အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တခုလုံးကို ဒီဇင်ဘာ ၂၀ ရက်၊ နေ့လယ် ၁၂ နာရီမှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။
ဒါ့အပြင် နပခ ဌာနချုပ်ရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို လက်ရ ဖမ်းဆီးမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ဒီနေ့ပဲ နပခဌာနချုပ် တခုလုံးကို ထိန်းချုပ်လိုက်ပြီ၊ ဒုတိုင်းမှူးသောင်းထွန်းကိုလည်း လက်ရဖမ်းဆီးမိခဲ့တယ်၊ တခြား နပခထဲမှာကျန်နေသေးတဲ့ စစ်ကောင်စီတပ်သားတွေရော အကုန်လုံးကို ဖမ်းမိခဲ့ပြီ။”
ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတချို့ ကျန်ရှိနေသေးတာကြောင့် လိုက်လံရှင်းလင်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အမ်း နပခအနီး တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်တာတွေ၊ ရခိုင်ရိုးမ တောင်တန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် (AA) က ရခိုင်မှာ မြို့နယ် ၁၃ ခုထိ သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ပြီး ဂွမြို့နယ် သိမ်းပိုက်ရရှိရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ကေခိုင်