တရုတ်ရဲ့ မြှောက်စားမှုကြောင့် ဆောင့်ကြွားကြွားအထာနဲ့ ကူမင်းကနေ မင်းအောင်လှိုင် ပြန်လာခဲ့ပေမဲ့လည်း တော်လှန်ရေးတပ်တို့ရဲ့ မြို့သိမ်းအောင်ပွဲတွေကို ရပ်တန့်အောင် မလုပ်နိုင်တာက စစ်ကောင်စီဟာ မျက်ဖြူလန်မြဲ လန်မပျက်ဖြစ်ကြောင်း ဖော်ပြနေတယ်။
တရုတ်ရဲ့ နယ်စပ်ဂိတ်ပိတ် ဖိအားတွေကို ရင်ဆိုင်နေရတဲ့ KIA က တရုတ်ဖိအားကို ဆန့်ကျင်ကာ နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုင်တီကို နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းမှာ သိမ်းပိုက်ပြလိုက်တယ်။
ကန်ပိုင်တီမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သားတွေကို တရုတ်က နယ်စပ်ဂိတ်ဖွင့်ကာ ခိုလှုံခွင့်ပြု၊ နိုဝင်ဘာ ၂၃ ရက်ညမှာ ကန်ပိုင်တီကနေ ပြေးလာတဲ့ စစ်ရှုံးစစ်သား ၃၀၀ ကျော်ကို တရုတ်က မူဆယ်မြို့၊ မန့်ဝိန်းနယ်စပ်ဂိတ်အထိ ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းတွေက ဆိုတယ်။
၃၀၀ ကျော်ဆိုတာ မြို့သိမ်းမခံရအောင် ကောင်းကောင်းခံတိုက်နိုင်တဲ့ အင်အားတရပ်ဖြစ်ပေမဲ့ တညီတညွတ်တည်း တရုတ်နိုင်ငံထဲ ဝင်ပြေးခဲ့ခြင်းက သုညဒီဂရီအောက်ကို ထိုးဆင်းနေတဲ့ မင်းအောင်လှိုင်တပ်ရဲ့ စိတ်ဓာတ်ခွန်အားလို့ ဆိုနိုင်တယ်။
တရုတ်ဟာ သူတို့ပိုင်နက်နယ်မြေထဲ မြန်မာစစ်ဘေးရှောင်ပြည်သူတွေကို လူတယောက်၊ ခြေတလှမ်း အကျွံမခံပေမဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်သားတွေကိုတော့ ခြွင်းချက်ထားကာ လူသားချင်း စာနာထောက်ထားပြခဲ့တယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ကြည်စေအေးစေ နေပြည်တော်ခရီးစဉ်အပြီးမှာ စစ်ကောင်စီကို ဆက်မတိုက်ဖို့ ညီနောင် ၃ ဖွဲ့နဲ့ ကေအိုင်အေကို တရုတ်က ခြိမ်းခြောက်တယ်။ ပြောလို့မရတဲ့အဆုံး ဖြတ် ၅ ဖြတ် စစ်ဆင်ရေး။ နယ်စပ်ဂိတ်တွေ အကုန်ပိတ်၊ ရှမ်းမြောက်နဲ့ ကချင်ဒေသက ပြည်သူတွေကို တရုတ်က စီးပွားရေးပိတ်ဆို့ပစ်တယ်။
မင်းအောင်လှိုင်နဲ့ တရုတ်ဝန်ကြီးချုပ် ကူမင်းမှာတွေ့တော့ မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်တွေ သိမ်းထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ဆက်ပိတ်ထားပေးဖို့နဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးဟာ ဒေသနဲ့ နိုင်ငံဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါတယ်လို့ ဆိုခဲ့တာကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပွင့်အောင် တရုတ်အနေနဲ့ မြန်မြန်လုပ်ပေးဖို့လည်း အပူကပ်ခဲ့ဟန်တူတယ်။
တရုတ်ဝန်ကြီးချုပ် လီချန်းကလည်း နှစ်နိုင်ငံနယ်စပ်ဂိတ်တွေဟာ အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိရမယ်ဆိုပြီး အပြည့်အဝ စီမံခန့်ခွဲနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့တယ်။ လီချန်းရဲ့စကားကို တည့်တည့်ဘာသာပြန်ရရင် တိုင်းရင်းသား လက်နက်ကိုင်တွေ သိမ်းထားတဲ့ နယ်စပ်ဂိတ်တွေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို စစ်ကောင်စီလက်ထဲ ပြန်ရောက်အောင် ရှင်းလင်းပေးမယ်လို့ ပြောလိုက်ခြင်းပါပဲ။ ဒါကို ထပ်အသေးစိတ်ရရင် ရှမ်းမြောက်နဲ့ ကချင်မှာ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ KIAတို့ သိမ်းထားတဲ့ နယ်စပ်ဂိတ်တွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က မြို့တွေကနေ ပြန်ဆုတ်ပေးရေးကို တရုတ်က တာဝန်ယူမယ့်သဘော။ ဒါ့အပြင် သန်းခေါင်စာရင်းကောက်ယူရေး အပါအဝင် စီမံကိန်းအခု ၂၀ အတွက် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကျော် တရုတ်က အကူအညီပေးဖို့ ပြင်ဆင်နေကြောင်း Myanmar Now သတင်းက ဖော်ပြတယ်။
အဲဒီလို စစ်ကောင်စီကို ပုံအောထောက်ခံမှုတွေနဲ့ ရက်ရောမှုတွေအတွက် တရုတ်ရဲ့ လိုဘက တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ ခြေချခွင့်။ အကြောင်းပြချက်က မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်းတွေကို စစ်ကောင်စီနဲ့ပေါင်းပြီး ကာကွယ်စောင့်ရှောက်ရေးလို့ ခေါင်းစဉ်တပ်ထားပေမဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်ရေးဟာ တရုတ်ရဲ့ အရင်ကတည်းက ရှိနှင့်ပြီး မဟာဗျူဟာမြောက် ရည်မှန်းချက်ပါပဲ။ အဲဒီရည်မှန်းချက် အထမြောက်အောင်မြင်ရေးနဲ့ ရေရှည်ဆုပ်ကိုင်ထားနိုင်ရေး ဆိုတဲ့ လိုဘကို ဖြည့်ဆည်းပေးနိုင်တာ စစ်ကောင်စီသာ ဖြစ်တာကြောင့် မျက်ဖြူလန်နေတဲ့ စစ်ကောင်စီကို အရေးပေါ်ခန်းထဲက ဆွဲထုတ်နိုင်ရေးဟာ တရုတ်ရဲ့ လတ်တလော ရည်မှန်းချက်လို့ ဆိုနိုင်တယ်။ တရုတ်ရဲ့ လတ်တလော မြန်မာ့အရေး ခတ်ကွင်းပြင်နေပုံက စစ်ကောင်စီဘက် ဝင်မတိုက်ပေးရုံတမယ်သာ ကျန်တော့တာမို့ တရုတ်လက်နက်ကိုင်တွေ မြန်မာမြေပေါ် ရောက်လာခဲ့ရင် လုံခြုံရေး အကြောင်းပြချက်တွေနဲ့ စစ်ကောင်စီတပ်နဲ့ပေါင်းကာ တော်လှန်ရေးတပ်တွေကို တိုက်ခိုက်တာမျိုးလည်း ဖြစ်လာနိုင်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ‘စစ်ကောင်စီကို မထိနဲ့’ ဆိုတဲ့ တရုတ်ရဲ့ လက်တွေ့ကျတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၂၄ ရက်မှာ တောင်ကုတ်မြို့ကို ထပ်မံသိမ်းပိုက်လိုက်သလို ရခိုင်ဒေသတွင်း စစ်ကောင်စီကင်းစင်ရေး ရည်မှန်းချက်ကိုလည်း ဆက်လက်လွှင့်ထူမြဲ ဖြစ်တယ်။
တရုတ်က MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို အကျယ်ချုပ် ဖမ်းဆီးထားပေမဲ့ လားရှိုးကနေ MNDAA တလက်မမှ မဆုတ်ခွာသလို လားရှိုးကို စစ်ကောင်စီလာတိုက်ရင် ခုခံဖို့ ပြင်ဆင်ထားတာ တွေ့ရတယ်။
နိုဝင်ဘာ ၂၅ ရက်မှာ နှစ်ဖက် စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိကြောင်း TNLA က ထုတ်ပြန်ခဲ့ပေမဲ့ နောင်ချိုမြို့နယ်ထဲက အုမ္မတီးရွာနဲ့ တောင်ခမ်းတို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေသလို နိုဝင်ဘာ ၃၀ ရက်၊ TNLA သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့ပေါ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ရာမှာ ပြည်သူ ၁၀ ဦး သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တာဟာ TNLA ရဲ့ ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီရဲ့ အကြောင်းပြန်မှုပါပဲ။
မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ ကူမင်းမှာ တွေ့ဆုံစဉ် ညီနောင် ၃ ဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ ပြသလာမှသာ ဆွေးနွေးနိုင်မယ်လို့ ပြောခဲ့ဖူးတယ်။ မင်းအောင်လှိုင် ပြောတဲ့ ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက် ဆိုတာက ညီနောင် ၃ ဖွဲ့အနေနဲ့ အသက်နဲ့ငွေ ပုံခင်းပြီး သိမ်းထားတဲ့မြို့တွေကို ကျိုးနွံစွာနဲ့ ပြန်အပ်ပြီးမှ ဆွေးနွေးပွဲစတင်မယ်လို့ ကြိုတင်စည်းကမ်းသတ်မှတ်လိုက်ခြင်းပါပဲ။
အရင် ၂၀၂၄၊ ဇန်နဝါရီတုန်းကလည်း တရုတ်ဖိအားကြောင့် ရှမ်းမြောက် အပစ်ရပ် ဟိုင်ဂင်သဘောတူညီချက် ထွက်ပေါ်လာဖူးပေမဲ့ နောက်တဆင့် သိမ်းထားတဲ့ နယ်မြေတွေကိစ္စ ဆွေးနွေးကြရာမှာတော့ ပြဿနာတွေတက်၊ ဆွေးနွေးပွဲတွေရပ်၊ ပြီးတော့ မင်းအောင်လှိုင်ရဲ့ ကျပ်မပြည့် ဘဝင်မြင့်မှုကြောင့် ဟိုင်ဂင်သဘောတူညီချက်လည်း ပြန်ပျက်။ အခုအခါမှာတော့ တရုတ်ရဲ့ဖိအားကြောင့် တကျော့ပြန် ဟိုင်ဂင် သဘောတူညီချက် ပြန်ထွက်ဖို့ဆိုတာတောင် မလွယ်လှပါဘူး။
ဒီကြားထဲ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှာ လျှောက်ထားချက်က တရုတ်ရဲ့ ခြေလှမ်းတွေနဲ့ ရှေ့ဆင့်နောင်ဆင့်ဆိုသလို ထွက်ပေါ်လာခဲ့တယ်။ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို ခုန်ဟပ်ဖို့ပြင်နေတဲ့ တရုတ်ရဲ့ ခြေလှမ်းတွေအပေါ် ချက်ချင်းလက်ငင်း မတုံ့ပြန်နိုင်သေးတဲ့အချိန်မှာ နိုင်ငံတကာအလယ် ခွေးပစ်တဲ့ တုတ်လောက်တောင် ပါဝါမရှိတဲ့ မင်းအောင်လှိုင်ကို စတင်ပုံစံပေးလိုက်ခြင်းလို့ မှတ်ယူနိုင်တယ်။ ဒါပေမဲ့ နွေဦးတော်လှန်ရေးအပေါ် နိုင်ငံတကာအသိုက်အဝန်းရဲ့ လက်တွေ့ကျတဲ့ အကူအညီတွေ ထပ်ရောက်လာတော့မယ်လို့တော့ မပြောနိုင်ပါဘူး။
တရုတ်ကလည်း သူ့အလုပ်သူ ဆက်လုပ်သွားမှာဖြစ်သလို မင်းအောင်လှိုင်ကလည်း တရုတ်အစောင့်ရှောက်ခံ စစ်ကောင်စီအဖြစ်နဲ့ အာဏာကို ခဲနိုင်သမျှ ခဲသွားဦးမှာ သေချာတယ်။
ဒီတောင်ကို မောင်ကျော်နိုင်ဖို့ဆိုရင် တရုတ်ရဲ့ ပိတ်ဆို့မှုဒဏ်ကို တော်လှန်ရေးအင်အားစုရဲ့ စုစည်းအင်အားနဲ့ ကြံ့ကြံ့ခံ ကျော်လွှားနိုင်ရေးပဲ ဖြစ်တယ်။ ပြောရရင် အပေါ်စီးကနေ နိုင်နိုင်နင်းနင်း ထိုးခွင့်ရနေရာကနေ ပွဲက ပိုကျပ်လာပါတယ်။