Home
ဆောင်းပါး
အမေရိကန်ကို တုန်လှုပ်သွားစေခဲ့တဲ့တရုတ် အေအိုင်မိုဒယ်သစ် DeepSeekR1
DVB
·
January 31, 2025

ဒီရက်ထဲ အမေရိကန်နဲ့တကွ အေအိုင်နည်းပညာနယ်ပယ်တခုလုံးကို တုန်လှုပ်သွားစေတာကတော့ တရုတ် အေအိုင်ကုမ္ပဏီ DeepSeek နဲ့ သူ့ရဲ့ နောက်ဆုံးထုတ် Chatbot အေအိုင်မိုဒယ်သစ် DeepSeekR1 ပဲ ဖြစ်ပါတယ်။

အေအိုင်နည်းပညာနယ်ပယ်မှာ နာမည်အသစ်အဆန်းတခု ဖြစ်ပေမဲ့ မကြာမီက အမေရိကန်မှာ စတင်မိတ်ဆက်လိုက်တဲ့ DeepSeekR1 မိုဒယ်ဟာ စတင်ပြီး တပတ်အတွင်းမှာပဲ Apple store မှာ ဒေါင်းလုတ်ဆွဲပြီး သုံးစွဲသူပမာဏ နံပါတ် ၁ အများဆုံး ဖြစ်ခဲ့တယ်။

အမေရိကန်နည်းပညာကုမ္ပဏီ OpenAI က ၂၀၂၂ ခုနှစ်မှာ ChatGPT ကို စတင်မိတ်ဆက်ခဲ့ပြီးတဲ့နောက် အမေရိကန်နည်းပညာကုမ္ပဏီတွေကသာ ဉာဏ်ရည်တုနည်းပညာ AI Chatbot နယ်ပယ်ကို ဦးဆောင်နေခဲ့ရာက မထင်မှတ်ဘဲ တရုတ်ကုမ္ပဏီတခုက ဝင်ရောက်လာခဲ့တာ ဖြစ်တယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကုန်ပိုင်းက အမေရိကန်နည်းပညာကုမ္ပဏီ OpenAI က စတင်ဖန်တီးခဲ့တဲ့ ChatGPT ရဲ့ စွမ်းဆောင်ရည်အတိုင်း လုပ်ဆောင်နိုင်တဲ့ တရုတ်ကမ္ပဏီရဲ့ DeepSeekR1 မှာ အားသာချက်တွေ အများကြီးရှိနေတာ တွေ့ရတယ်။

ဒါ့ကြောင့်လည်း စတင်ဖန်တီးပြီး တနှစ်မပြည့်ခင်အတွင်း DeepSeek ဟာ ရှိနှင့်ပြီးသား အေအိုင် chatbot တွေကို ရင်ပေါင်တန်းလာရုံမက ဈေးကွက်တခုလုံးကို ကပြောင်းကပြန် ဖြစ်သွားစေခဲ့တာ ဖြစ်တယ်။

အမေရိကန်မှာ DeepSeekR1 စတင်မိတ်ဆက်ပြီး တပတ်အကြာ ဒီ အေအိုင်မိုဒယ်အတွက် အရေးပါတဲ့ ချစ်(chip)ပြားတွေကို ထုတ်လုပ်ပေးတဲ့ နည်းပညာကုမ္ပဏီ Nvidia ရဲ့ ရှယ်ယာတွေ (ဇန်နဝါရီ-၂၇) တရက်အတွင်း ၁၇ ရာခိုင်နှုန်း ထိုးကျသွားတယ်။ ငွေကြေးပမာဏအားဖြင့် ဒေါ်လာ ၆၀၀ ဘီလီယံ ဆုံးရှုံးနစ်နာသွားတဲ့အတွက် အမေရိကန်သမိုင်းမှာတော့ အကြီးမားဆုံး စတော့ဈေးကွက် ဆုံးရှုံးမှု ဖြစ်ခဲ့တယ်။

စတင်မိတ်ဆက်တဲ့ ဇန်နဝါရီ ၁၀ ရက်မှာ လှုပ်လှုပ်ရှားရှား သိပ်မဖြစ်ခဲ့ပေမဲ့ ထရမ့်ပ် ကျမ်းသစ္စာကျိန်ဆိုအပြီး တပတ်အတွင်း DeepSeekR1 ကို အိုင်ဖုန်း Apple store မှာ downloaded ပြုလုပ်သူ အရေအတွက် အများဆုံးဖြစ်ခဲ့ပြီး နည်းပညာကုမ္ပဏီတွေရဲ့ ဈေးကွက်ကိုပါ ကပြောင်းကပြန် ဖြစ်သွားစေခဲ့တယ်။

ခုလို လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့အတွက် ဒေါ်နယ်ထရမ့်ပ် ကိုယ်တိုင် ဒါဟာ အမေရိကန် နည်းပညာကုမ္ပဏီတွေအတွက် အချက်ပေးခေါင်းလောင်းသံ ဖြစ်တယ်လို့ ပြောဆိုလိုက်တယ်။

ChatGPT ရဲ့ စွမ်းဆောင်ရည်အတိုင်း လုပ်ဆောင်နိုင်တဲ့အပြင် DeepSeek ရဲ့ အားသာချက်က အေအိုင်မိုဒယ်ကို လေ့ကျင့်ပေးတဲ့ ကုန်ကျစရိတ် (အလွန့်အလွန်) သက်သာနေတာပဲ ဖြစ်တယ်။ OpenAI ကုမ္ပဏီက ChatGPT အေအိုင်မိုဒယ်ကို တည်ဆောက်ဖို့ ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရချိန်မှာ DeepSeek က ဒေါ်လာ ၅ ဒသမ ၆ သန်းပဲ သုံးစွဲခဲ့ရတယ်။

တရုတ်ကုမ္ပဏီဟာ DeepSeekR1 အေအိုင်မိုဒယ်အတွက် အမေရိကန် နည်းပညာကုမ္ပဏီ Nvidia ရဲ့ စွမ်းအားမြင့် ဉာဏ်ရည်တုချစ်(chip)ပြားတွေကို အသုံးပြုခဲ့ရတယ်။ ထရမ့်ပ်အစိုးရဟာ Nvidia ရဲ့ ဉာဏ်ရည်တု ချစ်ပြားတွေကို တရုတ်ကို မရောင်းဖို့ တားမြစ်ထားခဲ့တယ်။ အမေရိကန် နည်းပညာကုမ္ပဏီတွေက အေအိုင်မိုဒယ်အသစ်တွေ ထပ်မံဖန်တီးဖို့ ဒေါ်လာ ဘီလီယံချီ အသုံးပြုနေရချိန်မှာ အင်မတန်ဈေးချိုပြီး ကုန်ကျစရိတ်သက်သာတဲ့ တရုတ်ရဲ့ အေအိုင် အထောက်အကူပြု မိုဒယ် DeepSeekR1 ထွက်ပေါ်လာခဲ့တာ ဖြစ်တယ်။

DeepSeek ရဲ့ အားသာချက်တခုက လူတိုင်း အလွယ်တကူ အခမဲ့ download ရယူနိုင်တဲ့ app တခု ဖြစ်နေတာပါ။ အမေရိကန်နည်းပညာကုမ္ပဏီတွေရဲ့ အဆင့်မြင့် chatbot တွေကို အခကြေးငွေပေး သုံးစွဲကြရပေမဲ့ အခု စတင်အသုံးပြုရတဲ့ DeepSeek က အခမဲ့ပါ။

စတင်ထုတ်လုပ်ပြီး တနှစ်အတွင်း သုံးစွဲသူအများဆုံးဖြစ်လာပြီး အမေရိကန် နည်းပညာကုမ္ပဏီတွေကို တုန်လှုပ်သွားစေတဲ့ DeepSeek ကို ဘယ်သူက ဖန်တီးခဲ့သလဲ။

DeepSeek နည်းပညာကုမ္ပဏီကို ၂၀၂၃ ခုနှစ်က တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဟန်ကျို့မြို့မှာ လီယန် ဝမ်ဖင်း ဆိုသူက စတင်ထူထောင်ခဲ့တာပါ။ သူက သတင်းအချက်အလက်နဲ့ အီလက်ထရွန်းနစ် အင်ဂျင်နီယာဘွဲ့ရတဦးဖြစ်ပြီး အသက် ၄၀ အရွယ် ရှိပါပြီ။ ဒီကုမ္ပဏီကို အခြားပုဂ္ဂလိကကုမ္ပဏီတခုဖြစ်တဲ့ High Flyer နဲ့အတူ တွဲဖက်ထူထောင်ထားတာဖြစ်တယ်။ စတင်ထူထောင်တဲ့ နှစ်ကုန်ပိုင်းမှာပဲ AI large Languages မိုဒယ်ကို စတင်ထုတ်လုပ်ခဲ့တယ်။

ပြီးခဲ့တဲ့လကစပြီး DeepSeek ကို အေအိုင်နည်းပညာလောကမှာ စိတ်ဝင်တစား ဖြစ်လာကြတယ်။ အကြောင်းကတော့ သူတို့ရဲ့ နောက်ဆုံးထုတ် အေအိုင်မိုဒယ်ဟာ အမေရိကန် နည်းပညာကုမ္ပဏီတွေနဲ့ OpenAI က လက်ရှိအသုံးပြုနေတဲ့ ChatGPT နည်းတူ အလုပ်လုပ်နိုင်ပြီး Nividia chips တွေကို အသုံးပြုကာ လေ့ကျင့်ရာမှာ ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်နေတာကြောင့်လို့ ဆိုတယ်။  ဒီနှစ်အစပိုင်းမှာ Apple နဲ့ Google အပလီကေးရှင်းစတိုးတွေမှာ DeepSeek ကို အလွယ်တကူ ရယူနိုင်ရာက တဖြည်းဖြည်းနဲ့ လူသိများလာခဲ့တာဖြစ်တယ်။ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်ခဲ့တာက ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့ သုတေသနစာတမ်းမှာ နောက်ထပ် ထုတ်လုပ်ထားတဲ့ R1 မိုဒယ်မှာ ခေတ်မီတဲ့ “ကြောင်းကျိုးဆီလျော် စဉ်းစားတွေးခေါ်နိုင်စွမ်း” တွေ ပါဝင်လာတဲ့အတွက် ဖြစ်တယ်။

အမေရိကန် နည်းပညာကုမ္ပဏီတွေကို တုန်လှုပ်သွားစေတဲ့ DeepSeek ရဲ့ အောင်မြင်မှုဟာ တရုတ်အစိုးရအတွက်တော့ အားတက်စရာ ဖြစ်ခဲ့တယ်။ အမေရိကန်ရဲ့ ပို့ကုန်ထိန်းချုပ်မှု မူဝါဒကို ကျော်လွှားနိုင်ခဲ့သလို အေအိုင်လို မဟာဗျူဟာနည်းပညာနယ်ပယ်မှာ ကိုယ့်အားကိုယ်ကိုးနိုင်ပြီလို့ ယူဆတဲ့အတွက်ပါ။

တရုတ်နည်းပညာကုမ္ပဏီရဲ့ ကုန်ကျစရိတ် အသက်သာဆုံး DeepSeekR1 အေအိုင်မိုဒယ်သစ် ဖန်တီးနိုင်မှုဟာ အနာဂတ် ဉာဏ်ရည်တုနည်းပညာပြိုင်ပွဲရဲ့ Sputnik လွှတ်တင်မှုဖြစ်တယ်လို့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် မာ့စ် အင်ဒရီဆင်က ဆိုပါတယ်။ (၁၉၅၇ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုဟာ အာကာသထဲကို Sputnik ဂြိုလ်တု ပစ်လွှတ်ပြီး ဆိုဗီယက်နဲ့ အမေရိကန်ကြား စစ်အေးခေတ် အာကာသစူးစမ်းလေ့လာရေးပြိုင်ပွဲ စတင်ခဲ့သလိုမျိုး တရုတ်နဲ့ အမေရိကန်ရဲ့ အနာဂတ် ဉာဏ်ရည်တုနည်းပညာပြိုင်ပွဲ စတင်ပြီလို့ ဆိုလိုက်တာပါ။)

CWM

Ref: What is DeepSeek and why is it disrupting the AI sector? CNA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013