊ MA2 သေနတ် ၄ လက်၊ MA3 သေနတ် ၆ လက်၊ MA4 သေနတ် ၂ လက်၊ MA5 သေနတ် ၁ လက်၊ MA11 သေနတ် ၆ လက်၊ G3 သေနတ် ၁၂ လက်၊ G4 သေနတ် ၂ လက်၊ BA94 သေနတ် ၁ လက်၊ ၆၀ မမ ပြောင်းတိုသေနတ် ၁ လက်၊ ၆၀ မမပြောင်းရှည်သေနတ် ၁ လက်၊ ၆၀ မမ ဗုံးသီး ၂၉ လုံး၊ အီနာဂါဗုံးသီး ၅ လုံး၊ နာနတ်သီးဗုံး ၉ လုံး၊ ၉ မမ ကျည် ၃၀၅ တောင့်နဲ့ ဦးထုပ် ၁၀ လုံး တို့ သိမ်းဆည်းရရှိခဲ့ပါတယ်။
မြင်းခြံခရိုင် တပ်ရင်း ၄ နဲ့ တပ်ရင်း ၁၀ ရဲ့ တာဝန်ခံတယောက်က “ သူတို့ဘက်က ဗိုလ်ကြီး အောင်ဇော်မင်းရဲ့ အလောင်းနဲ့ အခြားအဆင့်စစ်သားတွေရဲ့ အလောင်း ၂၁ လောင်းတွေခဲ့တယ်။ ဗိုလ်မှူးရန်လင်းအောင် ဆိုတဲ့ကောင်ကတော့ ဒဏ်ရာရလို့ တခြားစစ်ခွေးတွေနဲ့ ပြန်ဆုတ်သွားကြရင်းနဲ့ လမ်းမှာသေသွားတယ်လို့ သတင်းရတယ်။ အဲ့ဒိတိုက်ပွဲထဲမှာ သူတို့ဘက်က MI35 နဲ့ ၃ ကြိမ်ပစ်ကူလာပေးသွားတယ်။ သူတို့ရဲ့ လေကြောင်းပစ်ကူကြားထဲကနေပဲ သူတို့စစ်ကြောင်းလုံးဝပျက်စီးအောင်တိုက်ခိုက်နိုင်ခဲ့တာပါ” လို့ ပြောပါတယ်။
မြင်းခြံခရိုင် တပ်ရင်း ၄ နဲ့ တပ်ရင်း ၁၀ (နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - NPDF) က PDF တပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း ပြောပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကသိရပေမဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို DVB အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။
ဇန်နဝါရီ ၁၂ ရက်ကလည်း မြင်းခြံခရိုင်အတွင်းက နန်းမြင့်ကျေးရွာနဲ့ တောင်ရှေ့ကျေးရွာတွေ ဘက်ကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်လက်အောက်ခံတွေကို မြင်းခြံ-တောင်သာကားလမ်းပိုင်းပေါ်မှာ တော်လှန်ရေးတပ်ပေါင်းစုတွေက ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါးသေဆုံးကာ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိ ပါတယ်။
နွားထိုးကြီး ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို သတိထား နေထိုင်ကြဖို့နဲ့ ဗုံးခိုကျင်းတွေတူးထားကြပြီး လေကြောင်းရန်ကာကွယ်ရေးအစီအမံတွေကို အထူး ဆောင်ရွက်ထားကြဖို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။