Home
ဆောင်းပါး
အာဆတ်ကံကြမ္မာက စစ်အာဏာရှင် မင်းအောင်လှိုင်ကို ချောက်ချားစေ 
DVB
·
December 19, 2024

ပြီးခဲ့တဲ့သီတင်းပတ်က ဆီးရီးယားမှာ ကြုံတွေ့ခဲ့ရတဲ့ သမ္မတ ဘာရှားအယ်လ်-အာဆတ်ရဲ့ ဖြစ်ရပ်ကိုကြည့်ပြီး နေပြည်တော်က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်လည်း အလားတူ ဇာတ်သိမ်းမျိုးနဲ့ ပက်ပင်းတိုးရနိုင်တယ်ဆိုတဲ့ ထင်မြင်သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

နှစ်ပေါင်း ၅၅ နှစ်ကြာ အခိုင်အမာ တည်ဆောက်ခဲ့ပြီး ရုရှားလို ပြည်ပအင်အားကြီးနိုင်ငံတွေရဲ့ ဝန်းရံမှုတွေရှိခဲ့တဲ့ အာဆတ်မိသားစု အင်ပါယာဟာလည်း ဖဲချပ်တွေနဲ့ အထပ်ထပ် တည်ဆောက်ထားတဲ့ အိမ်တလုံးလိုပဲ ဘာကြောင့် ပြိုကျ ပျက်စီးခဲ့ရသလဲဆိုတာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် မှတ်သား ဆင်ခြင်ဖွယ်ရာ ဖြစ်ပါတယ်။

မြန်မာနဲ့ ဆီးရီးယားနိုင်ငံတို့မှာ နောက်ခံသမိုင်းကြောင်းတွေနဲ့ နိုင်ငံရေးအခင်းအကျင်း အခြေအနေချင်း မတူညီပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆတ်တို့ကြားမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည် လွန်ကဲမှု၊ အာဏာကို ဆုပ်ကိုင်ထားလိုမှု၊ ထင်ယောင်ထင်မှားတွေနဲ့ အမှားမှားအယွင်းယွင်းတွေ လုပ်ကိုင်ပြောဆိုမှု စတဲ့အချက်တွေကတော့ တူညီနေပါတယ်။ မစ္စတာအာဆတ် အနေနဲ့ ဒီမိုကရေစီနည်းကျ နိုင်ငံကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အချိန် ၂၅ နှစ်ကြာ ရခဲ့ပေမဲ့ အတိုက်အခံတွေနဲ့ လူနည်းစုတွေအပေါ်မှာ ဖိနှိပ်မှုတွေ လုပ်ဆောင်ရင်းနဲ့ပဲ အာဏာရှင်လမ်းစဉ်နောက်ကို လိုက်ခဲ့ပါတယ်။ သူ့ရဲ့ကျဆုံးမှုဟာ တိုင်းပြည်မှာ ပြောင်းလဲလာတဲ့ ပကတိအခြေအနေတွေနဲ့ ပြည်သူတွေရဲ့ သဘောထားအမှန်ကို လက်မခံလိုတဲ့ အာဏာရှင် ခေါင်းဆောင်တိုင်းအတွက် သင်ခန်းစာယူစရာလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ဟာ မစ္စတာအာဆတ် ဆီးရီးယား ပြည်သူတွေအပေါ် လုပ်ဆောင်ခဲ့သလိုမျိုး မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ ဖိနှိပ်ခဲ့တာကြောင့် မြန်မာ့အရေးဟာ ကမ္ဘာ့သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူထားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေကြားမှာတော့ မှန်ကန်တဲ့ ပထဝီနိုင်ငံရေးအခြေအနေတွေ ရှိလာမယ်ဆိုရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာလည်း အာဆတ်လိုပဲ ပြုတ်ကျသွားနိုင်တယ်လို့ ထင်ကြေးပေး ပြောဆိုမှုတွေ ရှိနေပါတယ်။ သူတို့အနေနဲ့ အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းဆီကနေ အကူအညီတွေ ပိုမိုရရှိဖို့နဲ့ စစ်ရေးအရာမှာလည်း အဆုံးအဖြတ်ပေးနိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိဖို့ မျှော်လင့်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ၁၀၂၇ စစ်ဆင်ရေးကို စတင် ဖော်ဆောင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံရဲ့ နယ်မြေထက်ဝက်ကျော်ကို တော်လှန်ရေးအဖွဲ့တွေဘက်က သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

လာမယ့်လတွေအတွင်း မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ကြိုးပမ်း ဆောင်ရွက်မှုတွေဟာ မြန်မာ့ပဋိပက္ခကို ပုံဖော်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ ရပ်တည်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ် သက်ရောက်စေနိုင်ပြီး နိုင်ငံတကာကလည်း အနီးကပ် စောင့်ကြည့်သွားနိုင်ပါတယ်။ ပထဝီအနေအထားအရ မြန်မာနိုင်ငံနဲ့ မိုင်ထောင်ချီဝေးနေပေမဲ့ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့ ရုရှားနဲ့ အမေရိကန်တို့ဟာလည်း မြန်မာ့အရေးမှာ အရေးကြီးတဲ့ ဇာတ်ကောင်တွေ ဖြစ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်အနေနဲ့ လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ပါ အချက်တွေကို လိုက်နာပြီးတော့ စစ်မှန်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်မယ်ဆိုရင် ဆီးရီးယားသမ္မတဟောင်း အာဆတ်ရဲ့ ကံကြမ္မာမျိုးကို ရှောင်လွှဲလို့ရနိုင်ပါတယ်။ နောက်ဆုံး အခွင့်အရေးတံခါး မပိတ်ခင်မှာ 5 PC ကို လိုက်နာမလား ဆိုတာကတော့ စစ်ကောင်စီအပေါ်မှာပဲ မူတည်နေပါတယ်။

ဘန်ကောက်အခြေစိုက် မူဝါဒရေးရာ သုတေသနအကြံပေးအဖွဲ့ဖြစ်တဲ့ (CSP) ကတော့ မြန်မာ-ထိုင်း ဆက်ဆံရေး တဆစ်ချိုးကာလလို့ အမည်ရတဲ့ ထုတ်ပြန်ချက်တစောင်ကို မကြာသေးခင်က ထုတ်ပြန်ခဲ့ပြီး ထိုင်းအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရပ်တည်ချက်တွေနဲ့ ရှင်းလင်းပြတ်သားတဲ့ မူဝါဒတွေ မရှိမှုအပေါ် ဝေဖန် ထောက်ပြထားပါတယ်။

ထိုင်းအစိုးရဟာ နိုင်ငံရဲ့ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားရေး မူဝါဒတွေနဲ့အညီ မြန်မာ့အရေးမှာ မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းတခုကို ထူထောင်သွားရမှာ ဖြစ်တယ်လို့ CSP က အကြံပြုထားပါတယ်။ မြန်မာ့အကျပ်အတည်းဟာ အာဆီယံအဖွဲ့အတွင်း ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ ရှုပ်ထွေးလှတဲ့ ဒေသတွင်းနိုင်ငံရေး အခင်းအကျင်းမှာ ထိုင်းနိုင်ငံရဲ့ ပဲ့ကိုင်ထိန်းကျောင်းနိုင်စွမ်းအပေါ် စမ်းသပ်မှုတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့ပဋိပက္ခမှာ ပါဝင်နေတဲ့ သက်ဆိုင်သူအားလုံးနဲ့ ဆက်ဆံပြောဆိုနိုင်ခွင့်ရှိတဲ့ မြန်မာ့အရေးဆိုင်ရာ အာဆီယံ အထူးသံတမန်ကို ထောက်ခံအားပေးတာ၊ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ကို  လျှောက်လှမ်းနိုင်အောင် အိမ်နီးချင်းနိုင်ငံတွေကို တိုက်တွန်းတာ၊ လူသားချင်းစာနာမှု အကူအညီတွေကို ယာယီဒုက္ခသည်စခန်းတွေကိုပဲ အကန့်အသတ်နဲ့ ပေးနေတာထက် မြန်မာနိုင်ငံက စစ်ဘေးဒဏ်သင့်ကျေးရွာ အားလုံးအထိ တိုးမြှင့်ပေးအပ်တာ စတဲ့အချက်တွေ လုပ်ဆောင်ပြီး ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို အားသစ်လောင်းသွားဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို တွန်းအားပေး ဆောင်ရွက်သွားဖို့ အစီရင်ခံစာထဲမှာ အကြံပြု တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အခုသီတင်းပတ်အကုန် ဘန်ကောက်မှာ ကျင်းပသွားမယ့် မြန်မာ့အရေးဆိုင်ရာ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲမှာလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ၃ နိုင်ငံအပြင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံရဲ့ ဆွေးနွေးဖက်နိုင်ငံတွေ၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးသွားသင့်ပြီး အရှေ့တောင်အာရှဒေသ ငြိမ်းချမ်းရေးနဲ့ မြန်မာ့အရေး အဖြေရှာနိုင်ရေးမှာ ထိုင်းနိုင်ငံဟာ အဓိက အရေးပါတဲ့နိုင်ငံအနေနဲ့ ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းလည်း CSP က အလေးပေး ပြောကြားထားပါတယ်။

အရင်အစိုးရတွေလိုပဲ လက်ရှိ ထိုင်းအစိုးရဟာလည်း မြန်မာ့အရေးနဲ့ပတ်သက်ရင် ပြတ်ပြတ်သားသား ရပ်တည်ဖို့ ခေါင်းရှောင်နေဆဲ ဖြစ်ပါတယ်။ ရှင်းလင်းပြတ်သားတဲ့ မူဝါဒတွေ ချမှတ်ထားခြင်းမရှိမှုဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံတော်မူဝါဒတွေကို အားနည်းစေသလို ယိုပေါက်တွေပြည့်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်တလျှောက် မြန်မာပြည်တွင်းစစ်ကနေ ထွက်ပြေးလာသူတွေနဲ့ တရားမဝင် ဝင်ရောက်မှုအရေး ကိုင်တွယ်ဖြေရှင်းနေရမှုတွေ အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိစေတယ်လို့ ဆိုပါတယ်။

မကြာသေးခင်က ရနောင်းကမ်းရိုးတန်းအလွန် နှစ်နိုင်ငံရေပြင်အစပ်နားမှာ ထိုင်းငါးဖမ်းသမား ၄ ဦး ဖမ်းဆီးခံခဲ့ရတဲ့ မတော်တဆမှုဟာ မူဝါဒတွေ အားနည်းမှုအတွက် ထောက်ပြစရာကိစ္စတခု ဖြစ်ပါတယ်။ တကယ်လို့သာ မြန်မာရေကြောင်းဥပဒေစိုးမိုးရေး တပ်ဖွဲ့တွေအနေနဲ့ ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်း ထိုင်းငါးဖမ်းလှေတွေကို  ငါးဖမ်းလိုင်စင်နဲ့ ရေထွက်ကုန် တင်ပို့မှုလိုင်စင် ရှိ မရှိ စစ်ဆေးအတည်ပြုတာမျိုး လုပ်ဆောင်ခဲ့မယ်ဆိုရင် အခုလိုမျိုး မတော်တဆမှု ဖြစ်ရပ်တွေကို အလွယ်တကူပဲ ရှောင်လွှဲလို့ရနိုင်မှာ ဖြစ်ပါတယ်။ အရင်က ကျင်းပခဲ့တဲ့ ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးတွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ကာလအတွင်း ရပ်နားထားခဲ့တဲ့ အထောက်အထားစိစစ်ရေး လုပ်ငန်းစဉ်ကို ပြန်လည်ကျင့်သုံးသွားဖို့ ထိုင်းဘက်က အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့လည်း စစ်ကောင်စီဘက်ကတော့ အရေးတယူလုပ်ခြင်း မရှိခဲ့ပါဘူး။  

အံ့ဩစရာကောင်းတာက ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ ပိုင်မြို့နယ်ထဲမှာ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ထိုင်းစစ်တပ်တို့ကြား နယ်မြေအငြင်းပွားတဲ့ အကြောင်းအရာတွေက တချိန်တည်းမှာပဲ လူမှုမီဒီယာမှာ ပျံ့နှံ့လာခဲ့ပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား တင်းမာမှုတွေကို ပိုမိုမြင့်တက်သွားစေခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ အားနည်းတဲ့ တုံ့ပြန်မှုတွေအ‌ပေါ် မီဒီယာတွေနဲ့ ပညာရှင်အချို့က ပြစ်တင်ဝေဖန်ခဲ့ကြပြီး ဒီဝေဖန်မှုတွေက နိုင်ငံရဲ့ လုံခြုံရေးယန္တရားကို လာမယ့်သီတင်းပတ်တွေ အတွင်းမှာ အပြောင်းအလဲတွေ လုပ်ဆောင်ရစေဖို့ တွန်းအားတွေ ဖြစ်လာနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ ၁,၆၄၃ ကီလိုမီတာ နယ်စပ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံဆိုရင် မြန်မာ့အကျပ်အတည်းမှာ ပုံစံအသစ်နဲ့ ချဉ်းကပ်လာခဲ့ပြီး စစ်တပ်နဲ့ရော အတိုက်အခံအဖွဲ့တွေနဲ့ပါ နှစ်ဖက်စလုံးနဲ့ ထိတွေ့ ဆက်ဆံလာခဲ့ပါတယ်။ အိန္ဒိယအနေနဲ့ နယ်စပ်တည်ငြိမ်ရေးအတွက် တင်းကျပ်တဲ့ နယ်စပ်ရေးရာ အစီအမံတွေ ချမှတ်သွားဖို့ ဆွေးနွေးနေတဲ့အပြင် မြန်မာ့ပဋိပက္ခမှာ ပါဝင်နေတဲ့ သက်ဆိုင်ရာအဖွဲ့အားလုံးနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းပြီး တွေ့ဆုံဆွေးနွေးမှုတွေ တိုးမြှင့်လုပ်ဆောင်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ချိန်ညှိသွားနိုင်ဖို့လည်း ဆန္ဒရှိနေပါတယ်။ အိန္ဒိယဟာ အာဆီယံ 5PC ကို ထောက်ခံတဲ့ အဓိကနိုင်ငံတနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ အဆုံးသတ်သွားဖို့လည်း တောင်းဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်း မြန်မာနိုင်ငံ မတည်ငြိမ်မှုရဲ့ဒဏ်ကို ခံနေရတဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ၂၀၁၇ ခုနှစ်ကစလို့ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းနေရပြီး ဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်မှုတွေ လျော့ကျလာတာကြောင့် ဒုက္ခသည်ပြဿနာဟာ ပိုမို ကြီးထွားလာခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒါကာအတွက် ဒုက္ခသည်အကျပ်အတည်းအပြင် နယ်စပ်လုံခြုံရေးအတွက်ပါ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့  မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အာဆီယံ 5PC ကို အစဉ်တစိုက် ထောက်ခံခဲ့ကာ မြန်မာ့ပဋိပက္ခကို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေ အဖြေရှာသွားဖို့ သက်ဆိုင်ရာအဖွဲ့အားလုံးကို တောင်းဆိုထားပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံမှာ စွမ်းအင်၊ သတ္တုတွင်းနဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးတွေ အပါအဝင် ကြီးမားတဲ့ အကျိုးစီးပွားတွေ ရှိနေပြီး  သူ့ရဲ့ ခါးပတ်တကွင်း လမ်းတစင်း စီမံကိန်းထဲမှာ ပါဝင်နေတဲ့ နယ်မြေတွေဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှု အသီးသီးအောက်မှာ ကျရောက်နေတဲ့အတွက် နှစ်ဖက်စလုံးနဲ့ သဟဇာတဖြစ်ရေးဟာ တရုတ်အတွက် တကယ့်ကို အရေးကြီးနေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ တရုတ်ဟာ သူ့ရဲ့ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့အတွက် မြန်မာ့အရေးမှာ ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက် ပါဝင်ပတ်သက်နေတာလည်း ဖြစ်ပါတယ်။

ရုရှားကတော့ စစ်ကောင်စီကို သူ့နည်းသူ့ဟန်နဲ့ တစိုက်မတ်မတ် ထောက်ခံအားပေးခဲ့ပြီး စစ်ကောင်စီအတွက် လက်နက်ထောက်ပံ့ရေး ပင်မဒေါက်တိုင်အနေနဲ့ ဆက်ရှိနေပါတယ်။ စစ်ကောင်စီနဲ့ နက်ရှိုင်းတဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ရှိနေပေမဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီထံ ရုရှားရဲ့ လက်နက်ရောင်းချမှုဟာ လျော့ကျလာခဲ့ပါတယ်။

တော်လှန်ရေးအဖွဲ့တွေအပေါ် အမေရိကန်ရဲ့ ကူညီထောက်ပံ့မှုတွေကတော့ အသိအမှတ်ပြု မှတ်တမ်းတင်ထိုက်စရာ ဖြစ်ခဲ့ပါတယ်။ အမေရိကန်အနေနဲ့ စစ်ရေးအကူအညီမဟုတ်တဲ့ တခြားအထောက်အပံ့တွေ အခုထက်ပိုပြီး ပေးအပ်လာခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိ မြေပြင်အခြေအနေအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ လာမယ့် ပွင့်လင်းရာသီမှာ စစ်ကောင်စီဟာ သူ့ရဲ့ ဆုံးရှုံးနယ်မြေတွေကို ပြန်လည်သိမ်းပိုက်မှုတွေ လုပ်ဆောင်နိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပြီး တကယ်လို့ စစ်ကောင်စီအနေနဲ့ ဆုံးရှုံးနယ်မြေတွေကို ပြန်လည် သိမ်းပိုက်နိုင်စွမ်း မရှိဘူးဆိုရင်တော့ အနောက်နိုင်ငံတချို့ဟာ တော်လှန်ရေးအဖွဲ့တွေအတွက် ကူညီထောက်ပံ့မှုတွေ ပိုမို ပေးအပ်လာနိုင်ခြေ ရှိပါတယ်။

မြန်မာနဲ့ ဆီးရီးယားနိုင်ငံတို့ကြားမှာ ပထဝီဝင်အနေအထား၊ လူမှုရေး၊ နိုင်ငံရေး စသဖြင့် မတူကွဲပြားမှုတွေ ရှိနေပေမဲ့ အာဆတ် မိသားစုအင်ပါယာ မရှုမလှ ဇာတ်သိမ်းခဲ့ရမှုဟာ ဒီထက်မက တိုင်းပြည် ဖရိုဖရဲဖြစ်မယ့်အရေးနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြုတ်ချခြင်းခံရနိုင်တဲ့ အရေးတွေကနေ ရှောင်လွှဲနိုင်ဖို့အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် (5PC) အတိုင်း လိုက်နာပြီး ဆွေးနွေးပွဲ စားပွဲဝိုင်းကနေ အဖြေရှာသွားဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သတိပေးစကား ပါးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

ဆီးရီးယားက တော်လှန်ရေးတပ်တွေဟာ နိုင်ငံတကာရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ အာဏာရှင် အာဆတ်ကို ဖြုတ်ချနိုင်ခဲ့သလိုပဲ မြန်မာ့တော်လှန်ရေးတပ်တွေကိုလည်း အနောက်နိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက အလားတူပုံစံမျိုး ထောက်ပံ့မှုတွေ နှစ်ဆတိုးပေးမယ်ဆိုရင် စစ်ကောင်စီဟာလည်း ကျိန်းသေပေါက် ပြိုလဲသွားမှာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ အာဆတ်ရဲ့ အတွေ့အကြုံကနေ သင်ခန်းစာယူမလား ဒါမှမဟုတ် အာဆတ်လမ်းစဉ်နောက် လိုက်မလားဆိုတာ ကိုယ်တိုင် ဆုံးဖြတ်သွားရမှာ ဖြစ်ပါတယ်။

ကဝီချောင်ကစ်တာဗွန်

ဘာသာပြန်- ရာစုသစ်

Source: Bangkokpost

(ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဝါရင့်သတင်းစာဆရာ ကဝီချောင်ကစ်တာဗွန်  ရေးသားထားတဲ့ “Assad's fate haunts Myanmar junta” ဆောင်းပါးကို ဘာသာပြန်ဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024