စစ်ခေါင်းဆောင်ကို ICC က ဖမ်းဝရမ်းမထုတ်ခင်မှာ လက်အောက်ခံ အရာရှိအရာခံတွေ တော်လှန်ရေးအင်အားစုတွေနဲ့ အမြန်ပူးပေါင်းကြဖို့ NUG သမ္မတရုံး တာဝန်ရှိသူက တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်ကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) မှာ ရုံးတင်စစ်ဆေးနိုင်ဖို့အတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ အမှုလိုက်ရှေ့နေက နိုဝင်ဘာ ၂၇ ရက်မှာ တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာပါ။
ICC တရားသူကြီးတွေက ဖမ်းဝရမ်းထုတ်ပေးလိုက်ပြီဆိုရင် စစ်ခေါင်းဆောင်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်တဲ့ တရားခံပြေးတယောက်အဖြစ်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာလူမျိုး အများအပြားသေဆုံးခဲ့ပြီး သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ကိစ္စအတွက် ၂၀၁၉ ခုနှစ်ကစပြီး ICC ရှေ့နေတွေက အမှုကို ကိုင်တွယ်ခဲ့တာပါ။
စစ်ခေါင်းဆောင်ကိုသာမက စစ်တပ်ထိပ်တန်းအရာရှိတချို့ကိုလည်း ဖမ်းဝရမ်းထပ်ထုတ်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရှေ့နေအဖွဲ့က ပြောဆိုထားပါတယ်။
NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ ရာဇဝတ်ဘေး ပြေးမလွတ်ဘူး။ သူတို့နဲ့ အပေါင်းအပါတွေ မိုက်နေတဲ့သူတွေ ဆက်ပြီးတော့ ဒီအမှုတွဲထဲမှာ အပါခံမလား၊ အမှုတွဲထဲမှာ အပါမခံချင်ရင် လူသတ်သမား မင်းအောင်လှိုင်နဲ့ လက်တွဲဖြုတ်ဖို့ လိုအပ်တယ်။ ပြည်သူဘက်ကို အမြန်ဆုံးပူးပေါင်းဖို့ လိုအပ်တယ်ဆိုတာ မင်းအောင်လှိုင်နဲ့ တွဲလုပ်နေတဲ့ စစ်တပ်ရဲ့ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားတွေ အားလုံးကို အသိပေး ပြောကြားချင်ပါတယ်။ အခု အချိန်သိပ်မနှောင်းသေးခင်မှာ မင်းအောင်လှိုင်နဲ့အတူ အမှုတွဲထဲမှာ မပါသွားအောင်လို့ လက်တွဲဖြုတ်ပြီးတော့ တော်လှန်ရေးအင်အားစုတွေနဲ့ အမြန်ပူးပေါင်းဖို့အတွက် တိုက်တွန်းပြောကြားချင်ပါတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုတာဟာ ပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံတဲ့သက်သေတွေ ရှိတာကြောင့် ဖြစ်တယ်လို့ ရှေ့နေအဖွဲ့က ပြောဆိုထားပါတယ်။
နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) မှာ အဖွဲ့ဝင်နိုင်ငံ ၁၂၀ ကျော် ပါဝင်နေပြီး ဖမ်းဝရမ်း အထုတ်ခံရပြီဆိုရင် စစ်ခေါင်းဆောင်နဲ့ မြန်မာစစ်တပ်ဟာ အဲဒီနိုင်ငံတွေရဲ့ အစိုးရတရပ်အဖြစ် အသိအမှတ်ပြု ဆက်ဆံခံရနိုင်ခြေ မရှိတော့ဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
စစ်ခေါင်းဆောင်ကို ဖမ်းဆီး တရားစီရင်တာမျိုး မလုပ်နိုင်သေးရင်တောင် နိုင်ငံတကာမျက်နှာစာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့အပြိုင် အစိုးရအဖြစ် အသိအမှတ်ပြုခံရရေး ကြိုးစားမှုမှာတော့ စစ်ကောင်စီက အရေးနိမ့်သွားမှာ ဖြစ်ပါတယ်။
လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ LA2M မှ ဦးဂျိမ်း(စ)ရွှေက “ဗလာဒီမာပူတင်ကိုလည်း သူတို့ ဝရမ်းထုတ်ထားတယ်။ နေတန်ယာဟုကိုလည်း ထုတ်ထားတယ်။ အခု ဟားမတ်စ်ခေါင်းဆောင်ကိုလည်း ထုတ်ထားတယ်။ ဆူဒန်က ဘစ်ရှားဆိုတဲ့ ကောင်ကိုလည်း ထုတ်ထားတယ်။ အဲဒီတော့ ၄-၅-၆ ခုကို ကျနော်တို့ကြည့်တော့ တယောက်မှ သူတို့ သေသေချာချာဖမ်းတာ မတွေ့ဖူးဘူးဗျ။ လက်တွေ့ဖမ်းတာထက် နိုင်ငံရေးဆိုင်ရာ၊ သံတမန်ရေးဆိုင်ရာ ဒီပလိုမက်တစ် အားသာချက်ကိုပဲ ယူရမယ်လို့ ကျနော်တို့ မြင်တယ်ဗျာ။ မင်းအောင်လှိုင်ကို တကယ်လို့ ဝရမ်းထုတ်လိုက်ပြီဆိုရင် သူ့အနေနဲ့ ပြောင်ပြောင်တင်းတင်း ICC အဖွဲ့ဝင်နိုင်ငံတွေကို သွားလို့မရတော့ဘူး။ ပြီးတော့ ဟိုနိုင်ငံတွေကလည်း သူနဲ့ လုပ်ငန်းကိုင်ငန်း လုပ်ဖို့ဆိုရင် လူရာသွင်းဖို့အတွက်က နည်းနည်းခက်သွားမယ်ဗျာ။ အဲဒါကို NUG တို့က အသုံးချတတ်ပြီးတော့ ဒီပလိုမက်တစ်နည်းလမ်းကျကျ ဘယ်လို အမြတ်ထုတ်မလဲဆိုတာ အဲဒါက ပိုအရေးကြီးတယ်ဗျာ” လို့ ပြောပါတယ်။
Save Myanmar-USA အဖွဲ့က ကိုရင်အေးကလည်း “သူက ပြည်တွင်းထဲမှာပဲ မတရား အုပ်ချုပ်ပြီးတော့ လုပ်ချင်ရာလုပ်လို့ရမယ်ဆိုတဲ့ အနေအထား၊ ဘယ်တိုင်းပြည်မှ သူ ထွက်လို့မရတော့ဘူး။ ထွက်တာနဲ့ သူ့ကို အချိန်မရွေး ဖမ်းလို့ရသွားပြီ။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဖမ်းလို့ရသွားပြီဆိုတဲ့ အနေအထားဖြစ်သွားတာ။ ဆိုတော့ ဒါက ပြည်သူလူထုအတွက်တော့ အင်မတန်ကောင်းပါတယ်” လို့ ပြောပါတယ်။
နွေဦးတော်လှန်ရေး အစောပိုင်းကာလကတည်းက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအားလုံးအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ ICC အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားတာပါ။
ICC တရားရုံး စတင်ထူထောင်တုန်းက ရာဇဝတ်မှု ကျူးလွန်သူတွေကို တရားစီရင်နိုင်ရေးအတွက် ချုပ်ဆိုခဲ့တဲ့ Rome Statue စာချုပ်မှာလည်း လက်မှတ်ရေးထိုးဖို့ NUG ဘက်က အတည်ပြုထားပါတယ်။
အဲဒီနောက်ပိုင်း မြန်မာနိုင်ငံအတွင်း စစ်ကောင်စီကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူမျိုးသုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရဲ့ အထောက်အထားတွေကို ICC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဆီကို ပေးပို့ခဲ့ပြီး တရားစွဲဆို အရေးယူနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေက ကြိုးစားခဲ့ကြပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ကိုမိုးထက်နေက “Roma Statue ထိုးထားတဲ့ နိုင်ငံတွေဆိုရင် ဖမ်းပေးရမယ့်တာဝန်တော့ ရှိတယ်ပေါ့ဗျာ။ ဒါပေမဲ့ ဒါသည် တာဝန်ရှိတာသက်သက် ဖြစ်ပြီးတော့ ကျန်တဲ့ နိုင်ငံတခုချင်းစီရဲ့ အကျိုးစီးပွားအပေါ်မှာ မူတည်ပြီးတော့ လုပ်ဆောင်သွားတာမျိုး ဖြစ်လိမ့်မယ်လို့ ကျနော်တော့ နားလည်ပါတယ်။ မည်သို့ပင်ဖြစ်စေပေါ့ဗျာ၊ ဒီလို ဝရမ်းအထုတ်ခံထားရတယ် ဆိုတာကတော့ အနိမ့်ဆုံးအားဖြင့် လက်တွေ့ဖမ်းနိုင်တာတို့ တရားစီရင်တာတို့ မလုပ်နိုင်ရင်ထားဦး၊ မျက်နှာငယ်ရတယ်၊ အနည်းဆုံးတော့ သိက္ခာကျတယ် ဆိုတဲ့ဟာမျိုးတော့ ဖြစ်စေပါတယ်” လို့ ပြောပါတယ်။
မြန်မာစစ်တပ်ကို ၂၀၁၉ ခုနှစ်ကတည်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုခဲ့တာကြောင့် အဲဒီတုန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကိုယ်စား တရားရုံးသွားပြီး အမှုကို ရင်ဆိုင်ခဲ့ရတာပါ။
နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တို့ ၂ ခုစလုံးဟာ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ တည်ရှိကြပြီး အကြမ်းအားဖြင့် ရာဇဝတ်မှုကျူးလွန်တဲ့ လူပုဂ္ဂိုလ်၊ တစုတဖွဲ့ကို ဦးတည်တဲ့ အမှုတွေကို ICC က ကိုင်တွယ်ပြီး နိုင်ငံတခုက တခြားနိုင်ငံတခုကို ဦးတည်တဲ့ အမှုတွေကိုတော့ ICJ က ကိုင်တွယ်လေ့ရှိတာ ဖြစ်ပါတယ်။
သုတချမ်းသာ