Home
နိုင်ငံတကာ
လက်ဘနွန်မှ အစ္စရေးတပ်များ အပြည့်အဝ ဆုတ်ခွာပေးရန် ဟစ်ဇ်ဘိုလာ တောင်းဆို
DVB
·
February 18, 2025
Photo : AL MANAR TV

အစ္စရေး-ဟစ်ဇ်ဘိုလာ နောက်ဆုံးအကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတိုင်း အစ္စရေးတပ်ဖွဲ့ဝင်တွေအားလုံး ဖေဖော်ဝါရီ ၁၈ ရက်မှာ လက်ဘနွန်နယ်မြေကနေ အပြည့်အဝ ဆုတ်ခွာပေးရမယ်လို့ လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာ အကြီးအကဲ နာအီးမ် ကက်ဆမ်က ပြောကြားလိုက်ပြီး လက်ဘနွန်တောင်ပိုင်းရှိ ဘယ်နေရာမှာမဆို စစ်တပ်ထားရှိရမယ့် အကြောင်းပြချက် မရှိဘူးလို့လည်း ဆိုပါတယ်။

အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းရှိ နေရာ ၅ နေရာမှာ အခုလကုန်အထိ ဆက်ရှိနေဦးမယ်လို့ အပစ်အခတ်ရပ်စဲမှု စောင့်ကြည့်ရေးကော်မတီကို အသိပေး ပြောကြားအပြီး ၂ ရက် အကြာမှာပဲ ဟစ်ဇ်ဘိုလာ အကြီးအကဲရဲ့ ပြောကြားချက် ထွက်ပေါ်လာတာပါ။

ဖေဖော်ဝါရီ ၁၈ ရက်နောက်ပိုင်း လက်ဘနွန်မြေပေါ်မှာ အစ္စရေးစစ်တပ် ရှိနေမှုကို သိမ်းပိုက်ရေးတပ်ဖွဲ့အဖြစ် သတ်မှတ်မှာဖြစ်ကြောင်းလည်း ကက်ဆမ်က ပြောဆိုပါတယ်။

ရုပ်မြင်သံကြားမှတ်တမ်းတင် မိန့်ခွန်းထဲမှာ ဟစ်ဇ်ဘိုလာ အထွေထွေအတွင်းရေးမှူး နာအီးမ် ကက်ဆမ်က အစ္စရေးဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ လုံးဝ ဆုတ်ခွာရမှာဖြစ်ပြီး ဘာအကြောင်းပြချက်မှ မရှိ၊ ဘာအချက် ၅ ချက်မှ၊ နောက်ထပ် ဘာ အသေးစိတ်အချက်မှ ထပ်မရှိရဘူးလို့လည်း ဆိုပါတယ်။

ကက်ဆမ်ဟာ လက်ဘနွန်အစိုးရကို ဘေရွတ်မှာ ဖေဖော်ဝါရီ ၁၈ ရက်အထိ အီရန်လေကြောင်းတွေ ဆင်းသက်ခွင့် တားမြစ်ထားချက်ကို ပြန်စဉ်းစားဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ကက်ဆမ်ရဲ့ မိန့်ခွန်းကို ထုတ်လွှင့်နေချိန်အတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၃ ခုဟာ လက်ဘနွန်ရဲ့ အရှေ့ဘက် ဘီခါးတောင်ကြားကို ထိမှန်ခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဟာ ဟစ်ဇ်ဘိုလာ လှုပ်ရှားမှုတွေ ရှိတဲ့နေရာတွေကို ဖော်ထုတ်တွေ့ရှိပြီးနောက်မှာ ရော့ကက်လောင်ချာတွေနဲ့ တခြားလက်နက်တွေ ပါဝင်တဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်း ပြောပါတယ်။

အစ္စရေးက နောက်ဆုံးဆုတ်ခွာရက် သက်တမ်းတိုးမယ်လို့ ကြေညာပြီးနောက်မှာ တင်းမာမှုတွေ ပြင်းထန်လာခဲ့ပြီး နေရပ်စွန့် စစ်ဘေးရှောင်ရသူတွေ မပြန်နိုင်ကြသေးဘဲ မတည်မငြိမ် ပြန်ဖြစ်မှာကို စိုးရိမ်မှုတွေ တိုးလာနေတာပါ။

အစ္စရေးရဲ့ သက်တမ်းတိုးဖို့ တောင်းဆိုချက်ကို လက်ဘနွန်က ပယ်ချခဲ့ပြီး အစ္စရေးဟာ လုံးဝ ဆုတ်ခွာရပါမယ်လို့လည်း လက်ဘနွန်က ထပ်ခါတလဲလဲ အခိုင်အမာ ပြောထားခဲ့ပါတယ်။

ဆုတ်ခွာမယ့်ကာလကို သက်တမ်းတိုးဖို့ နောက်ဆုံးသတ်မှတ်ရက်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်းနဲ့ နုတ်ထွက်မှုကို ကြီးကြပ်ဖို့က အမေရိကန်ရဲ့တာဝန်ဖြစ်ကြောင်း လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌ နာဘီး ဘာရီက ပြောကြားခဲ့ပါတယ်။

အစ္စရေးရဲ့ အများပြည်သူဆိုင်ရာ ရုပ်သံဌာနကတော့ အမေရိကန်ဟာ လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးတပ်တွေ ထားရှိမှုကို ကာလကြာရှည် ခွင့်ပြုထားကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013