Home
ဆောင်းပါး
ငွေဆောင်မှာ သာတဲ့လ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
January 7, 2025

နှစ်သစ်ကို သွေးသံတရဲရဲ ဗုံးကြဲခြင်းတွေနဲ့ ဖွင့်လှစ်လိုက်ပေမဲ့ ငြိမ်းချမ်းရေးစကားလည်း ပြောထွက်ရဲ တာဟာ မင်းအောင်လှိုင်တင်ဆက်နေကျ ဗလောင်းဗလဲဇာတ်ဖြစ်တာကြောင့် ထူးဆန်းလှတယ်တော့ ဘယ် ဟုတ်မလဲ။

ဒီဇင်ဘာ ၃၀ ရက်၊ ကရင်နှစ်သစ်ကူးနေ့ မင်းအောင်လှိုင်ရဲ့သဝဏ်လွှာမှာ တွေ့ဆုံဆွေးနွေးရေးအတွက် အစဉ်တံခါးဖွင့်ထားကြောင်း ဖော်ပြထားပြီး ကေအဲန်ယူ သထုံခရိုင်နဲ့ ဖာပွန်ခရိုင်အတွင်း ကျင်းပတဲ့ ကရင်နှစ်သစ်ကူးအခမ်းအနားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟာ မပြောရဲတာလည်း ဘာမှမရှိ၊ မလုပ်ရဲတာလည်း ဘာမှမရှိတဲ့ မင်းအောင်လှိုင်ပီသကြောင်း အကောင်းဆုံး သက်သေပြချက်ပါပဲ။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် ရောက်တော့လည်း ဥက္ကဋ္ဌလည်းသူ၊ ဝန်ကြီးချုပ်လည်းသူ၊ ဗိုလ်ချုပ်မှူးကြီးလည်းသူပဲလို့ သူ့ကိုယ်သူ ရာထူးအမျိုးမျိုး ချီးမြှင့်ထားတဲ့ မင်းအောင်လှိုင်တယောက် သမ္မတကြီးဆိုတဲ့ ဂိုက်နဲ့ နှစ်သစ်နှုတ်ခွန်းဆက်စကားတွေဆို။ နှစ်သစ်နှုတ်ခွန်းဆက်ရာမှာတော့ ၂၀၂၄ ခုနှစ်အတွင်း လူမျိုးရေး၊ တန်းတူရေး၊ ဒီမိုကရေစီရေးခေါင်းစဉ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်အောင်လုပ်မယ်။ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းဖို့ တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာရမယ်။ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေက ဒီမိုကရေစီ လိုလားတယ်ဆိုပြီး ကိုယ်ကျိုး အတ္တကို အခြေခံ၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖန်တီး၊ တိုင်းရင်းသားခေါင်းဆောင်တချို့ကလည်း ပြည်ထောင်စုပြိုကွဲအောင် ဦးတည်လုပ်ဆောင်နေတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ လက်နက်ကိုင် အဖွဲ့တွေကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးဖို့ လိုမယ်လို့တောင် မင်းအောင်လှိုင်က ဆိုလိုက်သေး။

မင်းအောင်လှိုင်ရဲ့ နှုတ်ခွန်းဆက်စကားကို ချုပ်ရရင် မင်းတို့တတွေ တိုင်းပြည်မဖျက်၊ မိုက်တွင်းမနက်ကြနဲ့၊ စစ်ကောင်စီဖော်ဆောင်နေတဲ့ ရွေးကောက်ပွဲကို ခြွင်းချက်မရှိ လက်ခံကာ ဒီမိုကရေစီပန်းတိုင်ဆီ အရောက်လှမ်းကြဆိုတဲ့ စစ်ကောင်စီသည်သာ အမှန်တရားဆိုတဲ့ လမ်း။ မင်းအောင်လှိုင်က မနက်ခင်းမှာ အဲဒီလို နှုတ်ခွန်းဆက်ပြီးတဲ့နောက် ည ၁၁ နာရီရောက်တော့ MNDAA အုပ်ချုပ်နေတဲ့ သိန္နီမြို့ အရပ်သားပစ်မှတ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြန်ကာ မင်းအောင်လှိုင်ပီသကြောင်း ထပ်မံသက်သေပြလိုက်ပြန်သေးတယ်။ နှစ်သစ်ကူးကာလ ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်နဝါရီ ၁၊ နှစ်ရက်တာ အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းတွေက ဖော်ပြကြတယ်။

၂၀၂၄ ခုနှစ်ဆိုတာ အရှေ့မြောက်တိုင်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တော်လှန်ရေးတပ်တွေရဲ့ ခြေဖဝါးအောက် ပြားပြားမှောက်ခဲ့ရ။ တိုက်တိုင်းရှုံး တပ်မတော်အဖြစ် ဖြိုမရဖျက်မရ သမိုင်းမော်ကွန်းရေးထိုးခဲ့ကြ။ အရှုံးသမားကြီး မင်းအောင်လှိုင် ကာချုပ်ရာထူးစွန့်ပါတော့လို့ စစ်တပ်လော်ဘီ တချို့တောင် မာမာထန်ထန် တောင်းဆိုသံတွေ ထွက်လာကြ။ ၂၀၂၄ ခုနှစ်ကို စာရင်းချုပ်လိုက်တော့ မြို့ပေါင်း ၉၀ ကျော်ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားလိုက်နိုင်တယ်။

၂၀၂၄ ခုနှစ်အတွင်း အရေးပေါ်ခန်းထဲရောက်နေတဲ့ စစ်ကောင်စီဟာ တရုတ်ရဲ့ထောက်ခံချက်ကြောင့် သေလမ်း မရောက်ခဲ့ပေမဲ့ မျက်ဖြူဆိုက်နေဆဲ။ အထူးသဖြင့် မလုပ်ရဲတာ ဘာမှမရှိတဲ့ မင်းအောင်လှိုင်တယောက် အရှုံးပေါ် အရှုံးထပ်ခြင်းဒဏ်ကြောင့် အတွင်းရန်ကိုပါ မျက်ခြည်မပြတ် အနီရောင်အဆင့် သတိချပ်၊ စိတ်ကိုလွှတ်မချမိအောင် တင်းခံထားရ။ တွေ့ဆုံဆွေးနွေးရေး ဆိုတာကိုလည်း လူကြားကောင်းရုံ ပြောလာရသလို ဗုံးလည်း နိုင်နိုင်ကြဲနေရတယ်။

၂၀၂၄-၂၀၂၅ နှစ်သစ်ကူးကာလ အဲဒီလို အခင်းအကျင်းတွေ ဆင်ယင်ထားချိန်မှာပဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးက ငွေဆောင်သဘောတူညီချက်ကို Mizzima သတင်းဌာနနဲ့ အင်တာဗျူးကနေ ထုတ်ရှိုးခဲ့ရာမှာ တော်လှန်ရေးအင်အားစုတွေကြား ပွက်လောရိုက်သွားတယ်။

၂၀၂၄ စက်တင်ဘာလကုန်ပိုင်းမှာ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတချို့ရဲ့ ဆွေးနွေးသဘောတူ ညီချက်။ ထွက်ပေါ်လာတဲ့သတင်းတွေအရ စုစုပေါင်း ၃၉ ဦး တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရတယ်။ ဒီနေ့ခေတ် ကျပ်ကျပ်တည်းတည်းအခြေအနေအရ တော်ရုံလူလတ်တန်းစားအဆင့်တောင် မလှမ်းနိုင်တဲ့ ငွေဆောင်ကမ်းခြေမှာ ၃၉ ဦးစာ အကုန်အကျခံ၊ ဟိုတယ်တက် ဆွေးနွေးခဲ့ကြတယ် ဆိုတော့ ဈေးကြီးတဲ့ သဘောတူညီချက်တရပ်လို့လည်း ဆိုနိုင်တယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်းတဦးဖြစ်တဲ့ ကိုမြအေးပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်လည်း ပါတယ်။ ကြားရသိရတဲ့ ငွေဆောင်ဆွေးနွေးပွဲ လူစာရင်းမှာ စစ်ကောင်စီရှေ့တော်မှောက် ဒူးထောက်ပြီး စစ်ကောင်စီ ပစ်ကျွေးမယ့် အရိုးအရင်း အာဏာရရှိရေးအတွက် ရွေးကောက်ပွဲ ပျော်ပျော်ကြီးဝင်မယ်ဆိုတဲ့သူတွေ  မပါပါဘူး။ ဒါ့အပြင် ဒီမိုကရေစီတော်လှန်ရေးတလျှောက် ထောင်ထဲဝင်ခဲ့ထွက်ခဲ့တဲ့ အစဉ်အလာနဲ့ နွေဦးတော်လှန်ရေးမှာ ကိုယ့်လိုင်းနဲ့ကိုယ် မာမာထန်ထန် ရပ်တည်နေကြသူတွေလည်း ဖြစ်တာကြောင့် နွေဦးတော်လှန်ရေးမှာ သူတို့သည်လည်း ပြောရေးဆိုခွင့်ရှိသူတွေလို့ သတ်မှတ်ရပါမယ်။ ထပ်ပြောရရင် ငွေဆောင် ဆွေးနွေးပွဲဆိုတာ ဖောက်ပြန်သူတွေလုပ်တဲ့ ဆွေးနွေးပွဲမဟုတ်ဘဲ နွေဦးမှာ ရပ်ခံနေသူတွေလုပ်တဲ့ ဆွေးနွေးပွဲဖြစ်တယ် ဆိုတာပါပဲ။

ငွေဆောင်ဆွေးနွေးပွဲရဲ့ သဘောတူညီချက်တွေကရော ဘာတွေပါလဲ။ သဘောတူညီချက်ရဲ့ အဖွင့်က “တိုင်းပြည်၏ နိုင်ငံရေးလက်ငင်းလိုအပ်ချက်သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးဖြစ်သည်” လို့ဆိုတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတာ နွေဦးတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ဖြစ်တာကြောင့် နွေဦးတော်လှန်ရေးကို သွေဖည်နေတာမျိုးလည်း မဟုတ်ပါဘူး။

နိုင်ငံရေးဘုံသဘောတူညီချက်ရရှိရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်လာဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွှတ်၊ စစ်ပွဲတွေရပ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အထမြောက်အောင်မြင်စေရေး နိုင်ငံတကာအကူအညီပေး စသဖြင့်။

ပြောရရင် ငွေဆောင်သဘောတူညီချက်ဆိုတာ ၂၀၂၁ ခုနှစ် ဧပြီထုတ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်၊ သက်ဆိုင်သူတွေကြား တွေ့ဆုံဆွေးနွေးအဖြေရှာကြဆိုတဲ့ အာဆီယံဘုံသဘောတူညီချက် လမ်းကြောင်းနဲ့ ဘာမှမကွာပါဘူး။ ပြီးတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်၊ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်လို့ ၂၀၂၂ ဒီဇင်ဘာ ၂၁ ရက်က တောင်းဆိုလိုက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာအရေးဆုံးဖြတ်ချက် အမှတ်-၂၆၆၉ ရဲ့  မိတ္တူပွားလိုက်တာလို့လည်း ဆိုနိုင်ပါတယ်။

ထပ်ပြောရရင် ငွေဆောင်သဘောတူညီချက်ဆိုတာ နိုင်ငံရေးပြဿနာတွေကို စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးအဖြေရှာကြဖို့ တောင်းဆိုလိုက်ခြင်းဖြစ်တာကြောင့် မြန်မာပြည်သူတွေ မကြိုက်လည်း သေနတ်သံတွေကို ငြင်းနေတဲ့ နိုင်ငံတကာက အကြိုက်တွေ့မှာ သိပ်သေချာပါတယ်။ ဒါ့အပြင် ဆွေးနွေးအဖြေရှာရေးကို ပြည်သူသတ်ပြပြီး အသက်နဲ့ငြင်းနေတဲ့ စစ်ကောင်စီကတော့ ခံတွင်းပျက်မှာပါပဲ။

ပြဿနာရဲ့ အရင်းအမြစ်က ဆွေးနွေးအဖြေရှာရေးကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခြင်း နည်းနဲ့ သွေးသံတရဲရဲ ငြင်းဆိုနေခြင်းပါပဲ။ စစ်ကောင်စီ အာဏာသိမ်းခြင်းရဲ့ ပင်မရည်ရွယ်ချက်ကိုက တွေ့ဆုံ ဆွေးနွေး အဖြေရှာခြင်းနည်းနဲ့ ၂၀၀၈ အခြေခံဥပဒေအောက်မှာ နိုင်ငံရေးမျက်နှာစာသစ် ပြန်လည်ဖွင့်လှစ်ရေး မဟုတ်ပါဘူး။ စစ်ကောင်စီအာဏာသိမ်းခြင်းနဲ့ စစ်ကောင်စီကို ဆန့်ကျင်သူ မှန်သမျှအပေါ် အပြတ်ရှင်းပစ်ပြီး စစ်ကောင်စီအလိုကျ ဒူးထောက်ခစားမယ့် နိုင်ငံရေး ဖက်ခွက်စား နည်းနည်းပါးပါးနဲ့ ဒီမိုကရေစီယောင်ယောင် သုတ်ထားတဲ့ စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးလမ်းဆီ သွားဖို့ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ၂၀၂၁၊ ဧပြီက ကျင်းပခဲ့တဲ့ ဂျကာတာဆွေးနွေးပွဲမှာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မင်းအောင်လှိုင် အတည်ပြု လက်မှတ်ထိုးခဲ့ပေမဲ့ နောက်တရက်ကစပြီး မူ ၅ ရပ်ကို အကြမ်းဖက်သတ်ဖြတ်ခြင်းနည်းနဲ့ အတိအလင်း ဆုတ်ဖြဲပစ်ပြတာ ဒီနေ့ထိတိုင်ပါပဲ။ ဒါ့အပြင် ကမ္ဘာ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာအရေးဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို စစ်ကောင်စီရဲ့ အာခံမှုက ကိုယ့်ပြည်သူကိုယ် လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ပြတဲ့ အထိပါပဲ။

အဲဒီလို လုံခြုံရေးကောင်စီကိုတောင် အဖက်မလုပ်ဘဲ စက္ကန့်နဲ့အမျှ အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အခုငွေဆောင်သဘောတူညီချက်က စားပွဲဝိုင်းပေါ် တက်လာမလားလို့ စိတ်ကူးယဉ်ကြည့်လိုက်ပုံပါပဲ။ စစ်ပွဲတွေ ဒင်းကြမ်းပြည့်နဲ့ ကြေမွနေပြီဖြစ်တဲ့ တိုင်းပြည် ဆက်ပြီး စစ်ဖြစ်နေရင် အဆိုးဆုံးရဲ့ဟိုဘက် ကုန်းကောက်စရာမရှိတော့တဲ့ အခြေအနေတခုဆီ ဆိုက်သွားနိုင်တာကြောင့် ဆွေးနွေးအဖြေရှာကြမယ် ဆိုတဲ့နည်းနဲ့ ပွဲမြန်မြန်ပြတ်နိုင်မလားဆိုပြီး နိုင်ငံရေးစေတနာပါတဲ့ စိတ်ကူးယဉ်မှုလို့လည်း ယုံကြည်ရပါတယ်။

လက်နက်ကိုင်တိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း သေနတ်ကိုကြိုက်လို့ လက်နက်ကိုင် တိုက်နေတာ မဟုတ်ပါဘူး။ သေနတ်နဲ့မှ ခံမတိုက်ရင် အခုလို မင်းအောင်လှိုင် မျက်ဖြူဆိုက်နေတာကို မြင်ရမှာမဟုတ်သလို တော်လှန်ရေးကို သေနတ်နဲ့သာ အပြီးသတ်မယ်ဆိုပြီး ဘယ်သူကမှ ပြောမထားပါဘူး။ ဆွေးနွေးရေးသဘောထားမှာ အပြင်း၊ အပျော့ ကွာဟချက် ရှိနိုင်ပေမဲ့ မြန်မာ့နိုင်ငံရေးထဲကနေ စစ်တပ်လုံးဝထွက်ပေးပါ့မယ်ဆိုတဲ့ ကတိကဝတ်ရရင် ဆွေးနွေးမယ်ဆိုတဲ့ ဘုံသဘောထား ရှိကြပါတယ်။

ငွေဆောင်သဘောတူညီချက်ကို ချုပ်ရရင် ၃၉ ဦးသော ပြည်တွင်းနိုင်ငံရေးပုဂ္ဂိုလ်တွေက ကျနော်တို့ကတော့ ဒီလိုသဘောထား ရှိပါတယ်လို့ ထုတ်ဖော်လိုက်ခြင်းသာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ငွေဆောင်လမ်းကြောင်း ဖော်ဆောင်ရေးအတွက် ရှေ့ဆက်သွားကြမယ့် လုပ်ငန်းစဉ်တွေ မရှိသလို လုပ်နိုင်တဲ့အင်အားလည်း မရှိလို့ပါပဲ။ ပြောရရင် ငွေဆောင်သဘောတူညီချက်ဆိုတာ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ တောင်းဆိုချက်လိုမျိုး၊ ဒါတွေလုပ်ပေးဖို့ တောင်းဆိုပါတယ် ဆိုပေမဲ့ မလုပ်ပေးရင်လည်း ဘယ်တတ်နိုင်မလဲ ဆိုတာမျိုးပါပဲ။

ငွေဆောင်ဆွေးနွေးပွဲ ဆိုတော့လည်း ပင်လယ်လေ တဝင်းဝင်းနဲ့ ငွေဆောင်မှာ သာတဲ့လဟာ စိတ်ကူးယဉ်လို့ကောင်းမှာ အမှန်ပါပဲ။ စိတ်ကူးမယဉ်တတ်တဲ့ စစ်အာဏာရှင်တွေကလည်း ဗုံးတွေ တဝုန်းဝုန်း ကြဲပြနေပါတယ်။

ထွန်းလင်း

(သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Ref: BBC / Ludunwayoo

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024