Home
ဆောင်းပါး
မြန်မာ့ဒီမိုကရေစီတပ်တွေ ဘာကြောင့် အောင်လံလွှင့်ထူနိုင်သလဲ
DVB
·
December 26, 2024
Design-DVB

မြန်မာ့လက်နက်ကိုင်ပဋိပက္ခမှာ ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေးဘက်တော်သားတွေကပဲ အကျင့်ပျက်စစ်တပ်ကို အနိုင်ယူသွားမှာဖြစ်တယ်လို့ ဒေမွန်ဝီလ်ဆင်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက တထစ်ချ ပြောဆိုခဲ့ပါတယ်။ ညှိနှိုင်းပေါင်းစပ် တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နိုင်ငံတဝန်း စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေဟာ ၄၀ ရာခိုင်နှုန်းအောက်သာ ကျန်ရှိတော့တဲ့အထိ ဘောင်ကျဉ်းလာခဲ့ပါတယ်။ ဒီမိုကရေစီအရေးတော်ပုံဟာ အောင်ကိုအောင်ရမယ်ဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ပြတ်သားတဲ့ ယုံကြည်ချက်တွေဟာ ပြည်တွင်းစစ် စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၃ နှစ်ကထက် ပိုမို ခိုင်မာအားကောင်းလာတာကို မြင်တွေ့ခဲ့ရတယ်လို့ ဒေမွန်က ပြောပါတယ်။ ဒေမွန် ဝီလ်ဆင်ဟာ ကမ္ဘာတဝန်း ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ထောက်ခံအားပေးနေတဲ့ အကျိုးအမြတ်မယူတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတခုဖြစ်တဲ့ National Endowment for Democracy ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ ဥက္ကဋ္ဌဖြစ်ပြီး မကြာသေးခင်က ထိုင်း-မြန်မာနယ်စပ်ကို သွားရောက်ကာ နွေဦးတော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကို ပိုင်းခြားထားရာ သောင်ရင်းမြစ်နဲ့ မလှမ်းမကမ်းတနေရာမှာ ထိုင်ရင်း ဒေမွန်ဟာ အသက် ၂၀ အရွယ် တော်လှန်ရေးစစ်သမီးတယောက်နဲ့ စကားစမြည် ပြောခဲ့ပါတယ်။ စစ်အာဏာသိမ်းချိန်မှာ ဒီမိန်းကလေးဟာ ရဲအရာရှိတဦးအနေနဲ့ တာဝန်ထမ်းနေပြီး နိုင်ငံရေးကိစ္စတွေနဲ့ ခပ်ကင်းကင်းနေခဲ့သူပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကိုယ့်ပြည်သူတွေအပေါ် ပြန်ဖိနှိပ်ဖို့ သူဟာ အသုံးချခံနေရတယ်ဆိုတာ သိမြင်နားလည်လာတဲ့အတွက် အာဏာသိမ်းပြီး မကြာခင်မှာပဲ တော်လှန်ရေးဘက်ကို ကူးပြောင်းလာခဲ့ပြီးတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားဖို့ သန္နိဋ္ဌာန်ချထားသူတဦး ဖြစ်ပါတယ်။ ဒါဟာ သူနဲ့တွေ့ဆုံခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တိုင်းရဲ့ ဘုံသဘောထားတခုဖြစ်ပြီး ခိုင်မာပြတ်သားတဲ့ စိတ်ပိုင်းဖြတ်မှုတွေကို သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရတယ်လို့ ဒေမွန်က ဆိုပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲမှာ စစ်ကောင်စီဟာ သူ့စစ်တပ်ရဲ့ အားနည်းပြိုလဲလာမှုကို ထုတ်ဖော်ဝန်ခံရတဲ့ အနေအထားအထိ မရောက်သေးသမျှ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရလာမှာ မဟုတ်ဘူးဆိုတာ သူတို့တတွေ သိရှိထားပါတယ်။ ဒီမိုကရက်တစ် မဟာမိတ်တပ်တွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်သွားရေး စိတ်အားထက်သန်မှုဟာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ စည်းလုံးညီညွတ်မှုကို အဓွန့်ရှည်တည်တံ့စေမယ့် တခုတည်းသော လမ်းကြောင်းဖြစ်ပါတယ်။ နောက်ပြီး အာဏာကို အလွဲသုံးစားလုပ်၊ တိုင်းပြည်ဘဏ္ဍာ ခိုးနေတဲ့ လူမဆန်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လိုမျိုး အာဏာရှင်တွေ ကင်းစင်ပြီး ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်တပ်မတော် ပေါ်ထွက်လာရေးဟာလည်း PDF ရဲဘော်တွေရဲ့ မျှော်မှန်းချက်တခု ဖြစ်ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ ပြည်သူတွေအပေါ် နိုင်လိုမင်းထက် ဆက်လက် အကြမ်းဖက်နေပေမဲ့ ထိခိုက်လွယ်တဲ့ အနေအထားကို ရောက်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဖြတ်သန်းခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခရီးလမ်းရဲ့ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းအရ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေဟာ မြန်မာ့ပဋိပက္ခမှာ တိုက်ရိုက် ပါဝင်ပတ်သက်ဖို့ သတိထား ဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။

မြန်မာ့အရေးမှာ ဒီမိုကရေစီအင်အားစုတွေကို ထောက်ပံ့ပေးမှုတွေ ပိုမိုပေးအပ်ပြီး စစ်ကောင်စီအပေါ် ဖိအားပေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်မှုကသာ တရားနည်းလမ်းကျကျ ညှိနှိုင်းဆွေးနွေး အဖြေရှာလို့ရမယ့် အခြေအနေတွေ ဖန်တီးသွားနိုင်မှာ ဖြစ်ပါတယ်။

မြန်မာ့ပဋိပက္ခရဲ့ ရှုပ်ထွေးမှုသဘောသဘာဝအရ နိုင်ငံတကာအသိုက်အဝန်းရဲ့ အထူးသတိပြု ချဉ်းကပ်မှုကို နားလည်လို့ရနိုင်ပေမဲ့ တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုဟာ ပိုမိုကြီးထွားလာမှာ ဖြစ်ပါတယ်။ တရုတ်ကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသလို မြန်မာနိုင်ငံ ဖရိုဖရဲနဲ့ ပြိုကွဲပြီး တရုတ်အပေါ် မှီခိုအားကိုးနေရမှုကသာ သူ့အကျိုးစီးပွားတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ ရှုမြင်ထားသလို မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှဒေသတို့မှာ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဟန့်တားသွားနိုင်လိမ့်မယ်လို့ တွက်ဆထားပုံရပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပြည်သူလူထုရဲ့ ဒီမိုကရေစီအရေး တောင်းဆိုမှုတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဒဏ်ကို ဆယ်စုနှစ်များစွာကြာ ခါးစည်းခံခဲ့ရတဲ့ မတူကွဲပြားမှုစုံလင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ ဒီမိုကရေစီခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့မှုက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လမ်းပွင့်သွားစေခဲ့ပြီး မြန်မာပြည်သူတွေဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရဲ့ အရသာကို မြည်းစမ်းခွင့်ရခဲ့ကာ နိုင်ငံတကာရဲ့ အပစ်ပယ်ခံ အထီးကျန်နိုင်ငံဘဝကနေလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း စစ်တပ်က စိတ်တိုင်းကျ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စစ်တပ်ရဲ့ ကဖျက်ယဖျက် လုပ်ရပ်တွေကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ ပြည်သူတွေ မျှော်လင့်ထားသလောက် ခရီးမပေါက်ခဲ့ပါဘူး။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုတွေနဲ့ ရိုဟင်ဂျာ မူစလင်တွေအပေါ် စစ်တပ်ရဲ့ ဆယ်စုနှစ်များစွာကြာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိအောင် အရပ်သားအစိုးရအနေနဲ့ လုပ်ကိုင်နိုင်ခြင်းမရှိမှုကို အခွင့်ကောင်းယူပြီး  စစ်ဗိုလ်ချုပ်တွေဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့အထိ အတင့်ရဲလာခဲ့ပါတယ်။

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်အတွင်းမှာလည်း စစ်တပ်ဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေအပြင် တိုင်းရင်းသား လူနည်းစုတွေနဲ့ ပြည်သူလူထုတရပ်လုံးကိုပါ အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကာ လူပေါင်း ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒါပေမဲ့လည်း စစ်တပ်ဟာ ပြီးခဲ့တဲ့ တနှစ်အတွင်းမှာပဲ နယ်မြေနဲ့ တပ်စခန်းပေါင်း အမြောက်အမြားကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး နိုင်ငံရေးပြဿနာတွေနဲ့ပါ ရင်ဆိုင်လာခဲ့ရပါတယ်။ ဆောက်တည်မရ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာခဲ့ရတဲ့ စစ်တပ်ဟာ စစ်မှုထမ်းဥပဒေကို ကြေညာခဲ့ပြီး လူငယ်လူရွယ်တွေကို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခဲ့ပါတယ်။

တဖက်မှာတော့ တိုင်းပြည်တည်ငြိမ်ရေးကို ထောက်ပံ့ပေးနိုင်တာ စစ်တပ်ပဲရှိတယ်လို့  မြို့ပြဒေသတွေလောက်သာ ထိန်းချုပ်ထားနိုင်တော့တဲ့ စစ်တပ်က ယုံတမ်းစကားတွေ ပြောနေပေမဲ့ တကယ့်လက်တွေ့ အမှန်တရားကတော့ တိုင်းပြည်ကို စစ်တပ်က အုပ်ချုပ်ဖို့ ကြိုးစားနေသမျှ ကာလပတ်လုံး ပြည်သူတွေဟာ ကြောက်မက်ဖွယ် စစ်ရဲ့ အနိဌာရုံတွေနဲ့ ဆက်ပြီး ကြုံဆုံနေကြရဦးမယ် ဆိုတာပါပဲ။

မြို့ပြတွေမှာပင် ပြည်သူတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လုပ်ဆောင်ချက်တွေကြောင့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားဟာ ယိုင်နဲ့လာလျက် ရှိနေပါတယ်။ စစ်ကောင်စီအတွက် ဆုံးရှုံးနယ်မြေတွေကို ပြန်လည်ရယူနိုင်ရေး တခုတည်းသော နည်းလမ်းကတော့ ရုရှားနဲ့ တရုတ်တို့ဆီက ထောက်ပံ့မှုတွေ အလုံအလောက် ပိုမိုရရှိဖို့ ဖြစ်ပါတယ်။ ဒါမှသာ ဆီးရီးယားမှာ သမ္မတဟောင်း ဘာရှား အယ်လ်-အာဆတ် လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်အတိုင်း ရုရှားနဲ့ တရုတ်တို့ရဲ့ စစ်ရေးအကူအညီနဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် ပြန်လည် ထိုးစစ်ဆင်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က ဒီလိုနည်းလမ်းနဲ့ ချဉ်းကပ်လာခဲ့မယ်ဆိုရင် တော်လှန်ရေးတပ်တွေရဲ့ နာကြည်းချက်တွေကိုပဲ ထပ်ဆွပေးသလို ဖြစ်စေနိုင်ပြီး တိုင်းပြည် အပျက်ကိန်းဆိုက်ကာ ပြည်တွင်းစစ်ဟာလည်း သက်ဆိုးရှည်လာနိုင်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်မှတော့ နိုင်ငံအနှံ့အပြားမှာ လွတ်မြောက်နယ်မြေတွေ ပိုင်ဆိုင်လာခဲ့ပြီး ဒေသခံ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည်းဆည်းပေးနိုင်ဖို့အတွက် ဒီမိုကရေစီနည်းကျ ဒေသန္တရအုပ်ချုပ်ရေးတွေ ဖော်ဆောင်ထားပါတယ်။ အခုအခါမှာ ဒီမိုကရေစီ အင်အားစုတွေဟာ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ အုပ်ချုပ်ရေးရုံးတွေကို နိုင်ငံရဲ့ နေရာအများစုမှာ တည်ဆောက်ထားပြီး အရေးပါတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို လည်ပတ်နေပြီ ဖြစ်ပါတယ်။ ဒါတွေဟာ အာဏာရှင်ဆန်တဲ့ လုပ်ရပ်မှန်သမျှ အဆုံးသတ်ရေး၊ တိုင်းရင်းသား ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အနာဂတ် ဘုံရည်မှန်းချက်အတွက် လေ့ကျင့်ရေးကွင်းတွေ တနည်းအားဖြင့် ဖက်ဒရယ် အခြေခံအုတ်မြစ်အတွက် ရှေ့ပြေး ဆောင်ရွက်ချက်တွေလည်း ဖြစ်ပါတယ်။

နောက်ပြီး ဒါဟာ ဒီမိုကရေစီဘက်တော်သားတွေအနေနဲ့ အနာဂတ် ဖက်ဒရယ်တိုင်းပြည်အတွက် သူတို့ရဲ့ အဆင်သင့်ဖြစ်မှုကို ဖော်ပြနေသလို တိုင်းပြည်ရဲ့ မတူကွဲပြားမှုတွေကို အသိအမှတ်ပြုတာဟာ တည်ငြိမ်မှု ပျက်ပြားစေပြီး တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲစေနိုင်တယ်ဆိုတဲ့ စစ်တပ်ရဲ့ လက်သုံးစကားတွေကို ဖယ်ရှားကာ အလုပ်နဲ့ လက်တွေ့ သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။ တကယ်တော့ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေး မဟာမိတ်တပ်တွေကသာ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေးကို ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းက ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီတပ်ဖွဲ့တွေရဲ့ ဒေသန္တရ အုပ်ချုပ်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ခြင်းအားဖြင့်လည်း ကူညီထောက်ပံ့မှုတွေ တိုးမြှင့်ပေးအပ်သွားလို့ ရနိုင်ပါတယ်။ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ကွန်ဂရက်စ်ကို တိုက်တွန်းထားသလို ဒီမိုကရေစီတပ်ဖွဲ့တွေရဲ့ အုပ်ချုပ်ရေးယန္တရားတွေအပေါ် အများလက်ခံ ယုံကြည်မှုကို မြှင့်တင်ရာမှာ အကူအညီဖြစ်စေဖို့အတွက် အစားအစာနဲ့ ဆေးဝါးလို အထောက်အပံ့တွေကို တော်လှန်ရေးအဖွဲ့တွေထံကိုပဲ တိုက်ရိုက်ပေးအပ်နေတာ ဖြစ်ပါတယ်။ ဒါမှသာ လူသားချင်းစာနာမှု အကူအညီတွေကို အသုံးချပြီး စစ်တပ်က ပြည်သူတွေအပေါ် ခြယ်လှယ်မှုတွေ လုပ်ဆောင်မှုကနေလည်း ကင်းဝေးစေမှာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရုရှားနဲ့ တရုတ်တို့ရဲ့ အကူအညီနဲ့ တောင့်ခံထားပေမဲ့ အားအင်ချည့်နဲ့နေတဲ့ အခြေအနေကို ရောက်နေပြီလို့ ဆိုကောင်း ဆိုနိုင်ပါတယ်။ စစ်ခေါင်းဆောင်တွေကတော့ လက်နက်တွေ ပြန်လည်ဖြည့်တင်းပြီး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေအကြား သပ်လျှိုသွေးခွဲမှုတွေ လုပ်နိုင်မယ်ဆိုရင် ဆုံးရှုံးနယ်မြေတွေကို ပြန်လည်သိမ်းပိုက်ပြီး တော်လှန်ရေးတပ်တွေကို ချေမှုန်းနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့်ပဲ စစ်တပ်ဟာ အပစ်အခတ်ရပ်စဲသွားဖို့၊ ဆွေးနွေးညှိနှိုင်းပြီး အပေးအယူလုပ်သွားဖို့ ဒါမှမဟုတ် တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပြည်သူတွေရဲ့ သဘောထားဆန္ဒနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲကျင်းပပြီး ပဋိပက္ခကို အဖြေရှာသွားဖို့ ကမ်းလှမ်းတာမျိုး မရှိသေးတာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ စစ်တပ်ရဲ့ စစ်ရေးရိက္ခာ လမ်းကြောင်းတွေဖြစ်တဲ့ လက်နက်၊ လေယာဉ်ဆီ၊ ငွေကြေး၊ နည်းပညာ စတဲ့ လက်နက်ထောက်ပံ့ရေး ကွင်းဆက်ကို အားလျော့အောင် ဖြတ်တောက်နိုင်မယ်ဆိုရင် နိုင်ငံရေးအရ ပြေငြိမ်းဖို့ စစ်တပ်ကို သိမ်းသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးရှေ့လုပ်ငန်းစဉ်တွေမှာ စစ်တပ်က ဘေးထွက်နေဖို့နဲ့ အတိုက်အခံအဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ တန်းတူရည်တူ ထိတွေ့ဆက်ဆံသွားဖို့ စစ်တပ်အပေါ် ဖိအားပေးနိုင်မှသာ အနာဂတ်ဆွေးနွေးပွဲတွေဟာ အကျိုးဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ ဒါဟာ  ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းရေးကို ပြန်လည်ထိန်းသိမ်းနိုင်မယ့် အကောင်းဆုံးနည်းလမ်း ဖြစ်တဲ့အတွက် အမေရိကန်နဲ့ မိတ်ဖက် အာဆီယံနိုင်ငံတွေအနေနဲ့ ဒီနည်းလမ်းအတိုင်း ချဉ်းကပ်သွားသင့်ပါတယ်။

ဒီကိစ္စမှာ အမေရိကန်တနိုင်ငံတည်း တဖက်သတ် ချဉ်းကပ်သွားလို့ မရနိုင်တဲ့အတွက် ၂၀၂၅ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ့် မလေးရှားနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ပ်တို့လို တတိယအုပ်စုက အတူတကွဦးဆောင်ပြီး နိုင်ငံပေါင်းစုံပါဝင်တဲ့ မြန်မာ့အရေး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်မယ်ဆိုရင် အောင်မြင်မှု အလားအလာဟာ ပိုမိုကြီးမားလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ရေးနဲ့ ဆွေးနွေးပွဲမှာ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်ရေး စတဲ့ အခြေအနေမှန်တွေ အရင်ဆုံး ရရှိအောင် အသေအချာ အလေးထား ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ထိုက်သင့်တဲ့ အခြေအနေမှန်တွေမရှိဘဲ ဆွေးနွေးပွဲတွေကို အလောတကြီး လုပ်ဆောင်မယ်ဆိုရင် ဘာပြဿနာမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ နိုင်ငံရဲ့ တခြားတဖက်မှာ စစ်ဖြစ်နေချိန် စစ်ကောင်စီဟာ သူထိန်းချုပ်ထားတဲ့ နေရာလေးမှာပဲ ကွက်ပြီး အတုအယောင် ရွေးကောက်ပွဲကို ပြုလုပ်သွားနိုင်ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းရဲ့ ခိုင်မာအားကောင်းတဲ့ စုပေါင်ခေါင်းဆောင်မှုတွေဟာ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကနေ မြန်မာနိုင်ငံ ပြန်လည်ငြိမ်းချမ်းအောင် တည့်မတ်ပေးနိုင်မယ့်အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အရင်ကကြုံခဲ့ရတဲ့ အမှားမျိုးတွေကို ရှောင်ရှားနိုင်မယ့် အခြေအနေမှန်တွေ ဖန်းတီးပေးသွားနိုင်ပါတယ်။ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကိုတော့ ဒီမိုကရေစီနည်းကျ မြန်မာပြည်သူလူထုရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ ပြည်တွင်း နိုင်ငံရေးခေါင်းဆောင်တွေကပဲ ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒါဟာ ဒေမွန်နဲ့ တွေ့ဆုံခဲ့တဲ့ ရဲဘော်တွေလို ယုံကြည်ချက် တည်ကြည်ပြတ်သားတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ထောက်ခံအားပေးရာရောက်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တဲ့အပြင် လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာပြည်သူတွေ ကြုံတွေ့ခံစားခဲ့ရတဲ့ လက်နက်ကိုင်အကြမ်းဖက်မှု အဆိုးသံသရာကနေလည်း ရုန်းထွက်နိုင်မယ့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါတင်မက ပြည်တွင်းစစ် ရှည်ကြာမှုကြောင့် တိုင်းပြည် ပြိုကွဲပျက်စီးနိုင်တဲ့ အခြေအနေကိုလည်း ကာကွယ်တားဆီးနိုင်မယ့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

ဒေမွန်ဝီလ်ဆင်

ဘာသာပြန်- ရာစုသစ်

Ref:  Journal of Democracy(ဒီမိုကရေစီဂျာနယ်တွင် ဆောင်းပါးရှင် Damon Wilson ရေးသားထားသည့် “Why Burma’s Democratic Forces Are Winning” ဆောင်းပါးကို ဘာသာပြန်ဆို‌ဖော်ပြသည်။ Damon Wilson သည် ကမ္ဘာတဝန်း ဒီမိုကရေစီရေးလှုပ်ရှားသည့် အဖွဲ့အစည်းများ ခိုင်မာအားကောင်းလာစေရန် ကူညီထောက်ပံ့နေသည့် အမေရိကန်အခြေစိုက် National Endowment for Democracy (NDE) အဖွဲ့၏ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024