
မြန်မာနိုင်ငံမှာ ရာသီဥတုအပြောင်းအလဲနဲ့ ပြင်းထန်တဲ့ ပြည်တွင်းပဋိပက္ခတွေအကြား ဆက်နွှယ်မှုက ရှုပ်ထွေးလှပါတယ်။ စစ်တမ်းတွေအရတော့ ရာသီဥတု ပြောင်းလဲလာတာကြောင့် အသက်မွေးဝမ်းကျောင်းတွေ ပျက်ပြားလာခြင်း၊ နေရပ်စွန့်ခွာရခြင်း၊ ရွှေ့ပြောင်းနေထိုင်မှုနဲ့ သက်ရောက်မှုပြင်းထန်တဲ့ ပဋိပက္ခ အခြေအနေတွေ သွယ်ဝိုက်တဲ့နည်းလမ်းတွေကတဆင့် လက်နက်ကိုင်တိုက်ပွဲတွေကို ပိုမိုပြင်းထန်လာစေခဲ့ပါတယ်။
အဲဒီလို ဆက်နွှယ်နေတာတွေရဲ့ တိကျတဲ့ အကြောင်းအရင်းကတော့ နိုင်ငံတခုချင်းစီရဲ့ နိုင်ငံရေး၊ လူမှုစီးပွားရေးနဲ့ စစ်ရေးအခြေအနေတွေပေါ် မူတည်နေလို့ပါပဲ။
ဒါပေမဲ့ အကြမ်းဖက်ပဋိပက္ခတွေကတော့ ပြည်သူတွေကို ရာသီဥတုဒဏ်ခတ်မှုကနေ ပိုပြီး ထိခိုက်လွယ်စေပါတယ်။ အကြမ်းဖက်မှုနဲ့ ပြည်သူတွေရဲ့ ထိခိုက်လွယ်မှုတွေဟာ သံသရာလည်နေခဲ့ပြီး ရာသီဥတုဒဏ်ကြောင့် ပိုပြီးဆိုးရွားလာတယ်ဆိုတာကို ဖော်ပြနေသလိုပါပဲ။ အဲဒီလိုအခြေအနေတွေကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ အန္တရာယ်ဇုန်ထဲမှာ ရောက်နေပါပြီ။
မြန်မာနိုင်ငံဟာ ရာသီဥတုဒဏ်ကြောင့် ထိခိုက်နိုင်ခြေအများဆုံး နိုင်ငံတွေထဲက တခုဖြစ်ပြီး ရေကြီးတာတွေ၊ ဆိုင်ကလုန်းမုန်တိုင်းတွေ၊ အပူချိန်လွန်ကဲတာတွေနဲ့ မြေပြိုတာတွေ ဖြစ်ပွားနိုင်ခြေ အတော်များတာပါ။ ကမ်းရိုးတန်းဒေသတွေမှာ ထိခိုက်နိုင်ခြေပိုများတာကြောင့် မြေနိမ့်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသ နေထိုင်သူ လူဦးရေ ၅ သန်းကျော်ဟာလည်း အန္တရာယ်ရှိနေပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ သစ်တောကဏ္ဍတွေဟာ ရာသီဥတုအခြေအနေအပေါ် မူတည်နေပြီး သဘာဝဘေးအန္တရာယ်တွေ အတွက် သေချာကြိုတင်ပြင်ဆင်ထားတာမျိုး မရှိပါဘူး။
သဘာဝပတ်ဝန်းကျင်အခြေအနေ ဆိုးရွားလာတာကလည်း ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းရဲ့ ထိလွယ်ရှလွယ်ဖြစ်မှုကို ပိုအားပေးရာ ရောက်ပါတယ်။ ဥပမာပြောရရင် တရားမဝင် သစ်ခုတ်ခြင်းလိုမျိုး လုပ်ရပ်တွေကြောင့် မိုးရာသီမှာ နှစ်တိုင်းဖြစ်လေ့ရှိတဲ့ ရေကြီးမှုတွေ မြေပြိုမှုအန္တရာယ်တွေကို ပိုဖြစ်နိုင်ပါတယ်။
အဲဒီလို လူသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ဆိုင်တဲ့ စိန်ခေါ်မှုတွေအပြင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာလည်း ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ဆက်လက်ဖြစ်ပွားနေဆဲ ပဋိပက္ခဖြစ်ပါတယ်။ (၁၉၆၂-၂၀၁၁) နှစ် ၅၀ အတွင်းမှာ စစ်အုပ်ချုပ်ရေးက မြန်မာနိုင်ငံကို ကမ္ဘာကနေ ကွဲထွက်စေခဲ့ပြီး နိုင်ငံရဲ့ စီးပွားရေးနှောင့်နှေးမှုကို တော်တော်လေး ဆိုးရွားစေခဲ့ပါတယ်။
၁၀ နှစ်တာ လွတ်လပ်ခွင့်ကာလအပြီး ၂၀၂၁ ခုနှစ်မှာ တကျော့ပြန် စစ်အာဏာသိမ်းလိုက်ခြင်းက တိုက်ပွဲတွေကို ပြန်ဖြစ်စေပြီး မကွေးနဲ့ စစ်ကိုင်းတို့လို ငြိမ်းချမ်းခဲ့ဖူးတဲ့ ဒေသတွေမှာတောင် စစ်ပွဲတွေ ဖြစ်လာစေပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေရဲ့ ဆန္ဒပြမှု၊ လှုပ်ရှားမှုတွေရှိလာပြီး ပဋိပက္ခတွေက ကြိုတင်မမှန်းဆနိုင်တဲ့ အဆင့်ထိ ရောက်သွားခဲ့ပါတယ်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းဟာ နိုင်ငံရေး၊ စီးပွားရေး ငြိမ်းချမ်းမှုနဲ့ ၁၂ နှစ်ကြာ တိုးတက်မှုကို တခဏအတွင်း အဆုံးသတ်စေခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ်တွေထဲမှာ မြန်မာနိုင်ငံဟာ တဖြည်းဖြည်းချင်း ပြောင်းလဲမှုလမ်းကြောင်းအပေါ်ကို ဦးတည်နေခဲ့ပြီး နှစ်ကြိမ်တိုင် ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာ စောင့်ကြည့်သူ အများစုက လွတ်လပ်ပြီး တရားမျှတကြောင်း သတ်မှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးကာလအတွင်း ဒီမိုကရေစီရရှိရေး လုပ်ငန်းစဉ်တွေမှာ အားနည်းချက်တချို့ ရှိခဲ့ပါတယ်။ အဲဒီအားနည်းချက်တွေက ဘာသာရေးနဲ့ လူမျိုးစု လူနည်းစုတွေဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှု၊ မျိုးသုဉ်းသတ်ဖြတ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အားနည်းချက်အနည်းငယ်ရှိပေမဲ့ အရပ်သားအစိုးရဟာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတော်ကို တည်ဆောက်ရာမှာ သိသိသာသာ တိုးတက်မှုတွေ ရှိခဲ့ဖူးပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခြင်းနဲ့ ပဋိပက္ခတွေ ပြင်းထန်လာတာဟာ အဲဒီတိုးတက်မှုတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကိုသာမက နိုင်ငံတော်နဲ့ ဒေသန္တအစိုးရတွေရဲ့ ဖွဲ့စည်းပုံနဲ့ မူဝါဒဆိုင်ရာ တည်ဆောက်ရေးတွေမှာ ရရှိထားတဲ့ အောင်မြင်မှုတွေကို ထိခိုက်စေခဲ့ပါတယ်။ အဲဒီလို ထိခိုက်ခဲ့တဲ့ အောင်မြင်မှုတွေထဲမှာ ရာသီဥတုအတွက် လုပ်ဆောင်ချက်တွေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု မူဝါဒတွေလည်း ပါဝင်နေပါတယ်။
မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ခေါ် စစ်ကောင်စီ SAC ဟာ ပြည်သူ့ဆန္ဒကို အကြမ်းဖက်နှိမ်နင်းတာတွေကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ စုစည်းပြီး တိုင်းရင်းသားလူမျိုးစုတွေ ပါဝင်တဲ့ ‘စစ်အုပ်စုဆန့်ကျင်ရေး ကျယ်ပြန့်သောမဟာမိတ်အဖွဲ့’ ဖြစ်ပေါ်လာခဲ့ပါတယ်။
ဆန္ဒပြတက်ကြွလှုပ်ရှားသူ လူငယ်အများစုဟာ ‘ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့’ PDF ကို ခုခံကာကွယ်ဖို့အတွက် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှာ စစ်တပ်နဲ့ စစ်အစိုးရရဲ့ နောက်လိုက် တပ်တွေကို တိုက်ခိုက်ဖို့ လက်နက်ကိုင်ခုခံမှုတွေ ပြုလုပ်လာခဲ့ပါတယ်။
ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ စစ်အုပ်စုကို တွန်းလှန်ဖို့အတွက် PDF တပ်မတော် ဖွဲ့စည်းမှုကို ထောက်ပံ့အားဖြည့်ပေးပြီး PDF တပ်ဖွဲ့တွေက KIO၊ KNU စတဲ့ EAOs တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်လျက် ရှိပါတယ်။
စစ်အာဏာသိမ်းခြင်းနဲ့ နောက်ဆက်တွဲ ပဋိပက္ခတွေဟာ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ် များစွာကို ပျက်စီးစေခဲ့ပြီး အကျိုးဆက်အနေနဲ့ သက်ရောက်မှုက ဆိုးကျိုးများစွာပါပဲ။
အာဏာမသိမ်းခင်က မြန်မာ့လူဦးရေရဲ့ ၁ သန်းလောက်သာ ချို့တဲ့ပြီး အကူအညီတွေ လိုအပ်နေခဲ့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ပြည်သူရဲ့ သုံးပုံတပုံခန့်ရှိတဲ့ လူပေါင်း ၁၈ သန်းကျော်ဟာ ဆင်းရဲချို့တဲ့ပြီး အကူအညီများစွာ လိုအပ်နေတဲ့အပြင် ပြည်တွင်းစစ်ဘေးရှောင်သူ ဦးရေ ၃ သန်းခန့် ရှိနေပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည် ဦးရေ ၁ သန်းခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတွေမှာ နေထိုင်နေကြရပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေ ပါဝင်တဲ့ လူဦးရေပေါင်း ထောင်ချီဟာလည်း လုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ဘဝနဲ့ နေနိုင်ဖို့အတွက် အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေကို ပင်လယ်ရေကြောင်းခရီးတွေကနေ တရားမဝင် အန္တရာယ်ကြီးစွာ စွန့်စားရှာဖွေနေကြရပါတယ်။
အဲဒီလို ကပ်ကြီး ၂ ခုက မြန်မာနိုင်ငံအတွင်းမှာ အပြန်အလှန်ဆက်နွှယ် ဖြစ်ပေါ်လျက် ရှိနေပါတယ်။ ပဋိပက္ခတွေကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံချက်တွေ ချို့ယွင်းခဲ့ရပြီး ရာသီဥတုပြောင်းလဲမှုဟာ ပတ်ဝန်းကျင်နဲ့ လူထုအခြေအနေကို မတည်မငြိမ်ဖြစ်စေရာကနေ ပဋိပက္ခတွေကို ပိုမိုပြင်းထန်စေခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ရာသီဥတုပြောင်းလဲခြင်း အန္တရာယ်ဟာ ပြည်တွင်း၊ နိုင်ငံအဆင့်နဲ့ ဒေသအသီးသီးမှာ ထိရှလွယ်မှုတွေ ဖြစ်လာစေပါတယ်။ အဲဒီလို အားနည်းချက်တွေ ဆက်စပ်နေခြင်းဟာ နိုင်ငံတော်နဲ့ ဒေသတွင်း လုံခြုံရေးအတွက် သက်ရောက်မှုပိုရှိတဲ့ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ အကျိုးရလဒ်တွေကို ဖြစ်ပေါ်စေပါတယ်။
စစ်ပွဲကြောင့် ပိုမိုဆိုးရွားလာတဲ့ စားဝတ်နေရေးနဲ့ စီးပွားရေး အခွင့်အလမ်း လျော့နည်းလာခြင်းတွေကြောင့် မြန်မာနိုင်ငံရဲ့ နယ်တွေမှာ နေထိုင်သူတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ပြောင်းလဲ လုပ်ကိုင်နေကြရပါတယ်။
အဲဒီလို ပြဿနာတွေဟာ အရည်အသွေးမြင့် မီးသွေးထွက်ရှိတဲ့ လမုပင် (mangrove) တွေ အလေ့ကျပေါက်ရာ တနင်္သာရီကမ်းရိုးဒေသမှာ ပိုထင်ရှားပါတယ်။ အဲဒီဒေသက နွမ်းပါးတဲ့ ရွာသူရွာသားတွေဟာ မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာခဲ့တဲ့ လယ်ယာလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းတွေကို စွန့်လွှတ်ပြီး မီးသွေးထုတ်ဖို့အတွက် သစ်ပင်တွေခုတ်လှဲကြတာကြောင့် သစ်ခုတ်နှုန်း မြင့်တက်လာခဲ့ပါတယ်။
အာဏာသိမ်းမှုကြောင့် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် မရတော့တဲ့အတွက် နေအိမ်တွေမှာ မီးသွေးအသုံးပြုမှု တိုးလာပြီး သစ်ခုတ်မှုက ပိုသွက်လာတာပဲ ဖြစ်ပါတယ်။ လမုပင်တွေဟာ ဆိုင်ကလုန်းမုန်တိုင်းတွေ တိုက်ခတ်ကျရောက်ချိန်မှာ သဘာဝအလျောက် ကာကွယ်ပေးတာဖြစ်တဲ့အတွက် အဲဒီလို ခုတ်လှဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ရာသီဥတုဒဏ်ခံနိုင်စွမ်းဟာ ပိုပြီး ထိခိုက်လာပါတယ်။
ဥပမာပြောရရင်တော့ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပွားခဲ့ချိန်အတွင်းမှာ လမုတောတွေ ပျက်စီးဆုံးရှုံးခဲ့တာကြောင့် အသေအပျောက်နဲ့ အပျက်အစီးတွေ တော်တော့်ကို များပြားခဲ့ပါတယ်။
ပြည်တွင်းမှာ ရာသီဥတုပြောင်းလဲမှုက လူ့အဖွဲ့အစည်းတွေနဲ့ အခွင့်အရေးနည်းပါးတဲ့ လူအုပ်စုတွေကို ဒုက္ခရောက်စေပါတယ်။ အခွင့်အရေးနည်းပါးတဲ့ အုပ်စုဆိုတာ ဘာသာရေးလူနည်းစု၊ တိုင်းရင်းသားလူနည်းစု၊ လိင်ခံယူချက်ကွဲပြားသူတွေ၊ ကျားမတန်းတူမှု မရသူတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေ ပါဝင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှတော့ အခွင့်အရေး ကန့်သတ်ခံရသူတွေက ပဋိပက္ခနဲ့ ဆက်စပ်နေတဲ့ မကျေနပ်မှုတွေကို ပိုဆိုးစေလာနိုင်တယ်။
ရာသီဥတုပြောင်းလဲမှုဒဏ် ခံနေရတဲ့ လူတွေအတွက်တော့ မြေယာရရှိရေးက အရေးကြီးဆုံး အချက်ပါပဲ။ ကိုယ့်မြေယာပိုင်ဆိုင်မှုအတွက် မသေချာလာတဲ့အခါ ဒီမြေနဲ့ ဒီသစ်တောတွေကနေ အစားအသောက်အတွက် မှီခိုနေရတဲ့ တိုင်းရင်းသားလူနည်းစုတွေကို အများကြီး ထိခိုက်စေပါတယ်။ ဒီဒေသအခြေအနေတွေက စစ်အုပ်စုအပေါ် မကျေနပ်မှုတွေကို ပိုကြီးထွားစေပါတယ်။ အထူးသဖြင့်တော့ ပြည်တွင်းစစ်မှာ ဆယ်စုနှစ်ပေါင်းများစွာ အကြမ်းဖက်ခံရပြီး နေရပ်စွန့်ခွာခဲ့ရတဲ့ တိုင်းရင်းသားလူနည်းစုတွေပဲ ဖြစ်ပါတယ်။ ပြည်တွင်းပဋိပက္ခနဲ့ ရာသီဥတုပြောင်းလဲမှုကို နှစ်ခုပေါင်းကြုံလာရတဲ့ ဆင်းရဲတဲ့သူတွေနဲ့ အခွင့်အရေး နည်းပါးတဲ့သူတွေရဲ့ လုံခြုံရေးကို ပိုထိခိုက်စေပါတယ်။ မိုးခေါင်တာ၊ ရေကြီးတာတွေကြောင့် သီးနှံတွေ မဖြစ်ထွန်းတော့ လယ်သမားတွေ အကြွေးတင်ကြရပါတယ်။
ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ စီစဉ်ပေးတဲ့ အသေးစား ငွေကြေးအထောက်အပံ့ မရရင် ဆင်းရဲတဲ့မိသားစုတွေက မြေပိုင်ရှင်တွေဆီကနေ တလကို ၁၀ တိုး ပေးပြီး ငွေချေးကြရပါတယ်။ ဒီရာသီဥတုဒဏ်က အမျိုးသမီးတွေ၊ တိုင်းရင်းသားနဲ့ ဘာသာရေး လူနည်းစုတွေကို ပိုပြီး ထိခိုက်စေတာကြောင့် ရာသီဥတုပြောင်းလဲမှုရဲ့ လူသားတွေအတွက် လုံခြုံရေးအပေါ် သက်ရောက်မှုတွေကို ပိုနားလည်ဖို့ ဘက်ပေါင်းစုံကနေ ချဉ်းကပ်နိုင်ဖို့ လိုအပ်လာပါတော့တယ်။
တနိုင်ငံလုံးကို သက်ရောက်တဲ့ ရာသီဥတုဆိုးရွားတဲ့ အဖြစ်အပျက်တွေ ဖြစ်လာရင် လက်ရှိစစ်အစိုးရရဲ့ တုံ့ပြန်မှု မလုံလောက်တာက နိုင်ငံရေးအကျပ်အတည်းကို ဖြစ်လာစေပြီး နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်လာနိုင်တယ်။ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတုန်းက လူ ၁၃၀,၀၀၀ ကျော် သေဆုံးခဲ့ရတာဟာ အရင်စစ်အစိုးရရဲ့ လုပ်ဆောင်မှုတွေ အရည်အချင်းမရှိတာကို ပြသတာပဲ။
အဲဒီအချိန်မှာ ဦးသန်းရွှေ အစိုးရရဲ့ နည်းဗျူဟာအနေနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်ခွင့်နဲ့ ဆက်သွယ်ရေးကို ပိတ်ပင်လိုက်တာက ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို လွှဲချဖို့ လုပ်ခဲ့တာပါပဲ။ ဒီဆိုင်ကလုန်းက ပြည်တွင်းရော နိုင်ငံတကာမှာပါ စစ်အစိုးရရဲ့ နိုင်ငံရေးအာဏာကို ပိုပြီး ယိုယွင်းသွားစေပါတယ်။ ပြင်သစ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ‘ကာကွယ်ရေးတာဝန်’ ဆိုတာကို သုံးပြီး ဆိုင်ကလုန်းဒဏ်ခံရတဲ့ ဒေသကို အကူအညီပေးပို့ဖို့ ခွင့်ပြုချက်ရအောင် တိုက်တွန်းခဲ့ပေမဲ့ မအောင်မြင်ပါဘူး။
ဒီကြိုးပမ်းမှုကနေ စစ်အစိုးရရဲ့ နိုင်ငံတကာမှာ တရားဝင်မှုကို စိန်ခေါ်ခဲ့ပြီး နိုင်ငံအပေါ် နိုင်ငံခြားရေးမူဝါဒတွေကို ပုံဖော်ခဲ့ပါတယ်။ ဒါ့အပြင် နာဂစ်ဆိုင်ကလုန်းတိုက်ပြီး ၈ ရက်အကြာမှာပဲ စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို ပြုလုပ်ခဲ့ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို ဗြောင်ကျကျ လျစ်လျူရှုခဲ့တာ ဖြစ်ပါတယ်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို အောင်မြင်တယ်လို့ ကြေညာပြီး စစ်အုပ်စုအလိုကျ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ အတိုက်အခံတွေက ၉၀ ရာခိုင်နှုန်း မဲပေးတယ်ဆိုတဲ့ အစိုးရရဲ့ ပြောဆိုချက်ကို ကန့်ကွက်ခဲ့ပြီး မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်တာတွေ၊ လိမ်လည်တာတွေ အများကြီးရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
တိုက်ပွဲတွေဖြစ်နေခဲ့တဲ့ ရခိုင်ပြည်နယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်း (၂၀၂၃) တိုက်ပြီးချိန်မှာပဲ စစ်ကောင်စီက စစ်ရေးနည်းနဲ့ တုံ့ပြန်ခဲ့လို့ ရခိုင်ပြည်နယ်အတွင်းမှာ ပဋိပက္ခတွေကို ပိုဆိုးစေတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO တွေရဲ့ ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်သင့်ခံရတဲ့ နေရာတွေကို ချက်ချင်းဝင်ရောက်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့အကူအညီ မရှိတော့ အာရက္ခတပ်တော် (AA) က ဒေသခံအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ လူသားချင်းစာနာမှု အကူအညီ ပေးပို့တာကို ပိုလုပ်လာခဲ့ပါတယ်။
ဒီလုပ်ဆောင်မှုမှာ လူ ၁၀၀,၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးတာ၊ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးတာ၊ ပြန်လည်တည်ဆောက်ရေးကို ကူညီတာတွေ ပါဝင်တယ်။ နိုင်ငံမဲ့ ရိုဟင်ဂျာတွေက လွတ်လပ်စွာ သွားလာခွင့်မရှိတော့ မိုခါမုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ နိုင်ငံရေးအရ ကန့်သတ်ခံရခြင်းရဲ့ ဆိုးကျိုးကို ပြတာပါပဲ။ စစ်ကောင်စီက အာရက္ခတပ်တော် (AA) ရဲ့ ထောက်ခံမှုကို အားနည်းစေချင်လို့ အကူအညီကို ကန့်သတ်တာ ဖြစ်နိုင်ပေမဲ့ စစ်ရေးနည်းနဲ့ တုံ့ပြန်ခဲ့တာကြောင့် ဒေသခံတွေရဲ့ မကျေနပ်မှုကို ပိုများစေပြီး တော်လှန်ရေးတွေကို ပိုထောက်ခံလာကြပါတယ်။
ရုတ်တရက် သဘာဝဘေးအန္တရာယ်တွေ ပိုဖြစ်လာတာအပြင် မြန်မာနိုင်ငံက လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင် ခံနိုင်ရည်ရှိဖို့အတွက် ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ဖို့ အများကြီး လိုအပ်နေပါတယ်။ ပြည်တွင်းပဋိပက္ခက နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုဆိုင်ရာ လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ပေးနေတာလည်း ဖြစ်ပါတယ်။ ရာသီဥတုခံနိုင်ရည်နဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုတွေအတွက် နိုင်ငံတကာက ရန်ပုံငွေကို ဖြတ်တောက်ပစ်ခဲ့တာဟာ စစ်ကောင်စီ အာဏာသိမ်းခါစကတည်းကနေ လက်ရှိအချိန်အထိ ပြန်မပေးသေးပါဘူး။
ဒါ့အပြင် အာဏာသိမ်းပြီးကတည်းက သစ်ထုတ်လုပ်တာတွေ၊ သတ္တုတူးဖော်တာတွေ ပိုများလာခဲ့ပါတယ်။ တန်ဖိုးကြီးတဲ့ ကျောက်စိမ်း၊ ရှားပါးသတ္တုတွေ၊ သစ်တုံးတွေ၊ ရွှေတွေကို အမြတ်ထုတ်နေကြတာပါ။ ဒီလို စည်းမျဉ်းစည်းကမ်းမရှိဘဲ နိုင်ငံအနှံ့အပြား သယံဇာတတွေကို ထုတ်ယူနေတာတွေက သဘာဝပတ်ဝန်းကျင်ကို ပိုပျက်စီး ညစ်ညမ်းစေပြီး မြေဆီလွှာတွေ ယိုယွင်းလာစေပါတယ်။ လူတွေရဲ့ ရာသီဥတုဘေးအန္တရာယ်ကို ခံနိုင်ရည်ရှိမှုကို ပိုအားနည်းစေတာလည်း ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ပြောရရင် ရာသီဥတုကြောင့်ဖြစ်လာတဲ့ လုံခြုံရေးအန္တရာယ်တချို့က မြန်မာ့အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကိုပါ သက်ရောက်နိုင်တယ်။ မြန်မာနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်တာတွေက အဓိကအားဖြင့် နိုင်ငံရေးနဲ့ စီးပွားရေးကြောင့်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ပိုဆိုးလာပါတယ်။
အာဏာသိမ်းပြီးကတည်းက အသက်မွေးဝမ်းကျောင်းမှု အခြေအနေတွေ ကျဆင်းလာခဲ့သလို စီးပွားရေးအခြေအနေတွေ ပိုဆိုးလာပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံက လူငယ်တွေဟာ အခွင့်အလမ်းတွေရှာဖို့ ပြည်ပကို ရွှေ့ပြောင်းဖို့ ကြိုးစားနေကြပါတယ်။ စိုက်ပျိုးရေးအပေါ် ရာသီဥတုရဲ့ ဆိုးကျိုးသက်ရောက်မှုဟာ အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်အကိုင်ရှာဖွေနေတဲ့ နယ်တွေက လူငယ်တွေအတွက် စီးပွားရေး ရွှေ့ပြောင်းမှုရဲ့ အဓိက တွန်းအားတခုပါပဲ။
ထိုင်းနိုင်ငံမှာ လက်ရှိ မြန်မာနိုင်ငံက ခွင့်ပြုချက်နဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ ဒသမ ၅ သန်းလောက် ရှိပြီး ဒီအရေအတွက်က ပိုများလာမယ်လို့ ခန့်မှန်းရပါတယ်။ ဒီရွှေ့ပြောင်းလုပ်သားတချို့မှာ တရားဝင်စာရွက်စာတမ်းတွေ ရှိပေမဲ့ အများစုမှာတော့ တရားဝင် မဟုတ်ကြပါဘူး။
မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ ကျားဖြန့်လို အွန်လိုင်းနဲ့ ဖုန်းလိမ်လည်မှုလုပ်ငန်းတွေ ပိုများလာတာက လူကုန်ကူးမှု၊ တရားမဝင်ကုန်သွယ်မှုတွေနဲ့ ပိုကြီးမားတဲ့ လုံခြုံရေးအန္တရာယ်ကို ဖြစ်ပေါ်စေတယ်လို့ အရှေ့အလယ်ပိုင်း၊ အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်အတွင်းရေးမှူးချုပ် ခါလစ်ခီအာရီက ပြောခဲ့ဖူးပါတယ်။ ဒီပြဿနာတွေက ဒေသတွင်းပြဿနာအဖြစ် ကြီးထွားလာနိုင်ပြီး လုံခြုံမှုအားနည်းတဲ့ နယ်စပ်ဒေသတွေကို မတည်မငြိမ်ဖြစ်စေမယ့် အန္တရာယ်ကိုပါ ဖြစ်ပေါ်စေလာနိုင်ပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုနဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ တပြိုင်နက်တည်း စိန်ခေါ်မှုတွေကို ရင်ဆိုင်နေခဲ့ရတာကြောင့် ဒေသန္တရအဆင့် နိုင်ငံအဆင့်နဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ သက်ရောက်မှုတွေပါ ရှိလာပါတယ်။ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့က အဆင့်အားလုံးမှာ ညှိနှိုင်းပြီး စဉ်ဆက်မပြတ် ကြိုးပမ်းမှုတွေ လိုအပ်ပါတယ်။
နေ့စဉ်အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်နေရတဲ့ ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းနဲ့ ရပ်ရွာလူထု အဖွဲ့အစည်းတွေက မြေပြင်မှာ ရာသီဥတုခံနိုင်ရည်ရှိအောင် တည်ဆောက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကြပါတယ်။ အရပ်ဘက်နဲ့ လူထုအခြေပြုအဖွဲ့တွေရဲ့ အရေးပါမှုက ရပ်ရွာအဆင့်မှာ ဂေဟစနစ်၊ လူမှုစီးပွားရေးနဲ့ ရပ်ရွာအတွင်း လှုပ်ရှားမှုတွေအတွက် ရပ်ရွာလူထုကို စည်းရုံးနိုင်စွမ်း ရှိကြပါတယ်။
စစ်ဘေးဒဏ်သင့်နေတဲ့ ချင်းပြည်နယ်မှာ အသေးစား ရေအားလျှပ်စစ်စက်ရုံတွေ တပ်ဆင်တာက ဒေသခံလူထုက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို တိုးချဲ့ဖို့ ကြိုးပမ်းမှုရဲ့ ဥပမာတခုပါပဲ။
ဒီလိုကြိုးပမ်းမှုက ရွာသားတွေက မီးသွေးကို အားကိုးမယ့်အစား လျှပ်စစ်မီးဖိုတွေကို သုံးနိုင်တာကြောင့် သစ်တောပြုန်းတီးမှုကို တိုက်ဖျက်ရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှာ ရာသီဥတုခံနိုင်ရည်ကို မြှင့်တင်ဖို့အတွက်ဆိုရင် နိုင်ငံတကာနဲ့ ပြည်တွင်း အဖွဲ့အစည်းတွေရဲ့ ဒီဒေသခံအဖွဲ့အစည်းတွေကို ထောက်ပံ့ပေးတာက ပိုအရေးကြီးတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ (ASEAN) ကလည်း ရာသီဥတုနဲ့ ဆက်နွှယ်တဲ့ လုံခြုံရေးအန္တရာယ်တွေကို လျှော့ချရာမှာ ဒီအကျပ်အတည်းဒဏ်ခံနေရတဲ့ နိုင်ငံကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကနေ ရာသီဥတုခံနိုင်ရည် တည်ဆောက်မှုမှာ ထောက်ပံ့ဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သင့်ပါတယ်။ မြန်မာနိုင်ငံနဲ့ အာဆီယံ ASEAN ရဲ့ ဆက်ဆံရေးက စိန်ခေါ်မှုတွေ ရှိနေပေမဲ့ အာဆီယံ ASEAN က ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။
စစ်အစိုးရနဲ့ ဗျူဟာကျကျ ဆက်ဆံရာမှာ ညှိနှိုင်းထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ တခြား နိုင်ငံတကာနည်းလမ်းတွေကို သုံးပြီး အထူးကိုယ်စားလှယ်က နိုင်ငံတကာအသိုက်အဝန်းကို ဦးဆောင်နိုင်မယ်ဆိုရင် စစ်အုပ်စုရဲ့ အပြုအမူတွေကို လွှမ်းမိုးနိုင်ပါလိမ့်မယ်။
တချိန်တည်းမှာပဲ အာဆီယံ ASEAN အထူးကိုယ်စားလှယ်တွေက စစ်အုပ်စုကို ခုခံတော်လှန်နေတဲ့ အဖွဲ့တွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ ပြုလုပ်နိုင်ပြီး စစ်ကောင်စီ မထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာ လက်တွေ့ကျကျ ဆန်းသစ်တဲ့ နည်းလမ်းတွေ သုံးမယ်ဆိုရင် ဒေသခံလူထုအတွက် အထောက်အပံ့တွေရဖို့ လွယ်ကူချောမွေ့စေနိုင်ပါတယ်။
ရာသီဥတုနဲ့ ဆက်နွှယ်တဲ့ ဘေးအန္တရာယ်တွေကြားမှာ အရပ်သားတွေကို တိုက်ခိုက်နေမှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် လုံခြုံတဲ့ လမ်းကြောင်းကို သေချာစေဖို့ အာဆီယံ ASEAN ရဲ့ ဦးဆောင်မှုက အလွန်လိုအပ်လှပါတယ်။ ဒီလိုမှ မလုပ်နိုင်ရင်တော့ ထိခိုက်ခံနေရတဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ အနာဂတ်အပြင် အရှေ့တောင်အာရှရဲ့ ဒေသတွင်း တည်ငြိမ်မှုအပေါ်မှာလည်း ရေရှည်သက်ရောက်မှုတွေ ရှိလာနိုင်ပါတော့တယ်။
Kyungmee Kim
ဘာသာပြန်- ယမင်း၊ ဝေယံဦးကြည်
Ref: Georgetown University