
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ကလေးအကျဉ်းထောင် တာဝန်ခံတွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုတွေ လုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ကလေးအကျဉ်းထောင် တာဝန်ခံအရာရှိတွေဖြစ်ကြတဲ့ ထောင်ပိုင် အောင်မိုးဟိန်းနဲ့ ထောင်လုံခြုံရေးတာဝန်ခံ တပွင့် ဟန်ဝင်းအောင်တို့ဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုတွေ ရှိခဲ့တာကို PPNM က စုံစမ်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ထောင်ဝင်စာတွေ့ပြီး ပြန်လာတဲ့ နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ ဇနီးဖြစ်သူကို အကျဉ်းထောင်တာဝန်ခံ အရာရှိ အောင်မိုးဟိန်းက ဖုန်းနဲ့ဆက်သွယ်ပြီး သူနဲ့အတူနေဖို့ ချိန်းဆိုတဲ့ စကားတွေနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုတွေ ကျူးလွန်ခဲ့တာလို့ PPNM က စုံစမ်းသိရှိရတာကို ထုတ်ပြန်ထားပါတယ်။
အခုလိုလုပ်ရပ်မျိုးကို တခြားသော နိုင်ကျဉ်းမိသားစုဝင် အမျိုးသမီးတွေကိုပါ ပြုလုပ်ခဲ့တယ်လို့လည်း ဆက်ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကလေးအကျဉ်းထောင်က ထောင်ဝန်ထမ်းတွေကလည်း နိုင်ကျဉ်းမိသားစုဝင် အမျိုးသမီးတွေကို ဆက်သွယ်ပြီး ငွေကြေး၊ နာရီ စတဲ့ အသုံးအဆောင်တွေကို တောင်းရမ်းတာတွေလည်း လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
PPNM အနေနဲ့ အခုလို ကလေးအကျဉ်းထောင်က အာဏာပိုင်တွေက နိုင်ကျဉ်းမိသားစုဝင်တွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်နေတာတွေကို လူ့ကျင့်ဝတ်အရ၊ လူ့အခွင့်အရေးအရ ချိုးဖောက်နေကြတာဖြစ်လို့ အပြင်းအထန် ရှုတ်ချကြောင်းနဲ့ မှတ်တမ်းယူထားပြီး တရားမျှတမှုအတွက် ဖော်ဆောင်မယ်လို့ ထုတ်ပြန်ထားပါတယ်။