Home
ဆောင်းပါး
တစ္ဆေနှင်တံ
DVB
·
January 26, 2025
Design-DVB

နွေဦးတော်လှန်ရေးကို ဂရပ်မျဥ်းဆွဲဖို့ အမှတ်စက်တွေချကြည့်ရင် အပေါ်လွင် အထင်ရှားဆုံး အစမှတ်က (၁-၉-၂၀၂၁) မှာ ထွက်ပေါ်လာတဲ့ မြန်မာနိုင်ငံတဝန်းလုံးမှာ ပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်နေပြီဖြစ်ကြောင်း NUG ယာယီသမ္မတကြီးရဲ့ ကြေညာချက်ဖြစ်မယ် ထင်ပါတယ်။ အဲဒီကနေ   အခုနောက်ဆုံး နွေဦးဘက်တော်သား ERO တဖွဲ့ဖြစ်တဲ့ KIO က မံစီမြို့ကို အပြီးတိုင် သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့ အမှတ်စက်အထိ ပေါ်ထွက်လာခဲ့တဲ့ ထင်ရှားတဲ့ အမှတ်စက်တွေကို ဆက်ဆွဲကြည့်လိုက်ရင် ဂရပ်မျဥ်းက အထက်ကို ထောင်တက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရရင် အဲဒီအမှတ်စက်အချို့ကြားမှာ အောက်ဘက်ကို နိမ့်ဆင်းသွားတဲ့ အမှတ်စက် အနည်းငယ်လည်း ရှိခဲ့ပါတယ်။ အဲဒါတွေထဲမှာ ဟိုင်ဂင်သဘောတူချက်နဲ့ ၁၀/၂၇ စစ်ဆင်ရေးကို ရပ်ဆိုင်းပေးလိုက်ရတာ၊ ရွှေလီအုပ်ချုပ်ရေးအဖွဲ့က TNLA ကို မိုက်ရိုင်းရင့်သီး စော်ကားတဲ့ အသုံးအနှုန်းတွေသုံးပြီး တိုက်ခိုက်မှုတွေရပ်ဆိုင်းဖို့ တားမြစ်တာ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း TNLA နဲ့ MNDAA တို့က ကြေညာချက်တွေ ရှေ့ဆင့်နောက်ဆင့် ထုတ်ပြန်ခဲ့တာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် UWSA နဲ့ တွေ့ဆုံစဥ်မှာ တရုတ်အစိုးရ ကိုယ်စားလှယ်က မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို စော်ကားခြိမ်းခြောက်တဲ့ သတင်းစကားတွေ ပေးပို့ခဲ့တယ်ဆိုတဲ့ သတင်းတခုလည်း ထွက်ပေါ်လာခဲ့ပါသေးတယ်။

ဘယ်လိုပဲ မိုးကြိုးပစ် ထန်းလက်ကာ သံတမန်စကားတွေ ပြောနေပေမဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တရုတ်အစိုးရက ကြောင်သူတော်မူဝါဒ (hypocritic policy) ကျင့်သုံးနေတယ်ဆိုတဲ့ အချက်က  တနေ့တခြား လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပေါ်လွင်လာနေပါတယ်။ တော်လှန်ရေးအဖွဲ့တွေနဲ့   စကစ ဖြစ်နေတဲ့ မြန်မာ့ပြည်တွင်းစစ်မှာ တရုတ်က အပစ်ရပ်ဖို့ (သူ့သြဇာလွှမ်းမိုးမှုကို မပယ်လှန်နိုင်တဲ့) တော်လှန်ရေးအဖွဲ့တွေကို လူသိရှင်ကြား ဖိအားပေး တောင်းဆိုနေပေမဲ့ စကစ ကို အဲသလို တောင်းဆိုခြင်းရှိမရှိ မသိရပါဘူး။ လက်တွေ့မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မအလတို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးအပြီးမှာ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ နေထိုင်နေကြတဲ့ ပြည်သူတွေအပေါ် စကစ ရဲ့ ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်၊ မီးရှို့ဖျက်ဆီးသတ်ဖြတ်မှုတွေက ပိုမိုမြင့်တက်လာပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ထံ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ထောက်ခံကြောင်း အတိအလင်း လူသိရှင်ကြား ပြောဆိုထားတဲ့ တရုတ်အစိုးရက အခုတော့ အဲဒီဘုံသဘောတူညီချက်ထဲမှာ မပါတဲ့ စကစ က လုပ်မယ်လို့ ဟစ်ကြွေးထားတဲ့ ရွေးကောက်ပွဲကို ထောက်ခံပံ့ပိုး ကူညီမယ်လို့ ပြောဆိုနေပြန်ပါတယ်။

အဲဒီ ပထဝီနိုင်ငံရေး ပေးထားချက်မှာ နွေဦးဘက်တော်သားတွေ (အထူးသဖြင့် ခေါင်းဆောင်တွေ) အနေနဲ့ ကြောင်သူတော်မူဝါဒကို တရုတ်က ဘာကြောင့်ကျင့်သုံးတာလဲ၊ မိမိတို့က တရုတ်ရဲ့ အဲဒီမူဝါဒကို ထိထိရောက်ရောက် တန်ပြန်နိုင်မယ့် ဘယ်လိုမဟာဗျူဟာမျိုး ချမှတ်ကျင့်သုံးမလဲ ဆိုတာကို လေးလေးနက်နက် စဥ်းစားဆင်ခြင် သုံးသပ်ကြရမှာပါ။

ကမ္ဘာ့ရပ်မိရပ်ဖနိုင်ငံ (လုံခြုံရေးကောင်စီမှာ ဗီတိုပိုင်ရှင်) တခု ဖြစ်နေတာကြောင့် တရုတ်က သူဟာ ကမ္ဘာ့ရေးရာတွေမှာ တရားမျှတမှုဘက်က ရပ်တည်သူဖြစ်ကြောင်း ကမ္ဘာကိုပြသဖို့ လိုအပ်ပါတယ်။ အဲသလိုပြသဖို့ ကြိုးစားမှုတွေကိုလည်း မြင်တွေ့ခဲ့ရဖူးပါတယ်။ ဒါပေမဲ့   တရားမျှတမှုနဲ့ ကိုယ်ကျိုးစီးပွား ယှဥ်လာတဲ့အခါမျိုးမှာတော့ ပြဿနာတက်လေ့ ရှိပါတယ်။ အဲသလို အခြေအနေမျိုးမှာ တရုတ်ရဲ့ ကြောင်သူတော်မူဝါဒကို ကမ္ဘာက မြင်တွေ့ကြရပါတယ်။ လတ်တလောမှာ အထင်ရှားဆုံး မြင်တွေ့နေရတာကတော့ မြန်မာ့အရေးမှာ ဖြစ်ပါတယ်။ မြန်မာက တရုတ်ရဲ့ အကျိုးစီးပွားနဲ့  နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်စပ်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေနဲ့ ပြည်သူတွေ ထိပ်တိုက်တွေ့နေကြတာဖြစ်တဲ့ လက်ရှိ မြန်မာ့အရေးမှာ ကြောင်သူတော်မူဝါဒကို တရုတ်ကျင့်သုံးရတဲ့ အကြောင်းရင်း အနည်းဆုံး ၅ ခု ရှိပါတယ်။

ပထမဆုံးတခုက ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း ဖြစ်ပါတယ်။ ဒီပိုက်လိုင်းကြောင့် တရုတ်သင်္ဘောတွေ (မလက္ကာရေလက်ကြားကပတ်ပြီး သွားစရာမလိုတော့တဲ့အတွက်) ကုန်ကျစရိတ်လည်းသက်သာ၊ လုံခြုံရေးအန္တရာယ် အလားအလာလည်း နည်းပါးသွားပါတယ်။ အဲဒီပိုက်လိုင်းလုံခြုံရေးကို အကြောင်းပြုပြီး မြန်မာ့အချုပ်အခြာအာဏာကို ဖဲ့ယူနိုင်တဲ့ ဘေးပန်းထုတ်ကုန်တခုကိုပါ ရရှိထားပါသေးတယ်။  ဒါ့အပြင် အဲဒီပိုက်လိုင်းကို အကြောင်းပြုပြီး တရုတ်သင်္ဘောတွေ ရခိုင်ကမ်းရိုးတန်းမှာ ဖြန့်ကြက်သွားလာနိုင်မှာ ဖြစ်တဲ့အတွက် သူ့ရဲ့ရန်သူတော်ကြီးတွေ ဖြစ်ကြတဲ့ အမေရိကန်နဲ့ အိန္ဒိယတို့ကို တစုံတခုသော အတိုင်းအတာအထိ စစ်ဆေးထိန်းညှိ (check and balance) ထားနိုင်မှာဖြစ်ပါတယ်။

ဒုတိယတခုက (စစ်အာဏာရှင်စနစ်သာ ဆက်လက်တည်ရှိသွားရင်) သူ့ရဲ့  ရုပ်သေးရုပ်တရုပ် ဖြစ်လာမယ့် မြန်မာနိုင်ငံကို အသုံးချပြီး အာဆီယံကို သူလိုသလို ထိန်းချုပ်စေစား (manipulate) နိုင်ဖို့ ဖြစ်ပါတယ်။

တတိယတခုက ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ သူ့ရဲ့ ကုန်းတွင်းပိတ် ပြည်နယ်တခုဖြစ်တဲ့ ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပင်မအရင်းအမြစ်ဖြစ်တဲ့ မြန်မာ့သယံဇာတများ ဖြစ်ပါတယ်။

စတုတ္ထတခုက မြန်မာက သူ့ရဲ့ ခါးပတ်လမ်းစီမံကိန်း (Belt and Road Initiative-BRI) မှာ အရေးပါတဲ့ ချိန်းကြိုးကွင်းဆက်တခု ဖြစ်နေတာ ဖြစ်ပါတယ်။

အဲဒါတွေအားလုံးထက် ပိုအရေးကြီးတဲ့ ပဥ္စမအချက်က ခေတ်ပြိုင် မဟာအင်အားလွန်နိုင်ငံတွေရဲ့ ထုံးစံအတိုင်း မိမိရဲ့ ခြံစည်းရိုးနားမှာ ပြိုင်ဘက်က အလံလာစိုက်တာကို ခွင့်မပြုနိုင်ခြင်း ဖြစ်ပါတယ်။ အဲဒါမျိုးကို ၁၉၇၂ က ကျူးဘားဒုံးပျံအရေးအခင်းမှာ တွေ့ခဲ့ရပြီး လတ်တလောမှာ ယူကရိန်း-ရုရှား စစ်ပွဲမှာ တွေ့မြင်နိုင်ပါတယ်။

အခုဖော်ပြခဲ့တဲ့ အချက်တွေထဲမှာ အချက် ၁၊ ၃၊ ၄ တို့က အချက်အလက် (fact) တွေ ဖြစ်ပါတယ်။ (တနည်း) ဘဝဖြစ်ပါတယ်။ ဥပမာ မောင်မောင်ဟာ အရက်သမားရဲ့သား ဖြစ်တယ်ဆိုတာ အချက်အလက် ဖြစ်ပါတယ်။ မောင်မောင်ရဲ့ဘဝ ဖြစ်ပါတယ်။ အဲဒါကို ပြောင်းလဲလို့မရပါဘူး။ အချက်အလက်ကို ပြောင်းလဲသွားအောင် လုပ်လို့မရပါဘူး။ အချက် ၂၊ ၅ တို့က အချက်အလက် မဟုတ်တဲ့အတွက် (တနည်း) ဆန္ဒသာဖြစ်တဲ့အတွက် ပြောင်းလဲသွားအောင် လုပ်လို့ရပါတယ်။ ပြောင်းလဲသွားအောင် နွေဦးဘက်တော်သားတွေက လုပ်ကြရမှာဖြစ်ပါတယ်။ မြန်မာကို တရုတ်ရဲ့ ထားရာနေ စေရာသွား  အန္တေဝါသိကနိုင်ငံတခု ဖြစ်မလာအောင်၊ မြန်မာကို ပြည်သူတွေရဲ့ ဆန္ဒအပေါ် အခြေခံတဲ့ နိုင်ငံရေးစနစ် ကျင့်သုံးနိုင်တဲ့နိုင်ငံတခု ဖြစ်လာအောင် နွေဦးဘက်တော်သားတွေက လုပ်ကြရမှာ ဖြစ်ပါတယ်။

ဒီလိုလုပ်နိုင်ဖို့အတွက် နွေဦးခေါင်းဆောင်တွေ မဟာဗျူဟာနှစ်ရပ်ကို ချမှတ်ကျင့်သုံးကြရမှာ ဖြစ်ပါတယ်။ (တနည်း) နွေဦးပြည်သူတွေကို ခြောက်လှန့်ဖို့ ကြိုးစားနေတဲ့ တစ္ဆေကို နှင်ထုတ်ဖို့ နှင်တံနှစ်ချောင်း ဖန်တီးကြရမှာ ဖြစ်ပါတယ်။ ပထမနှင်တံက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်လိုတဲ့ အင်အားစုအားလုံးအကြား ခိုင်မာကျစ်လျစ်တဲ့ ညီညွတ်ရေး တည်ဆောက်ဖို့ ဖြစ်ပါတယ်။ အဲဒီညီညွတ်ရေးကို မတည်ဆောက်နိုင်ရင် လက်ရှိ ရရှိထားတဲ့ အောင်မြင်မှုတွေ မကြာခင် ရေစုန်မျောပြီး အားလုံး ဒုံရင်းပြန်ဆိုက်သွားမယ်ဆိုတာ နွေဦးခေါင်းဆောင်တွေ သတိကြပ်ကြပ်ထားကြဖို့ လိုအပ်ပါတယ်။ အဲဒီညီညွတ်ရေးကြောင့် တချက်ခုတ်  သုံးချက်ပြတ် အကျိုးကျေးဇူးရှိမှာ ဖြစ်ပါတယ်။ တခုက လက်ရှိစစ်တပ် ပြိုကွဲသွားရင် တိုင်းပြည်ပါ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားမှာကို ရိုးရိုးသားသား စိုးရိမ်နေကြတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ နောက်တချက်က တရုတ်တစ္ဆေကြီးဖြစ်ပြီး နောက်ဆုံးတချက်က (မအလ/စကစ) အုပ်စုဖြစ်ပါတယ်။ အဲဒီညီညွတ်ရေးကို နိုင်ငံရေးနဲ့ စစ်ရေးဆိုပြီး အဆင့်နှစ်ဆင့်နဲ့ တည်ဆောက်သွားသင့်ပါတယ်။

ဒုတိယနှင်တံက တရုတ်ပါဝါကို ထိန်းညှိနိုင်တဲ့ ပါဝါတခု တည်ဆောက်ရေး ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် အမေရိကန် ဦးဆောင်တဲ့ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေနဲ့ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ တရုတ်ငြိုငြင်အောင် မလုပ်သင့်ဘူးတို့၊ ကိုယ်စားလှယ်စစ်ပွဲ (proxy war) ဖြစ်လာလိမ့်မယ်တို့ ဆိုတဲ့ ဖိုးဘီးယားတွေကို ခေါင်းထဲက ထုတ်ပစ်နိုင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ဆက်ရှိနေဖို့ လိုအပ်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့ တဖက်သတ် လုပ်ကိုင်နေတဲ့ တရုတ်အတွက် ရွှေပြည်အေးတရားက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာအပေါ် ကျင့်သုံးခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ချိန်ဘာလိန်ရဲ့ ချွေးသိပ်ချော့မြှူရေးနည်းလမ်း (appeasement policy) က အလုပ်မဖြစ်ခဲ့တာကို သတိရပါ။ (မအလ/စကစ) ကို ပြည်သူတွေက သူ နားလည်တဲ့ ဘာသာစကားနဲ့ ပြောခဲ့သလိုပဲ တရုတ်ကိုလည်း သူ နားလည်တဲ့ ဘာသာစကားနဲ့ပဲ ပြောရမှာပါ။ မြန်မာပြည်သူတွေရဲ့ ဆန္ဒမပါဘဲ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို (ဘယ်လောက်ပဲ အင်အားကြီးမားပါစေ) တခြားဘယ်နိုင်ငံကမှ လာပြီး ပြဋ္ဌာန်းလို့ မရနိုင်ဘူး ဆိုတာကို အခိုင်အမာ ပြသရမှာ ဖြစ်ပါတယ်။

စည်တော်သံ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024