ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၂၀ ရက် ဒီကနေ့ ဆက်လက်ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် တိုးချဲ့ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြီးမြောက်အောင် အကောင်အထည် ဖော်နိုင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
၂ နာရီကြာ ဒီဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းမာရစ် ဆငဲမ်ဖုန်းနဲ့အတူ လာမယ့် ၂၀၂၅ ခုနှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့် မလေးရှား၊ လက်ရှိဥက္ကဋ္ဌ လာအိုနိုင်ငံ၊ အရင်ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ မသေချာမရေရာတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်တဲ့ အခြေအနေတွေကို ဆွေးနွေးပွဲ ၂ ခု စလုံးမှာ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လာမယ့် ၂၀၂၅ ခုနှစ်၊ ဇန်န၀ါရီလမှာ စတင်ပြီးတော့ မလေးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌအနေနဲ့ တာဝန်ယူရမယ့် အခန်းကဏ္ဍတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၉ ရက်ကကျင်းပတဲ့ မြန်မာအပါအဝင် အိမ်နီးချင်း ၆ နိုင်ငံက နိုင်ငံခြားရေး တာဝန်ရှိသူတွေ တက်ရောက်တဲ့ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲမှာတော့ မြန်မာစစ်ကောင်စီခန့် ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဝန်ကြီး ဦးသန်းဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကာ ညနေပိုင်းမှာပဲ မြန်မာနိုင်ငံကို ပြန်သွားခဲ့တာပါ။
အဆိုပါ ဆွေးနွေးပွဲမှာတော့ စစ်ကောင်စီဝန်ကြီးက လာမယ့်နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေကို ဖိတ်ကြားသွားမှာဖြစ်ပြီး အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားတယ်လို့ ပြောခဲ့သလို ရွေးကောက်ပွဲအတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ပြီးဖြစ်ကာ နိုင်ငံရေးပါတီ ၅၀ ကျော်ကလည်း ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားပြီးဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။
အဆိုပါဆွေးနွေးပွဲမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ လာအိုနဲ့ ထိုင်းနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးအဆင့် တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယတို့ကတော့ နိုင်ငံခြားရေးဌာန အဆင့်မြင့် တာဝန်ရှိသူတွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အစီအစဉ်အပေါ် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေရဲ့ တုံ့ပြန်မှုက အပြုသဘောဆောင်တယ်လို့လည်း ပြောလိုက်သလို နိုင်ငံအားလုံးက အကျပ်အတည်းအတွက် လျင်မြန်တဲ့အဖြေကို လိုချင်ကြတယ်လို့လည်း ပြောလိုက်ပါတယ်။