Home
ဆောင်းပါး
တော်လှန်ရေးကြီး အဓွန့်ရှည်ချင်သူတွေထဲ ကိုယ်ပါနေပြီလား
DVB
·
February 18, 2025

ဒီဆောင်းပါးရဲ့ ခေါင်းစဥ်က ဘယ်လိုကြီးလဲပေါ့။ တော်လှန်ရေးကို အမြန်ပြီးစေချင်ရမှာ မဟုတ်ဘူးလားပေါ့။ ဟုတ်ပါတယ်။ တော်လှန်‌ရေးဆိုတာ မြန်မြန်ပြီးလေ နိုင်ငံနဲ့ပြည်သူ အနာသက်သာလေပါပဲ။ တော်လှန်ရေးကို အမှန်တကယ် အမြန်ပြီးချင်သူတွေက တကယ်ပဲ တော်လှန်ရေးကြောင့် ပင်ပန်းဆင်းရဲနေသူတွေ၊ အသက်နဲ့ရင်းပြီး တော်လှန်စစ်ပွဲ ဆင်နွှဲနေရသူတွေဆိုတာ ကျနော် မပြောလည်း စာဖတ်သူတွေဟာ သိကြမှာပါ။

အခုဆိုရင်  တော်လှန်ရေးက ၄ နှစ်ပြည့်ပြီးလို့ ၅ နှစ်ထဲ ရောက်လာပြီပေါ့။ ဒါက ၂၀၂၁ မှာ ဖြစ်သွားတဲ့ နောက်ဆုံး အာဏာသိမ်းခံရမှုကို အခြေခံပြီး ပြောတာပါ။

အရင်က မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တာဟာ စုစုပေါင်း သုံး ကြိမ်ထိ ဖြစ်ပွားခဲ့ပါတယ်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ပထမအကြိမ်အဖြစ် အာဏာသိမ်းသူဟာ ဗိုလ်ချုပ်ကြီး နေဝင်းဖြစ်ပါတယ်။ အာဏာသိမ်းရတဲ့ အကြောင်းက တပ်မတော်ဟာ အစိုးရကို ဖျက်သိမ်းပြီး တစုတစည်းတည်း တပါတီ နိုင်ငံရေးစနစ် (One-Party System) အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ မြန်မာ့ဆိုရှယ်လစ် Myanmar's Socialist Programme Party (MSPP) ကို ထူထောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ စိုးမိုးအုပ်ချုပ်ခဲ့တာ တွေ့ရပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာ ဒုတိယအကြိမ်အဖြစ် အာဏာသိမ်းသူဟာ  ဗိုလ်ချုပ်မှူးကြီး စောမောင် (State Law and Order Restoration Council - SLORC) ဖြစ်ပြီး အာဏာသိမ်းရတဲ့ အကြောင်းအရင်းက  ၈၈ မျိုးဆက် လူထုအဖွဲ့အစည်းကြီး  ၈၈ လူထုအရေးတော်ပုံ ပြုလုပ်ပြီးနောက် တပ်မတော်က အာဏာသိမ်းလိုက်ခြင်းဖြစ်ပါတယ်။ ရလဒ်အနေနဲ့ကတော့   SLORC မှ နောက်ပိုင်းမှာ State Peace and Development Council (SPDC) အဖြစ် ပြောင်းလဲခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တတိယအကြိမ်အဖြစ် အာဏာသိမ်းသူဟာ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (State Administration Council - SAC) ဖြစ်ပြီး အာဏာသိမ်းတဲ့ အကြောင်းအရင်းက ၂၀၂၀ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်က အနိုင်ရပြီးတဲ့နောက် ရွေးကောက်ပွဲမှာ မဲမသမာမှု ရှိခဲ့တယ်လို့ စွတ်စွဲချက်နဲ့  မဲရလဒ်တွေဟာ မမှန်ကန်ကြောင်း ထုတ်ဖော်ခဲ့ပြီး အာဏာသိမ်းယူခဲ့ခြင်း ဖြစ်ပါတယ်။ ရလဒ် အနေနဲ့ကတော့ နွေဦးတော်လှန်ရေး အရေးတော်ပုံကြီး ဖြစ်ပွားခြင်းနဲ့အတူ ပြည်သူလူထုဆန္ဒပြမှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG (National Unity Government) ဖွဲ့စည်းလိုက်နိုင်ခြင်းတို့ တွေ့ရပါတယ်။

အာဏာသိမ်းမှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီးနောက် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူ့ဘောင်အဖွဲ့စည်းအတွင်းမှာ ထင်ရှားပေါ်လွင်တဲ့ အကျိုးသက်ရောက်မှုတွေ များစွာ ဖြစ်ပေါ်ခဲ့တာ တွေ့ရမှာပါ။ အခု တတိယအကြိမ်ဟာ စစ်တပ်ကို အထိအနာဆုံး ထိုးနှက်နိုင်တဲ့ အဆင့်အထိ ရောက်လာခဲ့ပါပြီ။ သို့သော်လည်းပဲ တော်လှန်ရေး ကာလကြာမြင့်လာတာနဲ့အမျှ ဘေးထွက်ဆိုးကျိုးတွေဟာလည်း တနေ့ထက်တနေ့ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ တွေ့လာရပါတယ်။ တော်လှန်ရေးကာလ စစ်ပညာအတူသင်ယူခဲ့တဲ့ ညီတော်‌မောင်တွေက တချို့ လက်နက်ပွဲစား အရောင်းအဝယ်တွေ လုပ်လာကြတော့ ‌ဪ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ ဆိုတဲ့အထဲ ကိုယ့်ညီတော်တချို့တောင် ပါနေပါရောလားလို့ တွေးပြီး ရင်လေးရတယ်။ သူတို့ကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်တော့ ငွေကြေးချမ်းသာဖို့ကိုသာ အဓိကထားလာတာ တွေ့လာရတယ်။ ညီအစ်ကို သံယောဇဉ်တွေလည်း နောက်ရောက်ကုန်တယ်။ ရဲဘော်ရဲဘက် သစ္စာတရားဆိုတာ နေလာ နှင်းပျောက် ဖြစ်ခဲ့ရပြီလို့ မသိစိတ်မှာ ခံစားမိလာတယ်။ ဒါတွေကို ကျနော်တို့ ဘယ်လို ပြန်ပြီး အဖတ်ဆယ်နိုင်ကြပါ့မလဲလေ။

အဲဒါကြောင့် ဒီရက်တွေမှာ ကျနော့်အတွေးထဲ တော်လှန်ရေးကို အဓွန့်ရှည်စေချင်သူများ ဆိုတဲ့ ခေါင်းစဥ်ဟာ ပဲ့တင်ထပ်မျှ ရောက်လာခဲ့ရပါတယ်။ အများအားဖြင့်တော့ အခု ကျနော် ပြောပြမယ့် အကြောင်းအရင်းတွေကြောင့်  တော်လှန်ရေးကို သူတို့ အဓွန့်ရှည်ချင်ကြတယ်လို့ မြင်ပါတယ်။ တော်လှန်ရေးကြီးကို မသိမသာ ကြာရှည်စေလိုသူတွေဟာ မတူညီတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိနိုင်ပါတယ်။

အာဏာရှင်အစိုးရနဲ့ မဟာမိတ်များ

သူတို့အတွက်က တော်လှန်ရေးကာလ အချိန်တိုပါက အာဏာကို အလျင်အမြန်ဆုံး ဆုံးရှုံးနိုင်တယ်လေ။ ဒါကြောင့် တော်လှန်ရေးကို ကြာစေချင်တယ်။ ပြီးတော့ ပြည်သူတွေအချင်းချင်း မလုံခြုံမှု၊ ပျင်းရိမှု၊ ကိုယ်ချင်းစာ ကြင်နာသနားမှုတွေ နည်းပါးတာတွေ ဖြစ်ပေါ်စေလိုကြတယ်။ ဒါမှ သူတို့ စေတနာရှင်ကြီးတွေ ပရဟိတသမားကြီးတွေ အရေခြုံလို့ ရမှာလေ။

 စီးပွားရေးအကျိုးအမြတ်ယူလိုသူများ

တော်လှန်ရေးကာလဟာ မတည်ငြိမ်မှုတွေ ဖြစ်စေတဲ့အတွက် တချို့သော စီးပွားရေးသမားတွေ အတွက် အခွင့်အရေးတခု ဖြစ်နိုင်ပါတယ်။ ဥပမာ– လက်နက်ရောင်းဝယ်သူများ၊ အရေးပေါ် လိုအပ်သော ကုန်ပစ္စည်းရောင်းဝယ်သူများစတဲ့ ခေတ်ပျက်မှာ သူဌေးဖြစ်ချင်သူတွေ ပါဝင်နိုင်ပါတယ်။

 နိုင်ငံတကာ သက်ဆိုင်သူများ

တချို့သော နိုင်ငံများ သို့မဟုတ် အဖွဲ့အစည်းများဟာ တော်လှန်ရေးကြာမြင့်ခြင်းကနေ အကျိုးထူးခြားမှု ရှိကြပါတယ်။ ဥပမာ– တိုက်ခိုက်မှုများကြောင့် ဒေသတွင်း လျှို့ဝှက်ချက်များကို ဆက်လက် စောင့်ကြည့်နိုင်ကြပါတယ်။

တော်လှန်ရေးကို မယုံကြည်သူများ

တော်လှန်ရေးရဲ့ ရည်မှန်းချက်နဲ့ မညီသော အတွေးအခေါ်ရှိသူတွေဟာလည်း တော်လှန်ရေးကို မဖြစ်မြောက်စေလိုကြပါ။ ဒါကြောင့် ကြာရှည်ပြီး လူထုထံမှ ထောက်ခံမှုကျဆင်းစေဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒါပေမဲ့လည်း တော်လှန်ရေးကို ခိုင်မာစွာ ဆောင်ရွက်နိုင်ခြင်းဟာ ပြည်သူ့သဘောထားနဲ့ ပေါင်းစည်းမှုအပေါ်မူတည်နေတာကိုလည်း သတိမူရမှာပါ။

တော်လှန်ရေးကို ကြာစေချင်သူတွေဟာ အမျိုးမျိုးသော အဖွဲ့အစည်းတွေနဲ့ အပယ်ခံတွေ အကျိုးအမြတ် ရှာဖွေချင်သူတွေလည်း ပါဝင်နိုင်ပါတယ်။ အဓိက ကတော့ အာဏာရှင်နဲ့ ဆက်နွှယ်သူတွေ ဖြစ်တတ်ပါတယ်။  အာဏာရှင်စနစ်ကို ထိန်းသိမ်းလိုသော စစ်တပ်နဲ့  သူ့ကို ထောက်ပံ့သူတွေ၊ စစ်ကောင်စီအတွက် အကျိုးရှိတဲ့ လုပ်ငန်းရှင်တွေ၊ စစ်တပ်နဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးပါတီတွေ ဖြစ်ပါတယ်။ အထူးသတိထားရမှာပါ။

ပြီးတော့  တော်လှန်ရေးကို အသုံးချလိုသူတွေ တော်လှန်ရေးကာလအတွင်းမှာ ကိုယ်ပိုင်အခွင့်အရေးတွေ ရယူလိုသူတွေ ပြည်သူ့လှုပ်ရှားမှုတွေကို အသုံးချပြီး ကိုယ့်ကိုယ်ကိုယ် နာမည်ထင်ရှား ကျော်ကြားလာအောင် လုပ်လိုသူတွေပါ ပါတယ်။ အလွန်သိမ်မွေ့ပါတယ်။ တော်ရုံတန်ရုံ ဉာဏ်ပညာနဲ့ မမြင်ရပါဘူး။ နောက်ထပ် အရေးတကြီး ထည့်သွင်းစဥ်းစားရမှာက အဖွဲ့အစည်း မတည်မြဲတဲ့သူတွေပါ။ တော်လှန်ရေးရဲ့ အနာဂတ်အပေါ် မယုံကြည်သူတွေဟာ အနာဂတ်မှာ ကိုယ်ပိုင်အကျိုးရှိမယ့် အစိုးရစနစ်တခုကို မဖြစ်မနေ လိုချင်ကြသူတွေပါ။ ကိုယ်ကျိုးကြည့် တော်လှန်ရေးလုပ်စားတွေပေါ့ဗျာ။ ပြီးတော့ နောက်ထပ်အရေးကြီးတာက ပြည်သူတွေကို ခွဲထုတ်လိုသူတွေပဲ။ တော်လှန်ရေးဝိုင်းဝန်းသူတွေကို သံသယဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဝေဝါးသွားအောင် သွေးကြောင်သွားအောင် အာဏာရှင်ရဲ့ သတင်းလွှတ်တင်သူများ ဖြစ်ပါတယ်။

တော်လှန်ရေးကို အသုံးချသူ လက်နက်ပွဲစားများ

တော်လှန်ရေးမှာ သခွပ်ပင်က မီးတကျည်ကျည် ဆိုတာ ဘယ်လိုလူမျိုးတွေလဲဆိုတော့ လက်နက်ပွဲစားတွေနဲ့ လက်နက်အရောင်းအဝယ် လုပ်သူတွေပါပဲ။ တော်လှန်ရေးကို ကြာမြင့်စေလိုသူတွေ အထဲမှာတော့ သူတို့က ထိပ်ဆုံးမှာ ပါဝင်နေတာ မျက်ဝါးထင်ထင် တွေ့လာရပါတယ်။ အဲဒီအထဲကမှ စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ လက်နက်ပွဲစားတွေ၊ စစ်တပ်နဲ့ ညှိနှိုင်းပြီး လက်နက်ရောင်းဝယ်သူတွေ၊ စစ်ကောင်စီထံ လက်နက်တင်ပို့တဲ့ နိုင်ငံတွေ နိုင်ငံခြားကနေ လက်နက်တင်သွင်းမှုတွေကို အထောက်အပံ့ပေးနေသူတွေ ပါဝင်ပါတယ်။ တော်လှန်ရေးသုံးဖို့ ဆိုပြီး လက်နက်ရောင်းသူတွေ၊ တခြားဘက်မှာလည်း စစ်တပ်ထံမှာ လက်နက်ရောင်းသူတွေဟာ တော်လှန်ရေးရဲ့ တိုက်ပွဲတွေကို ပိုမိုကြာမြင့်စေပြီး ကိုယ်ပိုင်အကျိုးအမြတ်ကိုပဲ အဓိက ရယူလိုသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ တာဝန်မသိတဲ့ လက်နက်အရောင်းအဝယ်လုပ်သူတွေသာ ဖြစ်ပါတယ်။ သူတို့ အကျိုးအမြတ်ရမယ်ဆိုရင် ဘက်မခွဲဘဲ ရန်သူနဲ့ မိတ်ဆွေ အားလုံးကို လက်နက်ရောင်းသူတွေ ဖြစ်လာပါတယ်။ တော်လှန်ရေးကို အောင်မြင်စေချင်ပေမဲ့ ကိုယ့်စီးပွားရေး အကျိုးမြတ်ကိုသာ ပိုပြီး စဉ်းစားတဲ့သူတွေ ဖြစ်လာပါတယ်။ ဒါဟာ တော်လှန်ရေးရဲ့ သိမ်မွေ့တဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။

တော်လှန်ရေးက ၅ နှစ်ထဲ  ရောက်လာပြီဖြစ်လို့ တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ သံသယရှိသူတွေကို  သတိထားဖို့လာလာပါပြီ။

လက်နက်ပွဲစားတွေနဲ့ လက်နက်ရောင်းဝယ်သူတွေဟာ တော်လှန်ရေးခရီးရဲ့ ဦးတည်ရာကို အထောက်အကူမပြုဘဲ ပိုမိုရှုပ်ထွေးစေနိုင်တာကို အထူးသတိပြုကြရမှာပါ။ အဲဒါ့ကြောင့် တော်လှန်ရေးနဲ့ ပူးပေါင်းဆောင်ရွက်သူတွေဟာ သက်ဆိုင်ရာ သံသယရှိသူတွေကို အထူးသတိထား ကြည့်ရှုသင့်လာပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ တော်လှန်ရေးကို ကြန့်ကြာစေတဲ့သူတွေရဲ့ လှုပ်ရှားမှုတွေဟာ ပြည်သူ့တော်လှန်ရေးရဲ့ အောင်မြင်မှုကို နှောင့်နှေးစေနိုင်ပေမဲ့ ပြည်သူတွေရဲ့ အသိဉာဏ်ပညာ သေချာမှုနဲ့ ကိုယ်ကျင့်တရား ကောင်းမွန်စွာ ကြံ့ကြံ့ခိုင် ရပ်တည်နိုင်မှုတွေဟာ အနာဂတ်မှာ တော်လှန်ရေးကြီး မုချအောင်မြင်နိုင်စေမယ့်  စွမ်းအားတွေ ဖြစ်နေမယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်။

ချစ်မင်းနွဲ့ကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024