
မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်ထဲမှာ အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၂ နှစ်အထိ ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီဟာ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်းရောဂါတွေနဲ့ ထောင်တွင်းမှာ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အသက် ၆၅ နှစ်အရွယ် ဒေါ်စန်းရီကို ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီလကတည်းက ချမ်းမြသာစည်မြို့နယ် ရဲစခန်းဗုံးခွဲခဲ့တဲ့ လူငယ်တွေကို ဝှက်ထားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲက ထောင်နှစ်ရှည်ချမှတ်ခဲ့တာပါ။
ထောင်တွင်းမှာ ဆေးဝါးလုံလောက်စွာ မရတာကြောင့် အခုလိုသေဆုံးရတဲ့အပေါ် စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ထပ်မံပြီး ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုတွေ ထပ်မဖြစ်ဖို့ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ PPMM က ထုတ်ပြန်တောင်းဆိုထားပါတယ်။