Home
ဆောင်းပါး
တော်လှန်ပုန်ကန်ခြင်းနဲ့ နိုင်ငံ‌သစ် တဖန်မွေးဖွားခြင်း
DVB
·
February 14, 2025

ရှင်သန်နေရခြင်းရဲ့ အဓိပ္ပာယ်ကို ရှာဖွေနေသူတိုင်းဟာ တော်လှန်ရေးသမားတွေပဲလို့ အဲလ်ဘတ်ခမူးစ် (Albert Camus) က ပြောဖူးပါတယ်။

ကျနော် ဒီရက်တွေမှာ တော်လှန်ပုန်ကန်ခြင်းနဲ့ နိုင်ငံသစ်တခု မွေးဖွားခြင်းကို အဓိပ္ပာယ်ဖွင့်ကြည့်မိတယ်။

အရင်းအမြစ်များပြောင်းလဲခြင်း

တော်လှန်ပုန်ကန်ခြင်းဟာ ရှေးယခင်က အုပ်ချုပ်မှုစနစ်များ၊ ဓလေ့ထုံးစံများ သို့မဟုတ် အချုပ်အခြာ အာဏာတွေကို ပြောင်းလဲပစ်ရန် လှုပ်ရှားမှုတရပ်လို့ မြင်ပါတယ်။ အများအားဖြင့် လူထုဟာ နောက်ဆုံး မကျေနပ်မှုများ၊ နှိပ်စက်မှုများနဲ့ ဖိနှိပ်မှုများကြောင့် လှုပ်ရှား‌တော်လှန် ပုန်ကန်ကြတာ တွေ့ရပါတယ်။

စနစ်အသစ်တည်ဆောက်မှု

တော်လှန်မှုအပြီးမှာ လူထုက စနစ်သစ်၊ ပြည်သူ့အာဏာ၊ သို့မဟုတ် မိမိတို့အလိုဆန္ဒအတိုင်း လွတ်လပ်သော နိုင်ငံတခု တည်ထောင်လိုကြပါတယ်။ ဥပမာအားဖြင့်၊ အမေရိကန် တော်လှန်ရေး (1775–1783) ကို ကြည့်ပါ။ ဗြိတိသျှအုပ်ချုပ်မှုကို ဆန့်ကျင်ကာ နိုင်ငံသစ်တခုအဖြစ် အမေရိကန်တွေရဲ့ အချုပ်အခြာအာဏာကို တည်ထောင်ခဲ့ကြပါတယ်။

လွတ်လပ်မှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်

တော်လှန်မှုဟာ မိမိတို့နိုင်ငံအတွင်း ရှိနေတဲ့ နိုင်ငံခြား အုပ်ချုပ်မှုများမှ လွတ်လပ်မှုကို ရယူဖို့ ဖြစ်နိုင်ပြီး ပြည်သူ့ဆန္ဒနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပေါ် အခြေခံတဲ့ နိုင်ငံသစ်တခု ဖွဲ့စည်းဖို့ ဆောင်ရွက်တာပါ။

ထူးခြားသော ရည်မှန်းချက်

နိုင်ငံသစ်တခု မွေးဖွားခြင်းဆိုတာ ရှေ့နောက် မတူညီသော စည်းမျဉ်းစနစ်၊ လွတ်လပ်မှုအမြင်၊ သို့မဟုတ် စီးပွားရေး၊ နိုင်ငံရေး အပြောင်းအလဲအသစ်များ တည်ဆောက်ခြင်းဖြစ်ပါတယ်။ ယေဘုယျအားဖြင့်‌တော့ တော်လှန်ပုန်ကန်မှုတွေဟာ ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ ခိုင်မာသော လွတ်လပ်ရေးစိတ်ဆန္ဒသာမက လူထုရဲ့ ပြောင်းလဲလိုမှု အပေါ်မှာ အခြေခံပါတယ်။

လက်ရှိ ကျနော်တို့နိုင်ငံမှာလည်း ဒီလိုပဲဖြစ်မယ်ထင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်တပ်ကျွန်ဘဝနဲ့ အသက်ဆက်သေကြရတာပါ။ အဲဒီလို အဓိပ္ပာယ်မဲ့စွာ ရှင်သန်နေရခြင်းကို မလိုလားဘူး ဆိုရင်တော့ ကျရာအခန်းကဏ္ဍကနေ တနည်းတဖုံနဲ့ တော်လှန်ရေးတာဝန်တွေကို လုပ်နေဖို့ လိုပါလိမ့်မယ်။

တချို့ကတော့လည်း နည်းလမ်းအမျိုးမျိုးနဲ့ တော်လှန်နေတာလည်း ဖြစ်နိုင်ပါတယ်။ လူ့ဘဝမှာ ပေးထားချက်တွေဟာ မတရားဘူးလို့လည်း ခမူးစ်က ပြောပါသေးတယ်။ ကျနော်တို့နိုင်ငံမှာ ဖြစ်နေတာတွေကို ကြည့်ပါ။

မင်းအောင်လှိုင်ရဲ့ စစ်တပ်ကပဲ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ထားတဲ့ လက်နက်တွေနဲ့ ပြည်သူကို ပြန်သတ်တယ်။ လယ်သိမ်း မြေသိမ်းပြီး တတိုင်းပြည်လုံးကို ဗိုလ်ကျစိုးမိုးတဲ့ စစ်တပ်ကပဲ ပြည်သူက ရွေးချယ်တင်မြှောက်ထားသူတွေကို အဂတိလိုက်စားမှုနဲ့ တရားစွဲတယ်။ ဒါကိုပဲ အိမ်နီးချင်းနိုင်ငံနဲ့ နိုင်ငံတကာကပါ သူ့ကို အရေးမယူဘဲ မျက်ကွယ်ပြုပြီး သူတို့အကျိုးစီးပွားတွေကိုပဲ ကာကွယ်ဖို့လုပ်တယ်။

ရွာတွေ မြို့တွေထဲကို လက်နက်ကြီးပစ်တယ်၊ လေယဉ်နဲ့ဗုံးကြဲတယ်၊ လူတွေကို မီးရှို့သတ်ဖြတ်တယ်၊ ကားနဲ့တိုက်သတ်တယ်၊ သေနတ်နဲ့ပစ်သတ်တယ်။ ဒါကို မလုပ်ပါနဲ့လို့ဆိုပြီး စာထုတ်တောင်းဆိုတယ်။ ဘယ်ရမလဲ၊ မင်း‌အောင်လှိုင်စစ်တပ်က အဲဒီလိုစကားမျိုးကို ဘယ်တုန်းကမှ နားမလည်ခဲ့ဘူး။ သူတို့နားလည်တဲ့ စကားမျိုးမှ မဟုတ်တာ။ သူတို့က ဓားကို ဓားချင်း၊ သေနတ်ကို သေနတ်ချင်းပဲ နားလည်တာပါ။ လက်နက်ကိုင်ထားမှ လူရာသွင်းတာပါ။

အဲဒါကြောင့်လည်း ခမူးစ်က Rebel man must accept and seek to encounter the universe as it presents itself in absurdity. လို့ ပြောတာ။

မြင်နေ တွေ့နေရတာတွေက အဓိပ္ပာယ်မရှိဘူး၊ တကယ်ကို ဘာတခုမှ အဓိပ္ပာယ်မရှိဘူး။ အဲဒါကြောင့် လက်ရှိအနေအထားကို ပုန်ကန်တော်လှန်ပြီး အဓိပ္ပာယ်တခုကို ဖော်ဆောင်နိုင်ဖို့ ကျနော်တို့ ကြိုးစားရမယ်။

တော်လှန်ပုန်ကန်ရုံတင်မကဘူး၊ ကျနော်တို့က ပြင်ရမယ်၊ ပြောင်းရမယ်၊ အဓိပ္ပာယ်ရှိတာနဲ့ အစားထိုးရမယ်။ ကျနော်တို့က စစ်အာဏာရှင်ကိုလည်း တော်လှန်ရမယ်။ စစ်တပ် အင်စတီးကျူးရှင်းကြီး တခုလုံးကိုလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရမယ်။ အဓိပ္ပာယ်မဲ့ခြင်းကို တော်လှန်ပုန်ကန်ခြင်းနဲ့ ဘဝရဲ့ အဓိပ္ပာယ်တွေကို ကျနော်တို့ ဖော်ဆောင်ရမယ်လို့ နားလည်ပါတယ်။

I rebel, therefore we exist လို့ ဆိုတာကိုး။ အဲဒီလိုနည်းနဲ့ ရှင်သန်ခြင်းကပဲ ကျနော်တို့ဘဝတွေကို မျှော်လင့်ခြင်းတခု ရှိစေတာဖြစ်မှာပါ။

တနေ့ ကျနော်တို့ လွတ်မြောက်ရမယ်၊ ကျနော်တို့ကံကြမ္မာကို ကျနော်တို့ကိုယ်တိုင် ဖန်တီးပိုင်ခွင့် ရှိရမယ် မဟုတ်လား။ အနှစ်ချုပ်ရရင် တော်လှန်ရေးသမားကို အဘိဓာန်က အခုလို အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။

တော်လှန်ရေးသမား (Revolutionist)

ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ် စနစ်သစ်သို့ ရောက်ရှိအောင် အပြင်းအထန် အားထုတ် လုပ်ကိုင်သူ။ အစိုးရကို ဖြုတ်ချတာပဲဖြစ်ဖြစ်၊ တရားမမျှတတဲ့ဥပဒေကို ကန့်ကွက်တာပဲဖြစ်ဖြစ်၊ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲအတွက် အလုပ်လုပ်နေသူ၊ ထိုင်ပြောနေသူမဟုတ်၊ အပြောင်းအလဲ ဖြစ်လာအောင်၊ တကယ် ကြိုးကုတ်အားထုတ် အလုပ်လုပ်နေသူကို တော်လှန်ရေးသမားလို့ ခေါ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ တတ်နိုင်တဲ့ဘက်က ပါဝင်နေပါတယ် ဆိုတာကတော့ တော်လှန်ရေးမှာ ပါဝင်နေသူ၊ ဒါမှမဟုတ် တတပ်တအား ပါဝင်နေသူလို့ပဲ ပြောရမယ် ထင်ပါတယ်။

ချစ်မင်းနွဲ့ကြည်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013