
တနင်္သာရီတိုင်း၊ မြိတ်မြို့နဲ့ မိုင် ၃၀ အကွာမှာရှိတဲ့ ပုလောအခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၁၇ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပုလော PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဇန်နဝါရီ ၉ ရက် မနက် ၈ နာရီမှာ စစ်ကောင်စီရဲ့ ခလရ ၁၇ ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြန်လည်ခုခံ တိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်တွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာပြီး မနက် ၉ နာရီခွဲမှ ညနေ ၆ နာရီအထိ လေကြောင်းမှ ၂၃ ကြိမ် တိုက်ခိုက်ခဲ့ကာ ဗုံးအလုံးရေ ၇၀ ခန့် ကြဲချခဲ့တယ်လို့ မြေပြင်ရောက် ရဲဘော်တွေက ပြောပါတယ်။
ပုလော PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “ဘုတ်ရွာအနီး ခလရ ၁၇ က မြိတ်နဲ့ဆို မိုင် ၃၀ ဝန်းကျင်ပဲရှိတယ်။ အဲဒီတပ် အတိုက်ခံရတော့ သူတို့(စကစ)ဘက်က အပြင်းထန်ဆုံး တုံ့ပြန်တယ်လို့ပဲ မြင်တယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ပုလောမြို့နယ်မှာ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့၊ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။