Home
နိုင်ငံတကာ
ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို ICC တင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရ ကြိုးပမ်း
DVB
·
November 29, 2024
Photo-Reuters

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) မှာ တရားစွဲဆိုဖို့  လက်ရှိ ကြားဖြတ်အစိုးရက ကြိုးပမ်းနေပါတယ်။

သူ့အပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းခုံရုံးမှာ စွဲချက်တင်ထားပြီးဖြစ်တဲ့အချိန်မှာ ICC မှာပါ ရုံးတင်နိုင်ဖို့ ထပ်မံကြိုးပမ်းတာ ဖြစ်တယ်လို့ ကြားဖြတ်အစိုးရအကြီးအကဲ မိုဟာမက် ယူနွတ်ရဲ့ ရုံးက ထုတ်ပြန်ပါတယ်။

အငြင်းပွားဖွယ် အစိုးရဝန်ထမ်း ခွဲတမ်းစနစ်ကို ဆန့်ကျင်တဲ့ ကျယ်ပြန့်တဲ့ ဆန္ဒပြပွဲတွေကြောင့် ဟာဆီနာဟာ ပြည်တွင်းက ထွက်ပြေးခဲ့ရပြီး သြဂုတ် ၅ ရက်က အိန္ဒိယနိုင်ငံမှာ ခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။

နောက်ပိုင်းမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ယူနွတ်က ကြားဖြတ်အစိုးရရဲ့ အကြီးအကဲ အကြံပေးအရာရှိချုပ်အဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။

ဟာဆီနာနဲ့ သူ့ရဲ့အပေါင်းအပါတွေကို ဇူလိုင်-သြဂုတ်လ အရေးတော်ပုံအတွင်း “လူသတ်ပွဲ” နဲ့ သူ့ရဲ့ ၁၅ နှစ်တာ အုပ်ချုပ်ရေးကာလတလျှောက် အတင်းအဓမ္မ ပျောက်ဆုံးစေမှုတွေနဲ့ ပတ်သက်ပြီး တရားစွဲဖို့ ကြိုးပမ်းတာဖြစ်ပါတယ်။

ICC ရှေ့နေချုပ် ကရင်မ်ခန်းနဲ့ တွေ့ဆုံချိန်မှာ ယူနွတ်က ဘင်္ဂလားဒေ့ရှ်ရဲ့ သဘောထားကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်တွင်းရာဇဝတ်မှုခုံရုံး (ICT-BD) ဟာ လက်ရှိမှာ ဟာဆီနာနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ အမှုအများအပြားကို စစ်ဆေးနေပါတယ်။

တချို့တွေကို ထိန်းသိမ်းထားနိုင်ပေမဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာမှာ တိမ်းရောင်နေသူတွေလည်း ရှိနေပါတယ်။

အိန္ဒိယကနေ ဟာဆီနာကို ဖမ်းခေါ်ဖို့ ဘင်္ဂလားဒေ့ရှ်ဟာ အင်တာပိုရဲ့ အကူအညီကို တောင်းခံထားပါတယ်။

ယူနွတ်ဟာ ရိုဟင်ဂျာ အကျပ်အတည်း၊ လူသားချင်းစာနာမှု အကူအညီပေးရေး၊ မြန်မာနိုင်ငံရဲ့ အခြေအနေတွေလည်း ခန်းနဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024