Home
မြန်မာသတင်း
တပ်တွင်း နှိပ်စက်မှုကြောင့် ပခုက္ကူက တပ်ကြပ် ၁ ဦး ထွက်ပြေးလာ၊ သာယာဝတီတွင် စစ်သား ၁ ဦး အလင်းဝင် 
DVB
·
February 18, 2025

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်တပ်အတွင်း မတရားနှိပ်စက်ခံရလို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်တယောက်ကို PDF တွေက ဖေဖော်ဝါရီ ၁၅ ရက် ညနေမှာ ဖမ်းဆီးရမိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့ဆီကနေ သိရပါတယ်။

Burma Revolution Rangers အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပခုက္ကူ-မြိုင် ကားလမ်းပေါ်က ပခုက္ကူနဲ့ ၄ မိုင်လောက်ဝေးပြီးတော့ အင်ပင်ရွာနားမှာရှိတဲ့ စကစ စစ်ဆေးရေးဂိတ်ကနေ တပ်ကြပ်အဆင့်ရှိတဲ့တယောက် ထွက်ပြေးလာတယ်ဆိုတာ သတင်းရလို့ ကြိုစောင့်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူဟာ စစ်မှုထမ်းသက် ၁၉ နှစ်ရှိတဲ့ ခလရ ၂၅၄ တပ်ရင်းက တပ်ကြပ်စံမိုး (ကိုယ်ပိုင်နံပါတ် တ-၄၃၀၁၁၁) ဖြစ်ပြီး အဆိုပါ စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ ၂ နှစ်နီးပါးကတည်းက တာဝန်ကျနေပြီး ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ထွက်ပြေးလာတာလို့ ဆိုပါတယ်။

Burma Revolution Rangers အဖွဲ့ တာဝန်ခံ ဗိုလ်ကာတွန်းက “ကျနော်တို့ ဖမ်းမိတဲ့အချိန်မှာ သူ့ကို တပ်တွင်းက အထက်အရာရှိတွေရဲ့ ရိုက်နှက်ထိုးကြိတ် ခံထားရတာ​လို့ မျက်နှာနဲ့ ခြေ​တွေ လက်တွေ ဖူးရောင်နေတယ်။ ကျနော်တို့ဘက်ကလည်း ဖမ်းမိပြီးကတည်းက လိုအပ်တဲ့ ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေပြီးတော့ ယာယီထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ဆောင်ရွက်ပေးနေပါတယ်။ သူတို့တပ်ထဲမှာ အထက်လူကြီးတွေက မတရားနှိပ်စက်လို့ ထွက်ပြေးလာတာလို့ သိရတယ်။ လက်နက်တွေ ဘာတွေ ဘာမှပါမလာဘူး။ သူက စစ်တပ်အပေါ်မှာ စိတ်ကုန်လို့ ပြေးလာတာမဟုတ်ဘူး။ တပ်တွင်းမှာ ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်တဲ့ဒဏ်ကို မခံနိုင်လို့ ထွက်ပြေးလာတဲ့ပုံစံမျိုး ဖြစ်တယ်။ အရေးယူမှု အပိုင်းကတော့ အထက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး သူ့ရဲ့ထွက်ဆိုချက်အပေါ်မှာပဲ ဆောင်ရွက်သွားမှာပါ။ သူကတော့ ကျနော်တို့နဲ့ ပူးပေါင်းချင်တယ်ပေါ့။ ဒါပေမဲ့ သူက အလင်းဝင်လာတဲ့သူ မဟုတ်ဘူးလေ” လို့ DVB ကို ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်စံမိုးဟာ ဧရာဝတီတိုင်းထဲက ပုသိမ်မြို့နယ် ဇာတိ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ တပ်ကြပ်စံမိုးက “တပ်တွင်း ညှဉ်းပန်းနှိပ်စက်မှုကတော့ တပ်ထဲမှာ ကျနော် ခဏခဏ အချုပ်ထဲရောက်ပါတယ်။ ဒီ အင်ပင်စခန်းမှာ ကျနော့်ဆိုရင် ထိုးလိုက်ကြိတ်လိုက် ရိုက်လိုက်နှက်လိုက် ပြီးလို့ရှိရင် ဖက်ထိပ်ဆိုရင်လည်း သူများထက် ပိုလုပ်ရတယ်။ ရဲဆိုတဲ့ သူတောင်းစားတွေနဲ့ ယှဉ်ပြီးတော့ ကျနော်တို့ကို ဆဲဆိုပါတယ်။ ရဲဆိုတဲ့ သူတောင်းစားတွေကလည်း ဘာစောက်ကျင့်မှ မကောင်းဘူး။ ပြည်သူလူထုကို ဒုက္ခပေးတာ များတယ်။ ပြီးရင် သူတို့က ပြည်သူတွေရဲ့ ဆီကား ဆန်ကားတွေကိုလည်း မတရား ငွေညှစ်တယ်။ ကုန်ကားအစ အကုန်လုံးကို ငွေညှစ်တယ်။ ဆီဆိုရင်လည်း တပုံးဆိုရင် ပိုက်ဆံ ၅,၀၀၀ ကောက်ပါတယ်။ ကောက်ရတဲ့ ပိုက်ဆံတွေကိုလည်း သူတို့အိတ်ထဲ သူတို့ထည့်ပါတယ်” လို့ Burma Revolution Rangers အဖွဲ့ရဲ့ တာဝန်ရှိသူတွေရဲ့ မေးမြန်းမှုအပေါ် သူက ပြန်လည်ဖြေကြားထားပါတယ်။

ခလရ ၂၅၄ တပ်ရင်းမှာ နောက်ချန်အင်အားအနေနဲ့ ဒဏ်ရာရတဲ့စစ်သားတွေသာ ကျန်နေပြီး အင်ပင် စစ်ဆေးရေးဂိတ်မှာလည်း ဒဏ်ရာရစစ်သားတယောက်နဲ့ ရဲ ၂ ယောက် အပါအဝင် အင်အား ၁၅ ယောက်ခန့်သာ ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရိက္ခာနဲ့ လစာ အနည်းငယ်ပေးကာ လူလူချင်း တိရစ္ဆာန်လိုခိုင်းပြီး အသက်အသေခံ တိုက်ခိုက်ခိုင်းနေတဲ့ စစ်တပ်ထဲမှာ ဆက်လက်တာဝန်ထမ်းဆောင်နေသူတွေ အနေနဲ့လည်း နောင်တရသင့်နေပြီလို့ သူက တိုက်တွန်းထားပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်လူမျိုး စစ်သားတယောက်လည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ-၅ ကို ဖေဖော်ဝါရီ ၁၇ ရက် မနက်က လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား အောင်တင်မြင့်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကနေ ရန်ကုန်ကို ကားစီးလာချိန် အုတ်ဖိုတာဆုံ စစ်ဆေးရေးဂိတ်မှာ စစ်ဆေး ဖမ်းဆီးခံရပြီး စစ်တပ်ထဲ မဝင်ပါက ထောင် ၅ နှစ် ချမယ်လို့ စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်ပြောဆိုလို့ စစ်ထဲဝင်ခဲ့ရကြောင်း ထွက်ဆိုတယ်လို့ တပ်ခွဲတာဝန်ရှိသူ ရဲဘော်ဘက က DVB ကို ပြောပါတယ်။

“သူက ထွက်ပြေးလာတာ၊ အဲဒါ ကျနော်တို့ ရဲဘော်တွေက တွေ့လို့ စခန်းခေါ်လာတာ၊ စစ်မှုထမ်း အပတ်စ‌ဉ် ၆ မှာ ရန်ကုန်က ဂျိုးဖြူ အမှတ် ၂ စစ်သင်တန်းကျောင်း စစ်သင်တန်းတက်ခဲ့ရတယ်။”

လက်နက်မဲ့ ထွက်ပြေးလာခဲ့ပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်လိုကြောင်းနဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် ဖြစ်လိုကြောင်း ဆက်လက်ပြောဆိုတယ်လို့ ဗိုလ်ဘက က ဆိုပါတယ်။

“ကျနော်တို့ ကောင်းကောင်းမွန်‌မွန် စောင့်ရှောက်ထားပါတယ်။ ရခိုင်လူမျိုး အသက် ၃၀ လောက်ပဲ ရှိဦးမယ်။ သူ့သဘောဆန္ဒအတိုင်း ကျနော်တို့ ဆောင်ရွက်ပေးဖို့ ချိတ်ဆက်နေပါတယ်” လို့ ဗိုလ်ဘက က ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတည်းက သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံ အလင်း‌ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲ အယောက် ၂၀ ကျော် ရှိပြီဖြစ်ကြောင်း ၃၈၀၂ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်က ပြောပါတယ်။

“အများစုကတော့ ကျနော်တို့ဆီမှာပဲ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပြန်ထမ်းဆောင်ပါတယ်။ ကျနော်တို့ကလည်း ကောင်းကောင်းမွန်‌မွန် စောင့်ရှောက်ထားပါတယ်။ နောက်ထပ် စစ်ကောင်စီတပ်သားတွေကိုလည်း အလင်းဝင်ဖို့ တိုက်တွန်းချင်ပါတယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း အုတ်ဖိုမြို့နယ် အပိုင် ပဲခူးရိုးမအတွင်းရှိ ချောင်းဂေါင်းအုပ်စု စင်မြင့်ရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ-၅ က တော်လှန်ရေးရဲဘော်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၆ ယောက် သေဆုံးကာ ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တယောက်လည်း ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အနီးနားက စင်မြင့်ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၆ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024