Home
ဆောင်းပါး
နိုင်ငံရေးနှင့် စစ်ပွဲ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
January 21, 2025

ဦးခင်မောင်မြင့်ကို ဒီနေ့ (Gen-Z) လို့ တင်စားခေါ်ဝေါ်နေကြတဲ့ အသက်နှစ်ဆယ် ဝန်းကျင်နဲ့ သုံးဆယ်ဝန်းကျင်ကြားရှိတဲ့ လူငယ်ဧရာမအများစုကြီးက သိကြမှာမဟုတ်ပေမဲ့ အဲဒီအသက်အရွယ်အထက်က (မြန်မာ့နိုင်ငံရေးလောကနဲ့ နီးစပ်မှုရှိတဲ့) လူတိုင်းနီးပါးက သိကြ(မယ်ထင်)ပါတယ်။ သူက မြန်မာဂန္ထဝင်အဆိုတော်ကြီး ကိုသန်းလှိုင်ရဲ့ အစ်ကိုရင်းဖြစ်ပေမဲ့ သူ့ညီလို အနုပညာလောကသား မဟုတ်ပါဘူး။ ကိုလိုနီဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေမှာ တလျှောက်လုံး ပါဝင်ခဲ့လို့ အကြိမ်ကြိမ် အထိန်းသိမ်းခံခဲ့ရပြီး နောက်ဆုံး (နဝတ)ခေတ်မှာ စစ်အာဏာရှင်စနစ်ကို ဒူးမထောက် လက်မမြှောက်စတမ်း တိုက်ပွဲဝင်ရင်း ထောင်ထဲမှာပဲ ကျဆုံးသွားခဲ့သူ ဖြစ်ပါတယ်။

နဝတ ခေတ်မှာ ပါတီစုံစနစ် ပြန်ပေါ်လာတော့ ဦးခင်မောင်မြင့်က ပြည်သူ့တိုးတက်ရေးပါတီ (People's Progressive Party-PPP) ကို ထူထောင်ပါတယ်။ သူ့ပါတီဝင် အားလုံးနီးပါးက လက်ဝဲဝါဒကို တိမ်းညွတ်သူ နိုင်ငံရေးအကျဥ်းသားဟောင်းတွေ ဖြစ်ကြပါတယ်။ ၁၉၈၉ နှစ်ဆန်းပိုင်းလောက် တနေ့မှာ သူနဲ့ သူ့ပါတီဝင်တချို့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့အိမ်မှာ သွားတွေ့ကြပါတယ်။ သုံးနာရီဝန်းကျင်လောက် စကားပြောကြပြီး သူတို့ပြန်ဖို့လုပ်တော့ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို အိမ်ဝအထိ လိုက်ပို့ပါတယ်။ အိမ်ဝရောက်တော့ ရပ်လိုက်ကြချိန်မှာ ဦးခင်မောင်မြင့်က ဒေါ်အောင်ဆန်းစုကြည်ကို… မစု.. ဒီနိုင်ငံမှာ စစ်အာဏာရှင်စနစ်အကြောင်း သေသေချာချာ ဂဃနဏ မသိရင် နိုင်ငံရေးပြဿနာတွေရဲ့ အဖြေကို ရှာတွေ့မှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဘာစကားမှ မတုံ့ပြန်ဘဲ တွေကြည့်နေချိန်မှာ သူတို့အားလုံး ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့ကြပါတယ်။

အခုဆို ဦးခင်မောင်မြင့် အဲဒီစကားကို သူ့အသက်နဲ့ရင်းပြီး ပြောခဲ့တာ ၃၅ နှစ် ရှိသွားပါပြီ။ သူ အဲဒီစကားပြောပြီး သုံးဆယ့်နှစ်နှစ်အကြာ ၂၀၂၁ ကျမှ မြန်မာပြည်သူလူထု ဧရာမအများစုကြီး အဲဒီစကားရဲ့ အဓိပ္ပာယ်ကို အပြည့်အဝ နားလည်သဘောပေါက်သွားကြတဲ့အတွက် နွေဦးတော်လှန်ရေးကို  ဆင်နွှဲခဲ့ကြပါတယ်။ ဒီတော်လှန်ရေးရဲ့ ထူးခြားတဲ့ သင်္ကေတတခုက (Gen-Z) ဆိုတဲ့စကားလုံး ဖြစ်ပါတယ်။ အဓိပ္ပာယ်က မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေတဲ့ အခုလက်ရှိ လူငယ်မျိုးဆက်ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ မျိုးဆက်တွေထဲမှာ နောက်ဆုံးမျိုးဆက် ဖြစ်စေရမယ်။ ဒီမျိုးဆက်မှာ စစ်အာဏာရှင်စနစ်ကို အပြီးအပြတ် တိုက်ခိုက်ချေမှုန်းမယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ နွေဦးဘက်တော်သား ကျန်မြန်မာပြည်သူအားလုံးကလည်း အဲဒီအသုံးအနှုန်းကို နှစ်သက်မြတ်နိုးမှုအပြည့်၊ လေးစားတန်ဖိုးထားမှုအပြည့်နဲ့ သုံးနှုန်း ပြောဆိုနေကြပါတယ်။ အဲဒီသဘောထား ခံယူချက်နဲ့ လိုက်လျောညီထွေစွာပဲ နွေဦးဘက်တော်သား မြန်မာပြည်သူတွေရဲ့ အထင်ရှားဆုံး ကြွေးကြော်သံက “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဖြစ်ပါတယ်။ ဒီကြွေးကြော်သံက ဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု အားလုံးအတွက် စစ်အာဏာရှင်တွေ အတိအကျ ပြန်လည် ပေးဆပ်ရမယ်။ ဒီကိစ္စအတွက် အလျှော့အတင်း အပေးအယူလုပ်စရာ အကြောင်းမရှိဘူးဆိုတဲ့ ပြည်သူတွေရဲ့ ရပ်တည်ချက် သဘောထားကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။ အဲဒီရပ်တည်ချက် သဘောထား အကောင်အထည် ဖြစ်လာအောင်လည်း နွေဦးပြည်သူ အားလုံးက ကျရာကဏ္ဍက နိုင်ရာတာဝန်ထမ်းပြီး အားသွန်ကြိုးပမ်း ဆောင်ရွက်နေကြပါတယ်။ ကြိုးပမ်းသလောက်လည်း ခရီးအတန်ရောက်နေပြီဆိုတာ အထင်အရှား ဖြစ်ပါတယ်။

အဲသလိုအချိန်မှာ အဲဒီကြွေးကြော်သံဟာ ပြည်သူတွေကို ချင်း(ဂျင်း)ထည့်ဖို့ (နဝတ/နအဖ) စစ်အစိုးရတွေ တလျှောက်လုံး ကြွေးကြော်လာခဲ့ကြတဲ့။ “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်” ဆိုတဲ့ ကြွေးကြော်သံလိုပဲ သင်္ကြန်အမြောက်သံတခုသာ ဖြစ်တယ်ဆိုတဲ့ သဘောမျိုး ပြောဆိုသံတခု ထွက်ပေါ်လာပါတယ်။ အားလုံးသိကြတဲ့အတိုင်း အခုအချိန်မှာ ငွေဆောင်ဆွေးနွေးပွဲက တုံ့ပြန်ဆွေးနွေးသူ များလွန်းလို့ ၁၉၈၀ ဝန်းကျင်နှစ်များကာလက ပေါ်ထွက်ခဲ့ဖူးတဲ့ နာမည်ကြီး ဓမ္မကထိက ဆရာတော်တပါး   သူ့တရားထဲ ထည့်ထည့်ပြောလေ့ရှိသလို ဗွက်ထနေပြီ ဖြစ်တာမို့ ကျနော့်အနေနဲ့ အဲဒီဗွက်ထဲ ဝင်လျှောက်ဖို့ သဘောထားမရှိခဲ့တာ အမှန်ပါ။ ဒါပေမဲ့ (သိပ်တော့မကျယ်လှပေမဲ့) ငွေဆောင်ဆွေးနွေးပွဲမှာ ပါဝင်သူတွေဟာ နိုင်ငံရေးအစဥ်အလာရှိသူတွေ ဖြစ်တယ်။ သူတို့ဟာ နိုင်ငံကောင်းစားရေးအတွက် စစ်မှန်တဲ့ စေတနာရှိသူတွေ ဖြစ်တယ်။ သူတို့ရဲ့ ရင့်ကျက်တဲ့ နိုင်ငံရေးအတွေ့အကြုံတွေပေါ်မှာ အခြေခံပြီး ထွက်လာတာဖြစ်တဲ့ သူတို့ရဲ့ စဥ်းစားတွေးတော ယူဆပြောဆိုချက်တွေကို လုံးဝပစ်ပယ် လျစ်လျူရှုတာမျိုးမလုပ်ဘဲ သုံးလို့ရတာ ယူသုံးသင့်တယ်ဆိုတဲ့ အသံတသံကလည်း ထွက်လာလို့ ဟ… ဒီလိုတော့ မဖြစ်ချေဘူး၊ စဥ်းစားရင်း စဥ်းစားရင်း ယွင်းမှားကုန်မှအခက်၊ တယောက် ယိုင်ပြီး ထိုင်သွားလည်း တယောက်အလျောက် နစ်နာတယ်၊ ဒါကြောင့် မြန်မာ့နိုင်ငံရေးကို တလျှောက်လုံး စူးစမ်းလေ့လာ သုံးသပ်လာသူ တယောက်အနေနဲ့ ငါလည်း ငါ့အမြင် ထွက်ပြောဦးမှ ဆိုတဲ့အတွေးနဲ့ ဒီဆောင်းပါးကို ရေးဖြစ်သွားခဲ့တာပါ။

ငွေဆောင်မှာ ပါဝင်သူတွေထဲက တချို့ဟာ တကယ်ပဲ နိုင်ငံအတွက် သူတို့ဘဝကို ပေးဆပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ တကယ်ပဲ နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်ကြသူတွေ ဖြစ်ပါတယ်။ တကယ်ပဲ အသိပညာ ဗဟုသုတ ကြွယ်ဝကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဦးခင်မောင်မြင့် စကားကို ကိုးကားပြီး  ပြောရရင် သူတို့ဟာ မြန်မာစစ်အာဏာရှင်စနစ်အကြောင်း သေသေချာချာ ဂဃနဏ နားလည်သူတွေ ဟုတ်မဟုတ် ဆိုတာကတော့ ကျနော်တယောက်တည်းအနေနဲ့ ပြောရရင် မသေချာပါဘူး။ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က “မြန်မာနိုင်ငံမှာ စစ်တပ်ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး။ မြန်မာစစ်တပ်ဆိုတာ ဘင်္ဂလားပင်လယ်အော်ထဲ ကန်ချပစ်ရမယ့်ကောင်တွေ”လို့ ဘာကြောင့် ပြောခဲ့တာလဲ။ သူ့ကို ထောင်ထဲ ၁၉ နှစ်ထည့်ထားပြီး နှိပ်စက်ညှဥ်းပန်းခဲ့မှုအပေါ်မှာ အကြောင်းခံပြီး ပေါ်ပေါက်လာနိုင်တဲ့ အငြိုးအတေး အာဃာတကြောင့်လား။ ဒါမှမဟုတ် ဆရာကြီးဟာ မြန်မာစစ်အာဏာရှင်စနစ်ရဲ့ ပင်ကိုရုပ်ရင်းကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း မြင်ထားသူ ဖြစ်တာကြောင့်လား။

ငွေဆောင် ကြေညာချက်မှာပါတဲ့ တောင်းဆိုချက် ၇ ချက်ထဲက အချက်အများစုက ပြည်သူတွေအတွက် အမှန်တကယ်ကို လိုအပ်နေတဲ့အချက်တွေ ဖြစ်ပါတယ်။ တခုပါပဲ။ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးတဲ့။ နွေဦးခေါင်းဆောင်တွေက ပြည်သူတွေအပေါ် လူမဆန်တဲ့ ရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်ထားတဲ့ နိုင်ငံတကာဝရမ်းပြေး ဖြစ်လာတော့မယ့် ရာဇဝတ်ကောင်နဲ့ တွေ့ဆုံဆွေးနွေးရမှာလား။ သွေးစွန်းနေတဲ့ (မအလ/စကစ) ရဲ့ လက်တွေနဲ့ လက်ဆွဲနှုတ်ဆက်ရမှာလား။ ရုစဘဲ့၊ ချာချီနဲ့ စတာလင်တို့ဟာ ဟစ်တလာ၊ မူဆိုလီနီ၊ တိုဂျိုတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြသလား။ ဒုတိယကမ္ဘာစစ်ဟာ တွေ့ဆုံဆွေးနွေးပွဲနဲ့ ပြီးဆုံးသွားခဲ့တာလား။ လက်နက်ခံ အညံ့ခံ အရှုံးပေးကြောင်း လက်မှတ်ထိုးပွဲနဲ့ ပြီးဆုံးသွားခဲ့တာလား။ နွေဦးဘက်တော်သားတွေက တွေ့ဆုံဆွေးနွေးရေးကို ဘယ်တုန်းကမှ မငြင်းပယ်ခဲ့ပါဘူး။ ဒါပေမဲ့ ဘယ်သူမှတော့ ဆွေးနွေးပွဲကို အရူးကွက်နင်းပြီး တက်လာလို့မရပါဘူး။ တွေ့ဆုံဆွေးနွေးပွဲအတွက် မရှိမဖြစ် လိုအပ်တဲ့ တင်ကူးအခြေအနေ ၆ ခုကို နွေဦးခေါင်းဆောင်တွေရဲ့   ကြေညာချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသားပါ။

သေချာတာတခုက ငွေဆောင် အတွေးအခေါ်ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ရုန်းကန်မှုအတွင်း နိုင်ငံရေးအရင်းအနှီး တစုံတရာ စုဆောင်းရရှိနိုင်ခဲ့ပေမဲ့ အဆုံးတနေ့မှာ စစ်အာဏာရှင်စနစ်အောက်ကို ခေါင်းလျှိုဝင်ရောက်သွားခဲ့ကြတဲ့ အစဥ်အလာရှိ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား တချို့လိုပဲ စစ်တပ်ကို နိုင်အောင်တိုက်ဖို့ဆိုတာ မမက်ကောင်းတဲ့အိပ်မက် ဖြစ်တယ်ဆိုတဲ့ အယူအဆကနေ ပေါက်ဖွားလာတဲ့ အတွေးအခေါ်သာ ဖြစ်ပါတယ်။ တနည်းပြောရရင် မိမိရဲ့ အားသာချက် အားနည်းချက်၊ ရန်သူရဲ့ အားသာချက် အားနည်းချက်တွေကို ချင့်တွက်ရာမှာ နွေဦးဘက်တော်သားတွေရဲ့ ချင့်တွက်မှုနဲ့ ဆန့်ကျင်ကွဲပြားခြားနားတဲ့ ချင့်တွက်မှုကနေ ပေါ်ထွက်လာတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ ငွေဆောင်သမားတွေက (စကစ)  အောက်မှာ ပါတီထောင် ရွေးကောက်ပွဲဝင်မယ့် ရှစ်လေးလုံးမျိုးဆက်တွေလောက် အတွေးအခေါ် ကတိမ်းကပါး ဖြစ်မသွားပေမဲ့ ကျနော်တို့ ပစ်မထားပါဘူး။ လုပ်နိုင်သလောက်တော့ လုပ်နေပါတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖိန့်လုပ်နေတဲ့ အာဆီယံနဲ့ ကြောင်းတူသံကွဲ ဖြစ်နေတာကတော့ တချိန်က လမ်းချင်းတူခဲ့တဲ့ အဲဒီလူတွေအတွက် ဝမ်းနည်းမိသလိုလို ခံစားရပါတယ်။ အခုတော့ လမ်းချင်းမတူလို့ လူချင်းမတွေ့နိုင်တော့ဘူး ထင်ပါရဲ့။

ပြည်သူတွေကတော့ အဆုံးအထိသွားဖို့ ပိုင်းဖြတ်ထားပြီးကြပါပြီ။ ဓမ္မနဲ့ အဓမ္မမှာ ကြားလမ်း  မရှိပါဘူး။ ၁-၂-၂၀၂၁ မတိုင်မီတုန်းက အနီနဲ့ အစိမ်းကြားမှာ ကြားအရောင်တွေ ရှိကောင်းရှိနိုင်ခဲ့မှာ ဖြစ်ပေမဲ့ လက်ရှိမှာ အနီမဟုတ်ရင် အစိမ်း၊ အစိမ်းမဟုတ်ရင် အနီပါပဲ။ နောက်တခု ပြောစရာရှိတာက နိုင်ငံရေးအရင်းအနှီးဆိုတာက မြှုပ်နှံမှုမှန်ရင် ကြီးထွားလာပြီး မှားရင် သေးကျုံ့သွားတတ်တဲ့အရာမျိုး ဖြစ်ပါတယ်။ ဘကြီးဘဖေတို့၊ ဂဠုန်ဦးစော တို့သာမက ဗိုလ်နေဝင်းတောင် နိုင်ငံရေးအရင်းအနှီး ရှိခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ မြှုပ်နှံမှုမှားတော့ သူတို့ဟာ သမိုင်းမှာ အရှုံးသမားတွေ ဖြစ်သွားခဲ့ကြပါတယ်။

နိုင်ငံရေးက သွေးမထွက်တဲ့စစ်ပွဲ ဖြစ်ပြီး စစ်ပွဲက သွေးထွက်တဲ့နိုင်ငံရေး ဖြစ်ပါတယ်။ ဒီနေ့မှာ   မြန်မာပြည်သူလူထု အများစုကြီးက သွေးထွက်တဲ့နိုင်ငံရေး လုပ်နေကြပါတယ်။ အဲဒါက ပြည်သူတွေ ရွေးချယ်တဲ့လမ်း မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေ ရွေးချယ်တဲ့လမ်း ဖြစ်ပါတယ်။ အဲဒီလမ်းအတွက် အကျိုးဆက်မှန်သမျှကို ရွေးချယ်သူတွေက တာဝန်ယူရမှာ ဖြစ်ပါတယ်။ အဲသလို တာဝန်ယူအောင်လည်း ပြည်သူတွေက အဆုံးအထိ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးက မြန်မာ့သမိုင်းမှာ တခါမှ မပေါ်ပေါက်ဘူးတဲ့ ဒီလှိုင်းကြီးနဲ့ တူပါတယ်။ အဲဒီ ဒီလှိုင်းကြီးက သူ့လမ်းကြောင်းကို (ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ) တိမ်းစောင်းသွားအောင်၊ နှေးကွေးသွားအောင် လုပ်နေတဲ့ အရာမှန်သမျှကို ဖြိုဖျက်တိုက်ချသွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ပြည်သူချစ်လျှင် ကမ္ပည်းတင်၊ ပြည်သူမုန်းလျှင် မျိုးတုံး ဆိုတာ နိုင်ငံရေးသမားတွေအတွက် အခြေခံသင်ရိုးညွှန်းတမ်း ဖြစ်ပါတယ်။

စည်တော်သံ

(သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024