
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်း ဆေးဝါးမလုံလောက်မှုအပါအဝင် ထောင်တွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်မှာတော့ သာယာဝတီအကျဉ်းထောင်အတွင်းမှာ ဆေးဝါးမလုံလောက်မှု ပြဿနာတွေ ဆိုးဝါးနေခဲ့ပြီး အကိုက်အခဲပျောက်ဆေးတခုဖြစ်တဲ့ ပါရာစီတမော ဆေးဝါးကိုတောင် မပေးနိုင်တဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသူတွေ အပါအဝင် တခြားအကျဉ်းသူတွေက ဆေးဝါးလုံလောက်စွာပေးဖို့ တောင်းဆိုခဲ့ကြရာ ထောင်အာဏာပိုင်တွေက ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ပြင်ပဆရာဝန်တွေကို ခေါ်ယူပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး တခြားကျန်းမာရေး ချို့တဲ့မှုတွေနဲ့ တီဘီရောဂါဖြစ်ပွားနေသူ ၆ ယောက်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ထောင်အာဏာပိုင်တွေက တီဘီရောဂါဖြစ်ပွားနေသူ ၆ ယောက်ကို သီးသန့်ခွဲခြားထားပေမဲ့ ရောဂါ ပျောက်ကင်းတဲ့အထိ ကုသပေးခြင်း မပြုခဲ့သလို သက်သာသွားတဲ့အချိန်မှာတော့ ပြန်လည် စစ်ဆေးခဲ့ကာ တီဘီရောဂါပိုး မတွေ့ရှိတော့ဘူးဆိုပြီး ငွေကြေးတွေ လက်ခံခဲ့ပြီးနောက် လူအရေအတွက် များတဲ့အဆောင်မှာ တခြားအကျဉ်းသူတွေနဲ့အတူ ရောနှောကာ ပြန်လည်ထားရှိခဲ့သလို ငွေကြေးမပေးနိုင်တဲ့ နိုင်ငံရေးအကျဉ်းသူ တယောက်ကိုတော့ သီးသန့်ခွဲခြားထားတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၉ ရက်မှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က မဝင်ရောက်မီ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူတွေကို ICRC ရောက်ရှိလာပါက ထောင်တွင်းအခြေအနေတွေကို ပြောခွင့်မပေးခဲ့ဘူးလို့လည်း သိရပါတယ်။
အကျဉ်းထောင်တွေအတွင်းကို ICRC အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေ ဝင်ရောက် စစ်ဆေးခွင့် ရရှိတာဟာ ကောင်းမွန်တဲ့ လုပ်ရပ်တခုဖြစ်ပေမဲ့ ဒီလို စစ်ဆေးမှုတွေ ဝင်ရောက်ပြီးတဲ့နောက်မှာ ဖိနှိပ်မှုတွေ ပိုမိုဆိုးဝါးလာခဲ့တာကြောင့် ICRC အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ ဒီလို ကိစ္စတွေ ထပ်မံ မပေါ်ပေါက်စေဖို့အတွက် စနစ်တကျ တားဆီးပေးဖို့ လိုအပ်တယ်လို့လည်း WOPP က တိုက်တွန်းထားပါတယ်။
အကျဉ်းထောင်တွေအတွင်းမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူတွေကို ဖိနှိပ်မှုတွေ လုပ်ဆောင်နေပြီး ICRC အနေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်တွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေနဲ့ ဖြစ်စဉ်တွေကို မျက်မြင်သက်သေအဖြစ် တွေ့ရှိခဲ့တဲ့သူတွေကို ထုတ်ဖော်ပြောကြားလာပါက အခုလို ထုတ်ဖော်ခဲ့သူတွေရဲ့ လုံခြုံရေးကိုလည်း အပြည့်အဝ တာဝန်ယူပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။