Home
ဆောင်းပါး
ငါးအပုပ်ဝယ်ကြဦးမလား
DVB
·
February 7, 2025

ကုလသမဂ္ဂအဖွဲ့ကြီး ပေါ်ထွန်းလာခဲ့တဲ့ အချိန်လောက်ကစပြီး ဒီမိုကရေစီ သို့မဟုတ် ပြည်သူများ၏ အချုပ်အခြာ အာဏာပိုင်စိုးမှုဆိုတဲ့ သဘောတရားက ကမ္ဘာလုံးဆိုင်ရာတိမ်းညွတ်မှု ဖြစ်လာခဲ့ပါတယ်။ တချိန်တည်းမှာ အဲဒီစံတန်ဖိုးကို ဖော်ကျူးရာမှာ အပေါ်လွင် အမြင်သာဆုံးနည်းလမ်းဖြစ်တဲ့ ရွေးကောက်ပွဲက ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ ရှေ့တန်းရောက်လာခဲ့ပါတယ်။ ရွေးကောက်ပွဲက   နိုင်ငံတိုင်းလိုလိုရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်လာခဲ့ပြီး နှစ်ဆယ့်တစ်ရာစုထဲ ရောက်လာချိန်မှာတော့  ကမ္ဘာပေါ်မှာ ရွေးကောက်ပွဲမလုပ်တဲ့ နိုင်ငံရယ်လို့ မရှိသလောက်နီးပါး ဖြစ်လာခဲ့ပါတယ်။ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာကို လေးစား တန်ဖိုးထားသူများအကြား (တနည်း) ကမ္ဘာသူကမ္ဘာသား ဧရာမ အများစုကြီးအကြား ဒီမိုကရေစီက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာပါတယ်။

ဒီအခြေအနေ ဖြစ်လာတာကြောင့် ဒီမိုကရေစီစနစ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ်အပေါ် မှီပြီး ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းလာခဲ့/နေကြသူတွေတောင်မှ ဒီမိုကရေစီစနစ်နဲ့ သူ့ရဲ့ အမြွှာအဖြစ် ရွေးကောက်ပွဲကို လူသိရှင်ကြား  မဆန့်ကျင်ရဲကြပါဘူး။ ဒီတော့ အဲသလိုလူမျိုးတွေက ဒီမိုကရေစီမဟုတ်တဲ့ နည်းလမ်းတခုခုနဲ့ အာဏာရလာတဲ့အခါ သူတို့ရထားတဲ့အာဏာဟာ တရားဥပဒေနဲ့ လျော်ညီပါတယ်ဆိုတာကို ပြသဖို့ ဟန်ပြရွေးကောက်ပွဲတွေကို ကျင်းပပေးလေ့ ရှိကြပါတယ်။ အဲဒါမျိုးလုပ်ဟန်တွေ ကမ္ဘာမှာ အတော်များများ ပေါ်ပေါက်ခဲ့ဖူးပါတယ်။

ကျူးဘားက ကပ်စထရိုညီနောင်၊ ဇင်ဘာဘွေက ရောဘတ်မူဂါဘီတို့ဟာ အာဏာရှင်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေက ထွက်ပေါ်လာတဲ့ သူရဲကောင်းတွေ ဖြစ်ကြပေမဲ့ အာဏာရလာတဲ့အခါ အာဏာရှင်တွေ ဖြစ်လာတာကြောင့် သူတို့ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို ခံခဲ့ကြရပါတယ်။ ဒါပေမဲ့ သူတို့က ဟန်ပြရွေးကောက်ပွဲတွေ ကျင်းပပြီး သူတို့ရဲ့ အာဏာသက်တမ်းကို ဆွဲဆန့်ခဲ့ကြပါတယ်။ ဘီလာရုစ်က လူကာရှန်ကိုနဲ့ ကမ္ဘောဒီးယားက ဟွန်ဆန်တို့လည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ ဆားဘီးယားက မီလိုစီဗစ်နဲ့ လိုက်ဘေးရီးယားက ချားလ်စ်တေလာ တို့ကတော့ ဟန်ပြရွေးကောက်ပွဲကပဲ ထွက်ပေါ်လာတဲ့ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို ဖိနှိပ်နင်းချေဖို့ ကြိုးစားရင်း (အိုင်စီစီ) မှာ ဘဝနိဂုံး ချုပ်သွားခဲ့ကြပါတယ်။ အတိုက်အခံထောက်ခံသူ ရာနဲ့ချီပြီး လမ်းမတွေပေါ်မှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ကြရတဲ့ အီရန်က ရွေးကောက်ပွဲ၊ အတိုက်အခံခေါင်းဆောင်တွေ နည်းလမ်းမျိုးစုံနဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ကြရတဲ့ ရုရှားက ရွေးကောက်ပွဲ၊ သတင်းသမားတွေ အပါအဝင် အတိုက်အခံ ဘက်တော်သားတွေ အစုလိုက် အပြုံလိုက် လုပ်ကြံသတ်ဖြတ်ခံခဲ့ကြရတဲ့ ဖိလစ်ပိုင်က ရွေးကောက်ပွဲတွေကလည်း ပြောစမှတ်ပြုလောက်တာတွေ ဖြစ်ပါတယ်။ ဒါတွေအပြင် မသတီစရာ၊ ဝမ်းနည်းကြေကွဲ ခံပြင်း နာကြည်းစရာ ရွေးကောက်ပွဲဇာတ်လမ်းတွေ ကမ္ဘာမှာ နောက်ထပ် အများကြီး ရှိပါသေးတယ်။ ဒီလောက်ဆိုရင်တောင် မာယာများလှတဲ့ ရွေးကောက်ပွဲတွေအကြောင်း စာဖတ်သူတွေ ဆဝါးနိုင်လောက်ကြပြီမို့ ကမ္ဘာအကြောင်း ဒီလောက်နဲ့ ရပ်လိုက်ပြီး မြန်မာပြည်က ရွေးကောက်ပွဲတွေအကြောင်း ပြောပါမယ်။

မြန်မာ့ပြည်တွင်းစစ်က နိုင်ငံလွတ်လပ်ရေးရပြီးနောက် သုံးလတောင် မပြည့်သေးခင်မှာ   ပေါ်ပေါက်လာခဲ့ပါတယ်။ အခုအထိ နှစ်ပေါင်း ၇၀ ကျော်နေပြီမို့ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဖြစ်နေပါပြီ။ ဒီစစ်က ငြိမ်းချမ်းရေးကို ဆန့်ကျင်ဘက် အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုကတဆင့် ရယူနိုင်မယ်လို့ ယုံကြည်သူတွေနဲ့ ဆန့်ကျင်ဘက်အင်အားစုတွေကို အပြုတ်တိုက်ပြီးမှ ရယူနိုင်မယ်လို့ ယုံကြည်သူတွေကြား ဖြစ်ခဲ့/နေတဲ့စစ် ဖြစ်ပါတယ်။ လွတ်လပ်ရေးသက်တမ်း နှစ် ၇၀ ကျော်အတွင်း တွေ့ဆုံဆွေးနွေးရေးဝါဒီ (တနည်း) ဒီမိုကရေစီဝါဒီတွေ အာဏာရတာက စုစုပေါင်းမှ ဆယ့်ခုနစ်နှစ် (၁၀+၂+၅) လောက်ပဲရှိပြီး   ကျန်ကာလတလျှောက်လုံး နိုင်ငံအာဏာကို အပြုတ်တိုက်ရေးဝါဒီ (တနည်း) စစ်ဝါဒီတွေက ရယူထားခဲ့တာကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကိစ္စဟာ အခုအချိန်မှာ အကွေးအဆန့်ခက်ပြီး ကျီးပေါင်းတက်သလိုတောင် ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ပြဿနာက မြန်မာနိုင်ငံဆိုတဲ့ အိမ်ကြီးက ခေါင်တခုလုံး ပွင့်နေတာကြောင့် တမိုးတွင်းလုံး အဲဒီနေရာက ကျတဲ့ရေတွေ တအိမ်လုံးစိုရွှဲပြီး ကြာတော့ တအိမ်လုံး ဆွေးမြည့်လာတာ ဖြစ်ပါတယ်။ ဆိုလိုတာက ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိကတာဝန်ရှိတဲ့ စစ်တပ်က ပြည်သူတွေ ကုပ်ပေါ်ခွစီးပြီး ကိုယ်ကျိုးရှာခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းစစ်အစမှာ တာဝန်မှ ဖယ်ရှားခံခဲ့ရတဲ့ ကရင်လူမျိုး စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စမစ်ဒွန်း နေရာကို ရရှိခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ အခြေခံဥပဒေအပေါ်ထားတဲ့ သစ္စာက ၁၀ နှစ်ပဲ ခံပါတယ်။ သူက ၁၉၅၈ မှာ အာဏာသိမ်းပါတယ်။ မလွှဲသာမရှောင်သာလို့ ၁၉၆၀ မှာ ရွေးကောက်ပွဲလုပ်ပေးပြီး (သူနဲ့ရပ်တည်ချက်မတူတဲ့) အနိုင်ရပါတီကို အာဏာလွှဲပေးခဲ့ပေမဲ့ နောက်နှစ်နှစ်အကြာမှာ အာဏာထပ်သိမ်းပြန်ပါတယ်။ ဘာအခြေခံဥပဒေမှမရှိဘဲ တိုင်းပြည်ကို ၁၂ နှစ်ကြာ တရားမဝင် အုပ်ချုပ်ခဲ့ပြီးနောက် တရားဝင်မှုရရှိဖို့ ရည်ရွယ်ချက်နဲ့ တပါတီစနစ် အခြေခံဥပဒေသစ်တခုရေး၊ လူထုဆန္ဒခံယူပွဲ ဆိုတာနဲ့ အတည်ပြု၊ ရွေးကောက်ပွဲလုပ်ပြီး ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေ အားလုံး အရပ်သားအစိုးရခေါင်းဆောင်တွေ ဖြစ်လာကြပါတယ်။ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်လာတော့ အဲဒီအစိုးရက စစ်တပ်ကို အာဏာပြန်လွှဲပေးလိုက်ပါတယ်။ ဒီမိုကရေစီကတိကဝတ်တွေ ပေးထားတဲ့ စစ်အစိုးရက ၁၉၉၀ မှာ ပါတီစုံရွေးကောက်ပွဲ လုပ်ပေးပါတယ်။ ရွေးကောက်ပွဲမှာ သူနဲ့ ရပ်တည်ချက်မတူတဲ့ ပါတီက နိုင်သွားတော့ အာဏာလွှဲမပေးဘဲ နောက်နှစ်နှစ်ဆယ်ကြာအောင် ဘာအခြေခံဥပဒေမှမရှိဘဲ တိုင်းပြည်ကို တရားမဝင် အုပ်ချုပ်ပါတယ်။ နောက်တော့ စစ်အစိုးရတွေရဲ့ ထုံးစံအတိုင်း တရားဝင်မှုရရှိဖို့ ရည်ရွယ်ချက်နဲ့ အခြေခံဥပဒေသစ်တခုရေး၊ လူထုဆန္ဒခံယူပွဲ ဆိုတာနဲ့ အတည်ပြု၊ အဓိက အတိုက်အခံပါတီတွေ မဝင်တဲ့ ရွေးကောက်ပွဲလုပ်၊ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေအားလုံး အရပ်သား အစိုးရခေါင်းဆောင်တွေ ဖြစ်လာဆိုတဲ့ ရသေ့ရှစ်သောင်း ဇာတ်လမ်းကို ကပြပြန်ပါတယ်။ နောက်လုပ်တဲ့ ရွေးကောက်ပွဲနှစ်ခုစလုံးမှာ သူနဲ့ ရပ်တည်ချက်မတူတဲ့ ပါတီက အနိုင်ရပြန်တော့ ပထမတကြိမ်မှာ (ယဥ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအကြား မျက်နှာကောင်းရမလားဆိုတဲ့ မျှော်မှန်းချက်နဲ့) အာဏာလွှဲပေးလိုက်ပေမဲ့ ဒုတိယတကြိမ်မှာ အာဏာသိမ်းလိုက်ပြန်ပါတယ်။

ဒါက နောက်ဆုံးနှစ်ခုနစ်ဆယ်ကျော်အတွင်း ဖြစ်တည်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပုံပန်းကို မီးသွေးခဲနဲ့ အကြမ်းဆွဲပြလိုက်တာပါ။ ဒီပုံကြမ်းမှာ ရွေးကောက်ပွဲတွေရဲ့ ပုံရိပ်ကိုသာမက စစ်တပ်ရဲ့ ပုံရိပ်တွေကိုပါ မြင်တွေ့ကြလိမ့်မယ် ထင်ပါတယ်။ အခုလက်ရှိမှာလည်း အာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မယ်လို့ ငယ်သံပါအောင် အော်နေပြန်ပါတယ်။

တကယ်တော့ အာဏာသိမ်းစစ်အုပ်စုက မကြာခင် ရွေးကောက်ပွဲ ပြန်လုပ်ပေးဖို့ အာဏာသိမ်းစက စိတ်ကူးရှိခဲ့တာ မဟုတ်ပါဘူး။ စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်က ၂၆ နှစ်လောက် အုပ်စိုးခဲ့တဲ့ ဗိုလ်နေဝင်း၊ နှစ် ၂၀ လောက် အုပ်စိုးခဲ့တဲ့ ဗိုလ်သန်းရွှေတို့ကို အားကျပြီး သူလည်း အနည်းဆုံး နှစ် ၂၀ လောက်တော့   ဘာရွေးကောက်ပွဲမှ လုပ်စရာမလိုဘဲ အုပ်စိုးနိုင်လိမ့်မယ်လို့ စိတ်ကူးယဥ် အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေ အထင်တကြီးနဲ့ နန်းတင်ပေးခဲ့တဲ့ ဘုရင်ရူးက အတ္တ၊ မာန၊ အာဃာတကြီးတာကလွဲပြီး ကမ္ဘာ့အခြေအနေ (အထူးသဖြင့်) နှစ်ဆယ့်တစ်ရာစု မြန်မာ့အခြေအနေကို နကန်းတလုံးမှ မသိသူ ဖြစ်နေတာက မြန်မာစစ်အာဏာရှင်စနစ်အဖို့ ကြမ္မာငင်တာပါပဲ။ အခုအချိန်မှာ မြန်မာ့သမိုင်းမှာ တခါမှ ပေါ်ပေါက်ခဲ့ဖူးခြင်းမရှိတဲ့ နွေဦးတော်လှန်ရေးကြောင့် မြန်မာစစ်အာဏာရှင်စနစ်ဟာ သူ့သမိုင်းမှာ တခါမှ မကြုံဘူးတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီအခြေအနေကြောင့်ပဲ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ကို ပစ်မှတ်ထားတဲ့ ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ မျိုးနွယ်စု သုတ်သင်ရှင်းလင်းမှု ဆိုတဲ့ ကြောက်မက်ဖွယ် ရာဇဝတ်မှုကြီး အားလုံးကို လက်ရဲဇက်ရဲ ကျူးလွန်ထားတဲ့ စစ်အုပ်စုက သူ့အတွက် ထွက်ပေါက်ဖြစ်လေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အသည်းအသန် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

စစ်အုပ်စုက ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ဟာ မဲလိမ်မဲခိုးပြီး အနိုင်ရခဲ့တာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီစွပ်စွဲမှု မှန်ကန်ကြောင်း ထောက်ခံတဲ့ ဘာအချက်အလက်မှ မရှိပါဘူး။ ထောက်ခံတဲ့ အဖွဲ့အစည်းဆိုလို့လည်း သူ့ဘောမအုပ်စုတွေကလွဲပြီး တခြား ဘယ်အဖွဲ့အစည်းမှ မရှိပါဘူး။ ဒီနေ့ အာဏာသိမ်းကာလ ၄ နှစ်ဝန်းကျင် ရောက်လာတဲ့အထိ စစ်အုပ်စုကလည်း ဘာသက်သေမှ မပြနိုင်ပါဘူး။ အာဏာသိမ်းပြီးစမှာ တနိုင်ငံလုံးက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတွေနဲ့ (သူတို့လက်ထက်ကတည်းက ခန့်ထားခဲ့တာဖြစ်တဲ့) မြို့နယ်ဦးစီးမှူးတွေ အားလုံးကို ဖမ်းဆီး   ခြိမ်းခြောက်ပြီး မဲလိမ်မဲခိုးမှုတွေ ရှိခဲ့ကြောင်း အတင်းအကျပ် လက်မှတ်ထိုး ဝန်ခံခိုင်းထားခဲ့တဲ့ သက်သေတွေပဲ ရှိပါတယ်။

စစ်အာဏာရှင်စနစ်ကို ကာကွယ်ဖို့ နှစ်ပေါင်းများစွာ ပူးပေါင်းကြံစည် ရေးဆွဲပြုစုခဲ့တဲ့ အခြေခံဥပဒေကို ချိုးဖောက် အာဏာသိမ်း၊ အဲဒီအခြေခံဥပဒေထဲက ပုဒ်မတွေကို လိုသလို အဓိပ္ပာယ်ဖွင့်ပြီး သက်တမ်းအကြိမ်ကြိမ်တိုး၊ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့တဲ့ စစ်အုပ်စုက အခုတော့ အဲဒီအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲလုပ်မယ်လို့ ဆိုနေပြန်တာ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကို ဦးဆောင်ကျင်းပမယ့်သူက ICC ရဲ့ ဖမ်းဝရမ်း အထုတ်ခံရဖို့ တရာ ရာခိုင်နှုန်း သေချာနေသူ ဖြစ်ပါတယ်။

‘ငါးအပုပ် ဝယ်ကြဦးမလား’လို့ ဘယ်သူမှမအော်ပါ… (No man cries stinking fish.) ဆိုတဲ့ သိုးဆောင်းလူမျိုးတွေရဲ့ စကားပုံတခု ရှိပါတယ်။ ကိုယ် ရောင်းတဲ့ပစ္စည်း မကောင်းဘူးလို့ ဘယ်ဈေးသည်မှ မပြောဘူးဆိုတဲ့ သဘောပါ။ ဒါပေမဲ့ ကျနော်ကတော့ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်၊ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးမယ်၊ ဆိုတဲ့ ဗိုလ်မင်းအောင်လှိုင်ရဲ့ ပြောစကားကို ကြားရတိုင်း  ကျနော့်နားထဲမှာ.. ငါးအပုပ်ဝယ်ကြဦးမလား.. ဆိုတဲ့ အသံကိုပဲ ကြားနေရပါတယ်။ ဓမ္မဘက်တော်သား အားလုံးလည်း ကျနော့်လိုပဲ ကြားနေကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဆားသိပ်ပြီး ငါးပိလုပ်လို့တောင် မရနိုင်လောက်အောင် ပုပ်စပ် ရိရွဲနေတဲ့င ါးမှန်း သူတို့ကိုယ်တိုင် သိသိကြီးနဲ့ အဲဒီငါးကိုဝယ်ဖို့ ပြင်နေတဲ့လူတွေ၊ နိုင်ငံတွေကိုလည်း တွေ့နေရပါတယ်။ ကျနော်ကတော့ သူတို့ကိုကြည့်ပြီး အချိန်တိုင်း နေရာတိုင်းမှာ ‘ငတေဝါဒီ’ ဆိုတာ ရှိစမြဲပဲဆိုတဲ့ အချက်ကို တွေးတောဆင်ခြင်နေမိပါတယ်။

စည်တော်သံ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024