Home
ဆောင်းပါး
အမ်းပြီးတော့ ဆက်အမ်းဦးမယ့် သေလမ်းပျော် စစ်ဗိုလ်ချုပ်တွေ
DVB
·
December 23, 2024

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ကျစ်ကျစ်ပါဆုပ်ကာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ အလွတ်သဘော ခေါင်းချင်းဆိုင်တဲ့ ဒီဇင်ဘာ ၂၀ ရက်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်လိုက်ပြန်တယ်။

ဒီဇင်ဘာ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ လောက်မှာ အမ်းမြို့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်လိုက်ပြီး သိပ်မကြာ အဲဒီနေ့ ညနေပိုင်းမှာပင် မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးတသိုက်က သီချင်းလေးတကြော်ကြော်နဲ့ အမျိုးသားအားကစားပွဲတော်ပိတ်ပွဲ အခမ်းအနား တက်ရောက်ကာ အောင်ပွဲခံခဲ့ကြတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ချေမှုန်းခံရပြီးနောက် နပခ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ဦး AA ရှေ့မှောက် ဒူးထောက်အညံ့ခံလိုက်ရတဲ့အချိန်၊ နပခကို ခုခံကာကွယ်ရေးမှာ ကိုယ့်လင်သား သေသ လား၊ ရှင်နေသေးသလား သေချာမသိ၊ စစ်သားတွေရဲ့ မိသားစုတွေ ဝမ်းနည်းပက်လက် မျက်ရည်ကျနေရတဲ့အချိန်မှာ နေပြည်တော်ဗိုလ်ချုပ်ကြီးတသိုက်ကတော့ အားကစားပွဲတော်မှာ လက်ဝှေ့ယမ်းမပျက် ဒီလောက်အရှုံးကို မမှုကြောင်း ဟန်လုပ် အန်တုပြခဲ့တယ်။

ပြီးခဲ့တဲ့ ဩဂုတ်တုန်းက လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုးကန့်တပ် MNDAA ထံ ဒူးထောက်လိုက်ရပြီး ၄ လကျော်အကြာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ချေမှုန်းခံလိုက်ရပြန်တာကြောင့် မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေ ဘယ်လိုပဲ ဟန်လုပ်နေပါစေ၊ အောက်ခြေ စစ်တပ်တွင်းနဲ့ စစ်လော်ဘီတွေ ကြားမှာတော့ ပေါက်ကွဲတောက်လောင်မှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေနဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ဒေါသနဲ့ ယုံကြည်မှု ကျဆင်းမှုတွေက မလွဲမသွေ။

ပြီးတော့ အမ်းမြို့ကို သိမ်းပြီး နောက်တရက်မှာပဲ ချင်းပြည်နယ်၊ မင်းတပ်မြို့ ချင်းညီနောင်လက်ထဲ ရောက်ဖို့ တဲတဲကလေးကျန်တော့တဲ့ သတင်းနဲ့ ဂွမြို့ရဲ့ သုံးပုံနှစ်ပုံလောက်ကို AA က သိမ်းပိုက်ထားနိုင်ပြီဆိုတဲ့သတင်းတွေ ဆက်တက်လာပြန်ပါတယ်။ အပေါ်ဘက်မြောက်ပိုင်း မြန်မာကို ဆက်တက်ကြည့်ပြန်တော့လည်း ဒီဇင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ အခုအချိန်ထိ ဆက်လက်ပြင်းထန်နေပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်တွေဟာ ဗန်းမော်မြို့တွင်းမှာ အပေါ်စီးကနေ ထိုးစစ်ဆင်နေကြောင်း သတင်းတွေက ဆိုတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဒီဇင်ဘာ ၈ ရက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို တရုတ်က ဖိတ်ခေါ်ဆွေးနွေးကာ စစ်ပွဲတွေ အဆုံးသတ်ဖို့ တိုက်တွန်းခဲ့ပေမဲ့ ဆက်လက် ထိုးစစ်ဆင်နေခြင်းနဲ့ တရုတ် ပိတ်လိုက်တဲ့ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပြန်ဖွင့်ပေးလိုက်ခြင်းဟာ KIA ရဲ့ မာကျောမှုနဲ့ စစ်ကောင်စီ အားကိုးအားထားပြုနေတဲ့ တရုတ်ဖိအားဟာ အလုပ်မဖြစ်ကြောင်း ဖော်ပြနေတယ်။

တရုတ်ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့လည်း ဒီဇင်ဘာ ၁ ရက်မှာ တွေ့ခဲ့တယ်။ အခု အားလုံးမျက်မြင် အမ်းကို သိမ်းပိုက်၊ ဂွကို ဆက်ထိုးနေရုံမက ဧရာဝတီတိုင်းထဲထိ ဆင်းလာနေတာကြောင့် တရုတ်ရဲ့ ဖိအားက AA အပေါ် သက်ရောက်မှုမရှိပါဘူး။

ဒီဇင်ဘာ ၈ ရက်မှာတော့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တရုတ် တွေ့ဆုံခဲ့တယ်။ TNLA ဟာ တရုတ်ဖိအား သက်ရောက်မှုဒဏ်ခံနေရတာကြောင့် နောက်ဆက်တွဲ စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေရှိနိုင်တယ်။ TNLA ရဲ့ ထုတ်ပြန်ချက်တွေအရ TNLA သိမ်းပိုက်နယ်မြေ ကျောက်မဲမြို့ကို နိုဝင်ဘာ ၃၀ ရက်မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ ၉ ရက်မှာ နောင်ချိုမြိုနယ်၊ ဆမ္မဆယ်ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်တာသာရှိတာကြောင့် ဆွေးနွေးပွဲတွေ ရှိနေလို့ စစ်ကောင်စီဘက်က တိုက်ခိုက်မှုရပ်ထားတာလည်း ဖြစ်နိုင်တယ်။ တရုတ်ရဲ့ ဖိအားအောက်မှာ ပြာယာခတ်နေရတဲ့ ကိုးကန့်တပ် (MNDAA) ဟာ တရုတ်ရဲ့ဖိအားကြောင့် ဒီဇင်ဘာ ၁၅ ရက်မှာ စစ်ကောင်စီနဲ့ မျက်နှာချင်းဆိုင်လိုက်ပေမဲ့ သဘောတူညီချက် တစုံတရာမရ။ စစ်ကောင်စီက တရုတ်အားကိုးနဲ့ လားရှိုးမြို့ကို ခြွင်းချက်မရှိ ပြန်အပ်ဖို့နဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်ရေးကို အပေါ်စီးကနေ တောင်းဆိုမှာ သေချာတယ်။ MNDAA က အသက်နဲ့ငွေ ပုံအောပြီး သိမ်းထားတဲ့ လားရှိုးမြို့ကနေ ခြေမဲ့လက်မဲ့ ထွက်သွားမယ့်ပုံမပေါ်။ ပထမအကြိမ်ဆွေးနွေးပွဲ မအောင်မြင်တော့ နောက်တကျော့ ဇန်နဝါရီ ၁၅ မှာ ထပ်တွေ့ကြမယ်လို့ဆိုတယ်။ တရုတ်က သူ လိုချင်တဲ့အဖြေမရမချင်း ဆွေးနွေးခိုင်းနေမယ့်သဘောလား။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA သိမ်းပိုက်လိုက်ခြင်းနဲ့ မြန်မာအနှံ့ လတ်တလော စစ်ရေးအောင်ပွဲတွေက MNDAA လားရှိုးကို ဆက်ဆုပ်ကိုင်ထားနိုင်ရေးအတွက် တွန်းအားပေးနိုင်မယ့်ပုံ။

ဒီဇင်ဘာ ၂၀ ရက်မှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့မြို့ ၉၁ မြို့။ သေချာသလောက်ရှိနေတဲ့ မင်းတပ်နဲ့ဂွကို ထည့်ပေါင်းလိုက်ရင် ၉၃ မြို့။ တရုတ်ရဲ့ ဖိအားကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို ထင်သလောက် မရွေ့တဲ့ပုံ။ အဲဒီလို အခြေအနေအောက်မှာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနဲ့ ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း ၅ နိုင်ငံနဲ့ စစ်ကောင်စီ ဒီဇင်ဘာ ၁၉ ရက်၊ ဘန်ကောက်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့တယ် အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးသန်းဆွေက ၂၀၂၅ ရွေးကောက်ပွဲအကြောင်း ပရိုမိုးရှင်းလုပ်ခဲ့ပေမဲ့ အိမ်နီးချင်း ၅ နိုင်ငံရဲ့ ရွေးကောက်ပွဲအပေါ် မှတ်ချက်ကို မကြားရပါဘူး။ အဲဒီဆွေးနွေးပွဲကို တက် ရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး Sun Weidong က မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အားလုံးက ပံ့ပိုးထောက်ခံသင့်ကြောင်းနဲ့ မြန်မာဘက်အသီးသီးက တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာရေးကို တရုတ်က အားပေးကြောင်း ပြောကြားခဲ့တယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ပါတယ်။ တကယ်တော့ တရုတ်က စစ်ကောင်စီ ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို ထောက်ခံကြောင်း အတိအလင်း ပြောကြားခဲ့ပြီးဖြစ်သလို ထိုင်းအစိုးရကလည်း မြန်မာ့အရေးကို စစ်ကောင်စီ ရွေးကောက်ပွဲပေါ် ပြစ်တင်ခြင်းနည်းနဲ့ တည်ငြိမ်မှုတစုံတရာ ရရှိလာနိုင်မလားလို့ စိတ်ကူးယဉ်ကြည့်နေတယ်။

ဒါပေမဲ့ နောက်တရက် ဒီဇင်ဘာ ၂၀၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ လာအိုနဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာတော့ စစ်ကောင်စီ ရွေးကောက်ပွဲအကြောင်း ထည့်သွင်းဆွေးနွေးကြဟန်မတူပါဘူး။ အဲဒီဆွေးနွေးပွဲအပြီးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဆီယံရေးရာညွှန်ကြားရေးမှူးချုပ်က မြန်မာ့အရေးဖြေရှင်းရာမှာ ဘက်စုံပါဝင်တဲ့ ဆွေးနွေးပွဲပေါ်ပေါက်ရေး ဆာဆီယံအဖွဲ့ဝင်နိုင်ငံအများစုက အလေးထား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုတယ်။

အာဆီယံ ၉ နိုင်ငံပါဝင်တဲ့ အဲဒီအလွတ်သဘောဆွေးနွေးပွဲအပြီးမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာ ကရစ်ရှနန်က အမျိုသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်တယ်။ အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီ လေးစားလိုက်နာဖို့နဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ရမယ်လို့လည်း ဆိုတယ်။ ဒါ့အပြင် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ အာဆီယံဆွေးနွေးပွဲတွေဖြစ်ဖို့ မျှော်လင့်တယ်လို့လည်း ပြောတယ်။ ပြောရရင် အဲဒီဆွေးနွေးပွဲဟာ စစ်ကောင်စီနဲ့ တရုတ်တို့ မျှော်လင့်ထားသလို စစ်ကောင်စီ ရွေးကောက်ပွဲကို အာဆီယံ ထောက်ခံရေး အစပျိုးခြေဆင်းဖြစ်မလာဘဲ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုသာ စစ်ကောင်စီလိုက်နာဖို့ ထပ်လောင်းတောင်းဆိုခြင်းသာ ဖြစ်လာတယ်။

ဆိုတော့ အာဆီယံအနေနဲ့ အာဆီယံရဲ့ ဝေ့လည်ကြောင်ပတ် ထုံးစံအတိုင်း စစ်ကောင်စီ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း တရားဝင်ထုတ်ပြန်တာမျိုး မလုပ်ခဲ့ရင်တောင် စစ်ကောင်စီ ရွေးကောက်ပွဲကို ထောက်ခံမှာမဟုတ်ကြောင်း ဘန်ကောက် အလွတ်သဘောဆွေးနွေးပွဲက ဖော်ပြနေပါတယ်။ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ဆိုတာကလည်း စစ်ကောင်စီ ထင်ရာစိုင်းမယ့် ရွေးကောက်ပွဲကို ငြင်းပယ်ပြီး ဖြစ်တာကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲလုပ်လည်း မူ ၅ ရပ်ကို ဆက်ဆုပ်ကာ ငုတ်တုတ်ထိုင်ကြည့်နိုင်တယ်။

စစ်ကောင်စီက သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်လို့ ထင်နေတဲ့ ရွေးကောက်ပွဲကို တရုတ်၊ ရုရှားနဲ့ အာဏာရှင်နိုင်ငံတချို့တလေကလွဲလို့ ဘယ်နိုင်ငံကမှ အသိအမှတ်မပြု။ အထူးသဖြင့် မြန်မာပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီ ရွေးကောက်ပွဲကို တံတွေးနဲ့ လှမ်းထွေးတဲ့အဆင့်တောင် အဖက်မလုပ်။

လတ်တလော ပြည်သူတို့ရဲ့ ချဉ်ခြင်းက တော်လှန်ရေးတပ်တို့ရဲ့ မြို့သိမ်းအောင်ပွဲသတင်းတွေသာ ဖြစ်တယ်။ စစ်အာဏာရှင်တွေကို မြေလှန်ပစ်ဖို့ရာ တခြားနည်းမရှိကြောင်း နေပြည်တော်စစ်ဗိုလ်ချုပ်တွေက ပြောပြပြီးဖြစ်တယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024