Home
ဆောင်းပါး
အကြံပက်စက်တဲ့ တရုတ်နယ်ချဲ့
DVB
·
December 9, 2024

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ လားရှိုး အပါအဝင် သက်ဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ကိုးကန့်တပ် (MNDAA) ရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ည ကြေညာချက်က နောက်တလှမ်း ထပ်ဆုတ်ဖို့ရာ အဆင်သင့်ဖြစ်နေပြီလားလို့ မေးခွန်းထုတ်ရပါတော့မယ်။

ဒီဇင်ဘာ ၃ ရက်ညမှာ “ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုလားပါကြောင်း ထုတ်ပြန်ကြေညာချက်” ဆိုတဲ့ MNDAA ရဲ့ နောက်ဆုံးသဘောထား ထွက်ပေါ်လာခဲ့တယ်။ ဒီဇင်ဘာ ၃ ရက်ကစလို့ MNDAA တပ်တွေ ရောက်တဲ့နေရာမှာ အပစ်ရပ်မယ် ဆိုတဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ဖော်ပြတယ်။ တရုတ်ရဲ့ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်းတက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း MNDAA ကဆိုတယ်။ 

တရုတ်ရဲ့ လိုလားချက်က လားရှိုးကနေ MNDAAတပ် တွေ ခြွင်းချက်မရှိ ပြန်ဆုတ်ပေးရေးတင်မက MNDAA သိမ်းထားတဲ့ မြို့တချို့ကနေပါ ပြန်ဆုတ်ကာ လောက်ကိုင်သို့ ခေါင်းငိုက်စိုက်ချ ပြန်ရေးဟာ မြန်မာပြည်တွင်းရေးကို ဗြောင်ကျကျဝင်စွက်နေတဲ့ တရုတ်ရဲ့ သဘောထား ဖြစ်နေပြန်တယ်။

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ MNDAA စေလွှတ်မယ်။ သဘောထား ကွဲလွဲမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်လို့ ဆိုတယ်။ ကြေညာချက် ရဲ့ အဆုံးသတ်မှာတော့ MNDAA အနေနဲ့ နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံပေမဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမယ်လို့လည်း ဖော်ပြထားတယ်။

အစဉ်အလာအရ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ ဆွေးနွေးနေကျဆိုပေမဲ့ MNDAA ခေါင်းဆောင်တွေ ယူနန်ပြည်နယ်ထဲဝင်ဖို့ အတော့်ကို ချင့်ချိန်ကြမယ်ထင်တယ်။ ဘာလို့ဆိုတော့ မကြားသေးခင်တုန်းကပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းနဲ့ ယူနန်ပြည်နယ်အတွင်း တွေ့ဆုံဆွေးနွေးဖို့ သွားရောက်ခဲ့တဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို အကျယ်ချုပ်ဖမ်းဆီးထားတာကြောင့်ပါပဲ။ လားရှိုးကနေ ပြန်ဆုတ်ပေးဖို့ ငြင်းဆိုတာကြောင့် ဖမ်းဆီးထားတာလို့ သတင်းတွေက ဆိုတယ်။ တရုတ်အစိုးရက ဖုန်တာရွှင်ဟာ တရုတ်မှာ ဆေးကုသမှုခံယူနေပြီး ပုံမှန် ကျန်းမာရေးအခြေအနေသို့ ပြန်ရောက်အောင် အားယူနေတယ်လို့ဆိုပေမဲ့ အခုလို ကျင့်ဝတ်သိက္ခာမဲ့တဲ့ လုပ်ရပ်မျိုးကို တရုတ်က ပြုလုပ်နေကျ။ တ ရုတ်အစိုးရဟာ နိုင်ငံကြီးတနိုင်ငံဖြစ်ပေမဲ့ ဂုဏ်သိက္ခာကင်းမဲ့၊ အောက်တန်းကျ အစဉ်အလာတရပ်ပမာ။

မှတ်မိကြဦးမယ်လို့ ထင်တယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်က ယူနန်ပြည်နယ်၊ ကျိန်းခမ်းခရိုင်မှာ ပြုလုပ်တဲ့ ကုန်စည်ပြပွဲကို ကျိန်းခမ်းခရိုင်ကုန်သည်ကြီးများအသင်းရဲ့ ဖိတ်ကြားချက်အရ တက်ရောက်နေတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးကို အွန်လိုင်းငွေလိမ်ကျားဖြန်အမှုနဲ့ တရုတ်အစိုးရက ဖမ်းဆီးခဲ့ဖူးတယ်။ ပြောရရင် တရုတ်အဏာပိုင်တွေက ကျိန်းခမ်းခရိုင်ကုန်သည်ကြီးများအသင်းကို ပြပွဲတက်ရောက်ဖို့ ဖိတ်ခိုင်းပြီး ဖမ်းဆီးလိုက်တဲ့ပုံ။

ဘာ့ကြောင့် ဖမ်းဖမ်း၊ အခုလို ဖမ်းတယ်ဆိုတာ အင်မတန်ရှက်စရာ။ ဆိုတော့ အခု MNDAA အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီနဲ့ ဆွေးနွေးရာမှာ တရုတ်လိုချင်တဲ့အတိုင်း ဖြစ်မလာခဲ့ရင် ထပ်ဖမ်းထားနိုင်ကြောင်း MNDAA က သိရှိလိမ့်မယ်လို့ ထင်ရတယ်။

ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ အောက်တိုဘာ ၂၇ ရက်၊ ရှမ်းမြောက်ဒေသမှာ စတင်ပြီး သိပ်မကြာ မြို့ပေါင်း ၁၆ မြို့နဲ့ တပ်စခန်းများစွာကို TNLA နဲ့ MNDAA က သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီနောက် ကူမင်းမြို့ က ဟိုင်ဂင်ဧည့်ရိပ်သာမှာ တရုတ်ရဲ့ ဖိအားကြောင့် ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီ မျက်နှာချင်းဆိုင်ကြကာ ၂၀၂၄ဇန်န ဝါရီ ၁၁ မှာ ရှမ်းမြောက်ဒေသ ယာယီအပစ်ရပ် ဟိုင်ဂင်သဘောတူညီချက် ထွက်ပေါ်လာတယ်။ အဲဒီအချိန်တုန်းက တရုတ်ဟာ ခြံစည်းရိုးပေါ်မှာ ကျကျနနထိုင်နေဆဲကာလ။ ဟုန်းဟုန်းတောက်နေတဲ့ စစ်မီးကို သူ့ပါဝါနဲ့ ရသလောက်ငြှိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ထက်မပို။ ဒါ့ကြောင့် နှစ်ဖက်စလုံးကို ရအောင်ညှိကြဆိုတဲ့ အဆင့်ထက်ပိုပြီး ဖိအားပေးခဲ့ပုံမပေါ်။

ဟိုင်ဂင်သဘောတူညီချက် ထွက်လာပြီးနောက်ပိုင်း ညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ ဆွေးနွေးမှုတွေ ဆက်ရှိပေမဲ့ နယ်မြေ အတိုးအဆုတ်ကိစ္စ ဆွေးနွေးတိုင်း နဖူးကြောထောင်၊ မျက်နှာကြောတင်း၊ မာမာထန်ထန် ပြောကြဆိုကြပြီးနောက် ပွဲပျက်မြဲ။ TNLA နဲ့ MNDAA တို့က သူတို့သိမ်းပိုက်ထားတဲ့မြို့တွေကနေ တလက်မမှ မဆုတ်နိုင်။ စစ်ရှုံးလို့ ပြေးခဲ့ရတဲ့ စစ်ကောင်စီကလည်း ဘာအပေးအယူမှမရှိဘဲ မြို့တွေပြန်မပေးရင် ဗုံးကြဲမယ်လို့ ဟိန်းဟောက်။

ဟိုင်ဂင်သဘောတူညီချက်အလွန် ဆွေးနွေးပွဲတွေကနေ စစ်ကောင်စီ သေချာသိလိုက်ရတာက ပြန်မတိုက်နိုင်ဘဲ မြို့တွေ ပြန်ရစရာမရှိတော့ဘူးဆိုတဲ့အချက်။ ဒါနဲ့ စစ်ကောင်စီ စစ်အင်အားတွေ ပြင်တယ်။ ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်တဲ့ အချိန်ရောက်တော့ ဟိုင်ဂင်သဘောတူညီချက်ကို တဖက်သတ်ချိုးဖောက်ကာ ရန်စတိုက်ခိုက်တယ်။

ဇွန် ၂၅ မှာ TNLAက ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီဆိုပြီး ပြန်တိုက်တော့ စစ်ကောင်စီ ရှုံးပြန်တယ်။ မင်းအောင်လှိုင်နဲ့ စိုးဝင်းနေပြည်တော်မှာ ဖက်ငိုရခြင်းကတော့ ဩဂုတ် ၃ ရက်၊ MNDAA နဲ့ မဟာမိတ်တွေက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မြေလှန်ပစ်ကာ လားရှိုးမြို့ကို သိမ်းပိုက်လိုက်ခြင်း။ နေပြည်တော်စစ်ဗိုလ်ချုပ်တွေ အရှက်တကွဲ။ MNDAA ကမ္ဘာမကြေလို့ မူးမူးနဲ့ အော်ဟစ်ကြရုံကလွဲ ဘာမှမတတ်နိုင်။

တရုတ်က သူတို့မှ မကယ်ရင် သေတော့မယ်ဆိုတာသိတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော် ရောက်လာတယ်။ တရုတ်ဆိုတာ မင်းတို့ရဲ့ ကယ်တင်ရှင် မစော်ကားနဲ့လို့ ခပ်ပြင်းပြင်းတချက် ငေါက်လိုက်ပြီးနောက် စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ရွေးကောက်ပွဲကို ထောက်ခံကြောင်း အတိအလင်း ပြောကြားလိုက်တဲ့အခါ မင်းအောင်လှိုင် သွားဖြဲလေးနဲ့ ရိုကျိုးပြတော့တယ်။

အဲဒီနောက်ပိုင်း မြန်မာ့ပြည်တွင်းရေးကို အတိအလင်းဝင်စွက်ဖက်ကာ စစ်ကောင်စီ မသေရေးအတွက် တရုတ်အားသွန်တော့တယ်။ TNLA ဆီကို လမ်းဘေးလူမိုက်အထာနဲ့ ပစ်စာပို့ကာ တိုက်ပွဲချက်ချင်း မရပ်ရင် ဆုံးမမယ်လို့ ခြိမ်းခြောက်တယ်။ ပြီးတော့ MNDAA ကို လားရှိုးကနေ ပြန်ဆုတ်ပေးဖို့။ NUG နဲ့ မပတ်သက်ဖို့ ဖြတ်ငါးဖြတ် စစ်ဆင်ရေး၊ နယ်စပ်ဂိတ်တွေ အကုန်ပိတ်။

ဒါနဲ့ MNDAA က စက်တင်ဘာလအတွင်းမှာ တရုတ်ဒေါသကို လျှော့ချနိုင်ရေး အနောက်အုပ်စုနဲ့ မ ပတ်သက်၊ NUG နဲ့ မပေါင်း၊ စစ်မြေပြင် မချဲ့၊ မန္တလေးနဲ့တောင်ကြီးကိုလည်း ထိုးစစ်မဆင်ပါဘူးလို့ တရုတ် မျက်ဖြေကြေညာချက် ထုတ်ပြန်ခဲ့ရတယ်။ ဒါပေမဲ့၊ လားရှိုးကိုတော့ ကျစ်ကျစ်ပါဆုပ်မြဲ။

တရုတ်က ရှမ်းမြောက်ပြည်သူတွေကို စီးပွားရေးပိတ်ဆို့ပြီး စစ်တပ်က လားရှိုးပြည်သူတွေကို လေ ကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခြင်းကြောင့် MNDAA ရဲ့ မာကျောမှုကို လျှော့ချလို့မရနိုင်မှန်း သိသွားတဲ့အချိန်မှာ တရုတ်က အရှက်ရစရာ အောက်လမ်းနည်းကို ထုတ်သုံးကာ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို အကျယ်ချုပ် ဖမ်းတော့တယ်။

ဖုန်တာရွှင်ကို ဖမ်းဆီးပြီးနောက် တရုတ်က မင်းတို့ ဘာဆက်လုပ်မှာလဲလို့ MNDAAကို အပေါ်စီး ကနေ မေးခွန်းထုတ်လိုက်တယ်။ ဒီဇင်ဘာ ၃ ရက်ထုတ် MNDAA ရဲ့ ကြေညာချက်ဟာ တရုတ်ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားလိုက်တာပါပဲ။

ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးမတိုင်မီ စစ်ကောင်စီနဲ့ ဆွေးနွေးပွဲတွေတုန်းက တရုတ်ဟာ ခြံစည်း ရိုးပေါ်ကလူ။ အခု ဆွေးနွေးပွဲကျတော့ တရုတ်က MNDAA ကို လည်မျိုညှစ်ထားပြီး စစ်ကောင်စီဘက် အတိအလင်းရပ်တည်ကာ လားရှိုးကနေ ပြန်ဆုတ်ပေးရေး မျိုးစုံ ဖိအားပေးခြိမ်းခြောက်နေသူ။ ပြောရရင် MNDAA အတွက် အခုတစ်ခေါက် ဆွေးနွေးပွဲက ဆွေးနွေးပွဲနဲ့မတူဘဲ တရုတ် ပြောတဲ့အတိုင်း ခေါင်းညိတ် လက်မှတ်ထိုးရမယ့်အခြေ။ ဒါပေမဲ့ MNDAA ဘက်ကလည်း ရသလောက်တော့ ပြန်တင်းခံ၊ တောင့်ခံကာ အပျော့ဆွဲနဲ့ ရသလောက် ပြန်ယူနိုင်တာကြောင့် MNDAA ရဲ့ အပျော့ဆွဲက ဘယ်လောက်ထိ ပြန်ပါမလဲသာ စောင့်ကြည့်ရတော့မယ်လို့ ထင်ရဲ့။

တရုတ်ကတော့ မျက်ဖြူဆိုက်နေတဲ့ စစ်ကောင်စီရဲ့ ကယ်တင်ရှင်အဖြစ်နဲ့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်ခြင်း အဆင့်ကနေ မြန်မာမြေပေါ် နယ်ချဲ့ကျူးကျော်သူအဖြစ် တရုတ်လက်နက်ကိုင်တွေ စေလွှတ်ပါတော့မယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024