ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တာတွေနဲ့ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ တရားလို ရှေ့နေချုပ်က အကြိုတရားခွင် တရားသူကြီးတွေထံမှာ လျှောက်ထားလိုက်တာနဲ့ ပတ်သက်ပြီး ဒီအမှုနောက်ခံ အကြောင်းတရားတွေ၊ အမှုအခြေအနေတွေ အကြောင်းတွေကို စုစည်းတင်ပြပေးပါမယ်။
၂၀၁၆-၂၀၁၇ ကာလတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းက မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ဖြစ်စဉ်တွေအတွင်း ရိုဟင်ဂျာလူမျိုးတွေအပေါ် ရက်စက်ကြမ်းကြုတ်ခဲ့တာတွေ၊ အစုအပြုံလိုက် နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုတွေနဲ့ အိုးအိမ်မီးရှို့ဖျက်ဆီး အကြမ်းဖက် မောင်းထုတ်ခဲ့တာတွေကြောင့် ဒေသခံလူဦးရေ ၆ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်နယ်စပ် တဖက်ကမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ အထုပ်အပိုးတွေနဲ့ အုပ်စုလိုက် ထွက်ခွာသွားကြတဲ့ ရိုဟင်ဂျာရွာသားတွေရဲ့ မျက်စိတဆုံး လူတန်းရှည်ကြီးရဲ့ ကောင်းကင်ဓာတ်ပုံမြင်ကွင်းတွေဟာ နိုင်ငံတကာမီဒီယာတွေမှာ ဟိုးလေးတကြော် ဖြစ်ခဲ့ရပါတယ်။
နိုင်ငံတကာစစ်တမ်းတွေအရ အဲဒီစစ်ဆင်ရေးကာလတွေအတွင်း ရိုဟင်ဂျာလူမျိုး ၂၅၀၀၀ မက သတ်ဖြတ်ခံခဲ့ကြရပြီး ရိုဟင်ဂျာ အမျိုးသမီး ၁၈,၀၀၀ လောက် အဓမ္မပြုကျင့်ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာရွာသား ၁ သိန်းကျော်လောက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရပြီးတော့ ရွာပေါင်း ၂၈၈ ရွာလောက်မှာ လူနေအိမ်ခြေ သောင်းနဲ့ချီပြီး မီးရှို့ဖျက်ဆီးခံခဲ့ကြရတာကို ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းတွေမှာ တွေ့ကြရပါတယ်။
အဲဒီနောက်မှာ လူမျိုးရေး-ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေ စစ်ရာဇဝတ်မှုတွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့နိုင်တယ်လို့ ယုံကြည်ရလောက်တဲ့ ကနဦး တွေ့ရှိချက်တွေနဲ့အတူ လူဦးရေ ၆ သိန်းကနေ ၁ သန်းလောက်ထိ အစုအပြုံလိုက် အဓမ္မ နေရပ်စွန့်ခွာစေမှုရဲ့ ထိခိုက်မှု ထုထည်ပမာဏ ကြီးမားတာတွေကြောင့် ဒီအမှုကို ICC ခုံရုံးကနေ စီရင်ပိုင်ခွင့်ရှိတယ်လို့ တရားရုံးချုပ် ကနဦး စိစစ်ချက်တွေအရ ယူဆခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပေါ်ကြုံတွေ့ရလေ့ရှိတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ အစုအပြုံလိုက် ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှု လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ ကျူးကျော်ရန်လိုမှုတွေကို နိုင်ငံတကာ ဥပဒေတွေအရ တရားစီရင်ဆုံးဖြတ် ပြစ်ဒဏ်ချမှတ်နိုင်ဖို့ ၂၀၀၂ ခုနှစ်က စတင်ဖွဲ့စည်းထားတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ဆိုတာကို ရောမသဘောတူညီချက်စာချုပ် Rome Statute အရ ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာ အဖွဲ့ဝင်ပေါင်း ၁၂၅ နိုင်ငံ ရှိပါတယ်။
တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြောက်ကိုရီးယားတို့လို ရောမစာချုပ်မှာ လက်မှတ်မထိုးထားတဲ့ နိုင်ငံတွေရှိသလို ထိုင်း၊ ရုရှား၊ အီရန်၊ အစ္စရေးတို့လို လက်မှတ်ထိုးထားပြီးမှ အတည်ပြုမထားတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ အမေရိကန်၊ ဖိလစ်ပိုင်တို့လို ရောမစာချုပ် လက်မှတ်ထိုးထားပြီးမှ ICC အဖွဲ့ဝင်အဖြစ်က ပြန်လည်နုတ်ထွက်သွားခဲ့တာမျိုးလည်း ရှိပါတယ်။
ယူကရိန်းလို နိုင်ငံမျိုးကျတော့ ရောမစာချုပ် လက်မှတ်မထိုး၊ အတည်ပြုမထားခဲ့ပေမဲ့ သူ့အချုပ်အခြာ နယ်နိမိတ်အတွင်းမှာ ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံ အသိအမှတ် ပြုထားပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ ကမ္ဘာဒီးယားတနိုင်ငံကသာ ရောမစာချုပ် လက်မှတ်ထိုး အတည်ပြုထားတာပါ။
ICC တရားရုံးလိုမျိုး နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာရှိတဲ့ နောက်ထပ် နိုင်ငံတကာ တရားရုံးကတော့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံအစိုးရက မြန်မာနိုင်ငံအစိုးရကို တရားစွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားပြီး တရားရင်ဆိုင်ခဲ့ရပါတယ်။
နိုင်ငံအစိုးရအချင်းချင်း အငြင်းပွားမှုနဲ့ တရားစွဲဆိုမှုတွေကို ဖြေရှင်းကိုင်တွယ်ပေးတဲ့ ICJ တရားရုံးအခွင့်အာဏာက စစ်ရာဇဝတ်မှုကျူးလွန်သူ လူတယောက်ချင်းကို တရားစွဲဆို ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ICC ရာဇဝတ်မှုခုံရုံးနဲ့ လုပ်ငန်းချင်း ကွာခြားပါတယ်။ ICJ ကတော့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းဖြစ်ပြီး ICC ကတော့ နိုင်ငံတကာသဘောတူစာချုပ် Rome Statute ကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာရာဇတ်မှုခုံရုံးပါ။
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် နိုင်ငံတွင်းက စစ်ရာဇဝတ်မှုတွေကိုတော့ ICC တရားရုံးက စီရင်ပိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ၂၀၁၀ မှာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်နိမိတ်အတွင်း ရိုဟင်ဂျာလူမျိုးတွေကို အစုအပြုံလိုက် နှိပ်စက် သတ်ဖြတ် မောင်းထုတ်မှု တစိတ်တပိုင်း ဆက်စပ်ကျူးလွန်ခဲ့နိုင်ခြေ ရှိတယ်လို့ ကနဦး စိစစ်ချက်တွေအရ ICC က ယူဆပါတယ်။ ဒါကြောင့် ဒီအမှုကို စီရင်ပိုင်ခွင့်ရှိတယ်လို့ ICC က သတ်မှတ်ပါတယ်။
ဒါကြောင့်လည်း မြန်မာစစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့ပုံရတဲ့ စစ်ရာဇဝတ်မှုတွေကို တရားဝင် စုံစမ်းစစ်ဆေးမှုတွေ စတင်နိုင်ဖို့ လွန်ခဲ့တဲ့ ၅ နှစ် ၂၀၁၉ ခုနှစ်က ရှေ့နေချုပ်ရုံးရဲ့ ခွင့်တောင်းခံမှုကို ICC အကြိုတရားခွင်ကနေ ခွင့်ပြုချက်ပေးခဲ့ပါတယ်။ ရာဇဝတ်မှု ကျူးလွန်ခံခဲ့ရတဲ့ ရိုဟင်ဂျာလူမျိုး သောင်းဂဏန်းလောက်ဆီက အချက်အလက် အထောက်အထားတွေ၊ တိုင်ကြားမှုတွေကိုလည်း လက်ခံရရှိထားခဲ့တယ်လို့ ICC တရားရုံးက ကြေညာထားပါတယ်။
ဒါပေမဲ့ ၂၀၂၀-၂၀၂၁ ကာလတွေအတွင်း ကိုဗစ် ကပ်ရောဂါဘေးနဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီက အချက်အလက် ကောက်ယူစုံစမ်းမှုတွေ နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ တွေအတွင်းနဲ့ ဒီနှစ် နိုဝင်ဘာလကုန်ပိုင်းကပဲ ICC ရှေ့နေချုပ် ကိုယ်တိုင်နဲ့ ရှေ့နေချုပ်ရုံး ဝန်ထမ်းတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီ သွားရောက်ပြီး ကာယကံရှင်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမေးမြန်းပြီး အချက်အလက် အထောက်အထား စုဆောင်းခဲ့ကြပါတယ်။
လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ် နှိပ်စက်မှုနဲ့ နှင်ထုတ်မှုတွေမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် တာဝန်ရှိသူလို့ ယုံကြည်ရတဲ့အကြောင်း တရားလိုရှေ့နေချုပ်ရုံးက ကောက်ချက်ချပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပြင် နောက်ထပ် တာဝန်ရှိသူတွေအတွက် အခုလို ဖမ်းဆီးမိန့် လျှောက်ထားမှုတွေ ထွက်ပေါ်လာဦးမယ်လို့လည်း ရှေ့နေချုပ်က ပြောဆိုထားပါတယ်။
၅ နှစ်ကျော် ၆ နှစ်ကာလအတွင်း စုဆောင်းရရှိခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ မျက်မြင်သက်သေ ထွက်ဆိုချက်တွေ၊ စာရွက်စာတမ်း အထောက်အထားတွေ၊ သိပ္ပံနည်းကျ ဓာတ်ပုံနဲ့ ဗီဒီယိုသက်သေ အထောက်အထားမျိုးစုံနဲ့အတူ အကြိုတရားခွင်ရဲ့ တရားသူကြီးတွေထံမှာ ရှေ့နေချုပ်က အခုလို လျှောက်ထားခဲ့တာပါ။ ဖမ်းဆီးမိန့် ထုတ်ပြန်ဖို့အတွက် တရားသူကြီးတွေက ဆက်လက်ပြီး လွတ်လပ်စွာ စိစစ်ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။
ICC မှာ ကိုယ်ပိုင်ရဲတပ်ဖွဲ့ မရှိတာကြောင့် တရားသူကြီးတွေက ဆင့်ခေါ်စာ ဖမ်းဆီးမိန့် ထုတ်ပြန်ပြီးတဲ့အခါ ရောမစာချုပ်အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ သံသယရှိသူတွေ တရားစွဲဆိုခံရသူတွေကို ဖမ်းဆီးပြီး တရားရုံထံ ပို့ဆောင်ပေးဖို့ ဝတ္တရားရှိပါတယ်။ ဒါပေမဲ့ မဖြစ်မနေ ဖမ်းဆီးပေးဖို့ တရားရုံးဘက်က အဖွဲ့ဝင်နိုင်ငံတွေကို အမိန့်ပေးလို့ မရပါဘူး။ တရားစွဲဆိုခံရသူတွေကို သည်ဟိတ်ဂ် ရာဇဝတ်ခုံရုံးကို ပို့ဆောင်နိုင်တဲ့အခါမှာတော့ ICC တရားသူကြီးအဖွဲ့နဲ့ ရှေ့နေချုပ်ရုံးတွေက အမှုတွေကို ကြားနာစစ်ဆေး စီရင်ချက်ချမှာ ဖြစ်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ခုံရုံးတင် တရားရင်ဆိုင်ရမယ့် စစ်ခေါင်းဆောင်တွေကို မြန်မာနိုင်ငံအတွင်းထိ လာရောက်ဖမ်းဆီးတာမျိုး မလုပ်နိုင်ပေမဲ့ သူတို့ဟာ ရောမသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ ICC အဖွဲ့ဝင် နိုင်ငံတွေဆီကို ခရီးသွားခဲ့ရင်တော့ ဖမ်းဆီးပြီး တရားရုံးထံ ပို့ဆောင်ပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေမှာ တာဝန်ရှိနေပါတယ်။
တရားစွဲဆိုခံရသူတွေအနေနဲ့ အဖမ်းခံရနိုင်ခြေရှိတဲ့ နိုင်ငံတွေဆီ ခရီးမသွားခဲ့ရင်လည်း နောင်တက်လာမယ့် မြန်မာအစိုးရအဖွဲ့တွေက ရောမသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြုလာမယ်ဆိုရင် ဒီရာဇဝတ်မှုစွဲဆိုချက် သံသယရှိသူတွေကို ဖမ်းဆီး လွှဲပြောင်းပေးနိုင်တဲ့ အလားအလာ ရှိနေပါတယ်။
ICC နဲ့ အင်အားကြီး နိုင်ငံများ
ကမ္ဘာ့နိုင်ငံပေါင်း ၁၂၄ နိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပေမဲ့ အဲဒီထဲ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ အီရန်နဲ့ အစ္စရေးတို့ကတော့ အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်ကြပါဘူး။ ICC ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံး ရာဇဝတ်ဆိုင်ရာခုံရုံး ဖြစ်ပေမဲ့ အင်အားကြီးနိုင်ငံတွေကတော့ ICC ရဲ့ စီရင်ပိုင်ခွင့်အာဏာကို အသိအမှတ် မပြုကြသလို အဖွဲ့ဝင်ဖြစ်ဖို့လည်း ငြင်းဆန်ထားကြပါတယ်။
ICC အတွက် ဘဏ္ဍာရန်ပုံငွေကိုတော့ ယူကေ၊ ဂျပန်၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေက အများဆုံး ထောက်ပံ့ကြပါတယ်။ အရေးပါတဲ့ အကြောင်းအရာက တရားရုံးရဲ့ စီရင်ပိုင်ခွင့်ဟာ ICC အဖွဲ့ဝင်နိုင်ငံတွေထက် ကျော်လွန်လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ Rome Statute အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဘယ်နိုင်ငံမှာမဆို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ICC အဖွဲ့ဝင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ စုံစမ်းစစ်ဆေးနိုင်ဖို့ တရားရုံးကို လွှဲပြောင်းပေးပိုင်ခွင့် ရှိပါတယ်။
ဥပမာအားဖြင့် အဖွဲ့ဝင်နိုင်ငံတွေမဟုတ်တဲ့ ဆူဒန်နိုင်ငံကို ဒါဖာဒေသမှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေကြောင့် ၂၀၀၅ ခုနှစ်မှာ တကြိမ်၊ လစ်ဗျားနိုင်ငံကို ၂၀၁၁ ခုနှစ်မှာ တကြိမ် လုံခြုံရေးကောင်စီကနေ ICC ကို စုံစမ်းစစ်ဆေးဖို့ လွှဲပြောင်းပေးခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ ယူကေ၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတွေက တညီတညွတ်တည်း ဆုံးဖြတ်ပေးနိုင်ဖို့လိုပြီး သူတို့မှာ ဗီတိုအာဏာနဲ့ ပယ်ချနိုင်ခွင့်တွေလည်း ရှိကြပါတယ်။
တရားမျှတမှုမရှိသလို ဥပဒေမဲ့ စွဲချက်တင်တာတွေကနေ အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ အမေရိကန်အမှုထမ်းတွေကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ICC ရဲ့ ရှေ့နေချုပ် ဖက်တူဘန်ဆောင်ဒါနဲ့ အခရာကျတဲ့ အဖွဲ့ဝင် ဖာကီဆို မိုချိုချိုကိုတို့ကို ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်က စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။
ထင်ရှားတဲ့ ICC ဝရမ်းထုတ်ခံရသူများ
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်
၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်မှာ ICC က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ယူကရိန်းက ကလေးတွေကို ရုရှားထဲ ဥပဒေမဲ့ပို့တာ အပါအဝင် စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။ ICC ရဲ့ အဆိုအရ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ ဆိုပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ရုရှားကော်မရှင်နာ မာရီယာ အလက်ဆီယဲဗနာလဗိုဗာဘယ်လိုဗာနဲ့အတူ ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ ဒါ့အပြင် ICC က ယူကရိန်းကို ရုရှားကျူးကျော်စစ် ဆင်နွှဲရာမှာ တာဝန်ရှိတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် ၄ ဦးကိုလည်း ၂၀၂၄ ခုနှစ်မှာ ဝရမ်းထုတ်ထားပါတယ်။
သမ္မတ ပူတင်နဲ့ ကော်မရှင်နာ လဗိုဗာတို့ကို ဖမ်းဝရမ်းထုတ်ထားပေမဲ့ သံသယရှိသူတွေကို ဖမ်းဆီးနိုင်တဲ့ အာဏာဟာ ICC မှာ မရှိဘဲ တရားရုံးနဲ့ သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေနဲ့သာ တရားစီရင်မှုကို ကျင့်သုံးနိုင်မှာပါ။ ဒါ့အပြင် ၂၀၁၆ ခုနှစ်မှာ ရုရှားဟာ ICC ရဲ့ အဖွဲ့ဝင်နိုင်ငံ အဖြစ်ကနေ နုတ်ထွက်ထားတာကြောင့် အတားအဆီး ရှိနေပါတယ်။ သဘောတရားအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ICC ကို စုံစမ်းစစ်ဆေးဖို့ ခိုင်းစေနိုင်ပေမဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချနိုင်ပြန်ပါတယ်။
ပူတင်ကို လက်ရှိအချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးဆိုပေမဲ့ သူရဲ့ ကမ္ဘာအနှံ့သွားလာမှုပိုင်းမှာ သိသိသာသာ အကန့်အသတ်ရှိသွားတာကို တွေ့ရပါတယ်။ ပူတင်ဟာ ၂၀၂၃ တုန်းက တောင်အာဖရိကမှာလုပ်တဲ့ BRICS ထိပ်သီးဆွေးနွေးပွဲကို မတက်ဘဲ ရှောင်ခဲ့ပါတယ်။ ICC မှာ လက်မှတ်ထိုးထားတဲ့ တောင်အာဖရိကအစိုးရဟာ ပူတင် လာရင် ဖမ်းပေးဖို့ ဖိအားပေးခံရတဲ့အတွက် ပူတင် လက်ရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနှစ်ထဲမှာ ပူတင်ဟာ မွန်ဂိုးလီးယားနိုင်ငံကို သွားရောက်ခဲ့ရာမှာတော့ ကောဇောနီခင်း ကြိုဆိုခံခဲ့ရပါတယ်။ ICC မှာ လက်မှတ်ထိုးထားတဲ့ မွန်ဂိုးလီးယားကတော့ သူတို့နိုင်ငံဟာ ရုရှားက တင်သွင်းတဲ့ စွမ်းအင်ကို မှီခိုနေရတာဖြစ်တဲ့အတွက် ပူတင်ကို ဖမ်းဖို့ရာ မစွမ်းသာကြောင်း အတိအလင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ပူတင်ဟာ ဒီလို ရုရှားဩဇာကြီးတဲ့ နိုင်ငံမျိုးကိုသာ သွားနိုင်တာဖြစ်ပြီး သူ့ရဲ့ BRICS မဟာမိတ် တောင်အာဖရိကလို နိုင်ငံမျိုးတောင် မသွားရဲတာ တွေ့ရပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်မှာ ICC က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအဗ်ဂယ်လန့်တို့ကို ပါလက်စတိုင်း ပြည်သူတွေကို သတ်ဖြတ်မှု၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးဖြတ်တောက်မှု အပါအဝင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
အဆိုပါ ၂ ဦးဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်ကနေ ၂၀၂၄ ခုနှစ်၊ မေ ၂၀ ရက်အထိ ဂါဇာဒေသမှာရှိတဲ့ ပါလက်စတိုင်းပြည်သူတွေကို ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အဓိကတာဝန်ရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို အမေရိကန်က သူ့ဘက်က ရပ်ပေးထားပေမဲ့ ဥရောပကို လာဖို့ အတော်ခက်ခဲသွားတာ တွေ့ရပါတယ်။
မဟာမိတ် ဗြိတိန်အစိုးရကတောင် ICC ဝတ္တရားအတိုင်းလုပ်ရမယ်လို့ ပြောထားသလို ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဖ်ဘိုရဲလ်ကလည်း ICC ဝရမ်းဟာ ဥရောပသမဂ္ဂဝင်နိုင်ငံအားလုံးအပေါ် စည်းနှောင်မှုရှိတယ်လို့ တုံ့ပြန်ထားပါတယ်။ ဒါကလက်ခံတာ၊ လက်မခံတာနဲ့ မဆိုင်ဘဲ လုပ်ကို လုပ်ရမယ့် ဝတ္တရားဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဂျာမနီ အစိုးရကတော့ ဝရမ်းအကြောင်းလေ့လာရဦးမှာဖြစ်ပြီး နေတန်ယာဟုလည်း လာဖို့မရှိလို့ ဘာမှ ဆောင်ရွက်စရာမရှိသေးဘူးလို့ ဆင်ဝှေ့ရန်ရှောင်ပြောထားပါတယ်။ ပြင်သစ်ကတော့ အစ္စရေးဟာ ICC အဖွဲ့ဝင်မဟုတ်လို့ ဖမ်းဝရမ်းကနေ ကင်းလွတ်ခွင့် ရှိတယ်ဆိုတဲ့ အယူအဆကို ထုတ်ပြောထားပါတယ်။
အီတလီကလည်း နေတန်ယာဟုဟာ သူ့ကိုဖမ်းမယ့် တိုင်းပြည်သွားမှာမဟုတ်တဲ့အတွက် ဥပဒေကြောင်းအရ သံသယဖြစ်စရာကောင်းတယ်လို့ တုံ့ပြန်ထားပါတယ်။ အမေရိကန်က ကျောထောက်နောက်ခံပြုထားတဲ့ အစ္စရေးခေါင်းဆောင်တယောက်တောင်မှ ဝရမ်းထုတ်ခံထားရတဲ့အခါ နိုင်ငံအများအပြားကို သွားဖို့ မလွယ်တော့တာတွေ့ရပါတယ်။
ယူဂန်ဒါသူပုန်ခေါင်းဆောင် ဂျိုးဇက်ကိုနီ
ဂျိုးဇက်ကိုနီနဲ့ သူ့ရဲ့ Lord’s Resistance Army က လက်ရုံးတွေဟာ ယူဂန်ဒါနိုင်ငံမြောက်ပိုင်းမှာ ၂၀၀၂ ကနေ ၂၀၀၅ ခုနှစ်အထိ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ICC က ၂၀၀၅ ခုနှစ်မှာ ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တို့အပေါ် ပြစ်မှုကျူးလွန်မှု ဒါမှမဟုတ် လူမျိုးတုံးသတ်ဖြတ်မှုတို့နဲ့ နိုင်ငံတကာ ပြစ်မှုတရားရုံးတွေက စွပ်စွဲထားသူတွေကို တရားစီရင်နိုင်ရေးအတွက် အမေရိကန်က ဆုကြေးထုတ်ခွင့်ရှိတဲ့ ဥပဒေကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလတုန်းက သမ္မတအိုဘားမားက လက်မှတ်ရေးထိုးခဲ့အပြီးမှာ သူနဲ့အတူ ၃ ယောက်ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးသူကို ဒေါ်လာ ၅ သန်းပေးမယ်လို့ ဆုကြေးထုတ်ခဲ့ပါတယ်။
ဆူဒန်သမ္မတဟောင်း အိုမာအယ်ဘရှား
တိုင်းပြည်ရဲ့အာဏာကို ၂၆ နှစ်ကြာ ချုပ်ကိုင်ခဲ့တဲ့ ဆူဒန်သမ္မတဟောင်း အိုမာအယ်ဘရှားဟာ ဒါဖာဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ICC က ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်တွေမှာ နှစ်ကြိမ် ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အဲ့အချိန် သမ္မတတာဝန်ထမ်းဆောင်နေတဲ့ အိုမာအယ်ဘရှားကို ဖြုတ်ချခဲ့တာကြောင့် ဖမ်းဆီးခံထားရပြီး ICC ကို လွှဲပြောင်းသွားမယ်လို့ ဆိုထားပါတယ်။
လစ်ဗျားအာဏာရှင်ဟောင်း မိုမာဂဒါဖီ
လစ်ဗျားနိုင်ငံကို ၄၂ နှစ်ကြာ အာဏာချုပ်ကိုင်ခဲ့တဲ့ မိုမာဂဒါဖီ အပါအဝင် သူ့ရဲ့သားဖြစ်သူ ဆာယိဖ် အယ်လ် အစ္စလာမ် ဂဒါဖီနဲ့ ယောက်ဖဖြစ်သူ စစ်ထောက်လှမ်းရေး အကြီးအကဲတို့ကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ၂၀၁၁ ခုနှစ် ဇွန်လမှာ ICC က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖမ်းဝရမ်းထုတ်ခံရပြီး ၄ လအကြာမှာပဲ ကြားဖြတ်အစိုးရတပ်ဖွဲ့ရဲ့ ဖြုတ်ချမှုအတွင်း ဂဒါဖီ သေဆုံးခဲ့တာကြောင့် အမှုကို ရုပ်သိမ်းပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၃ ခုနှစ်မှာ သူ့ရဲ့ ယောက်ဖတော်စပ်သူကိုလည်း စွဲချက်ကနေ ဖယ်ရှားခဲ့ပါတယ်။ သားဖြစ်သူကတော့ ဝရမ်းပြေးအဖြစ် ထုတ်ပြန်ထားပြီး ရာဇဝတ်ခုံရုံးတင်နိုင်အောင် လုပ်ဆောင်နေပါတယ်။
ICC ရဲ့ ရာဇဝင်မှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးပြစ်ဒဏ်စီရင်နိုင်ခဲ့တာတွေရှိသလို အခုချိန်ထိ မဖမ်းဆီးနိုင် တရားခွင်မစတင်နိုင်တာတွေ လည်း ရှိနေပါတယ်။
မြန်မာနဲ့ ICC
၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်မှာ ရခိုင်ပြည်နယ်အတွင်းက ရဲကင်းစခန်း ၃၀ လောက်ကို အာရကန် ရိုဟင်ဂျာကာကွယ်ရေးတပ်မတော် (ARSA) လက်နက်ကိုင်အဖွဲ့က စီးနင်းတိုက်ခိုက်အပြီးမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာကြောင့် ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှိနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။
မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးရတဲ့ ဖြစ်စဉ်ဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) မှာ ကြားနာစစ်ဆေးပိုင်ခွင့်ရှိမရှိ ဆုံးဖြတ်ပေးဖို့ ICC ရှေ့နေချုပ် ဖက်တူ ဘန်ဆောင်ဒါက ၂၀၁၈ ခုနှစ်၊ ဧပြီ ၉ ရက်မှာ မှုခင်းအကြိုရုံးတော်ကို ပန်ကြားခဲ့ပါတယ်။
အဲဒီနောက် အကြိုရုံးတော်က လက်ခံခဲ့ပြီး မေလမှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို လေ့လာတွေ့ရှိချက်တွေ တင်သွင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို နှင်လွှတ်တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် တရားစီရင်ပိုင်ခွင့်ရှိကြောင်း ICC က ဆုံးဖြတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ ရိုဟင်ဂျာတွေရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံ ဖြစ်တာကြောင့် စီရင်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပဏာမ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ICC ရှေ့နေချုပ် ဖက်တူ ဘန်ဆောင်ဒါ ကို ခွင့်ပြုပေးခဲ့ပြီး သူက အပြည့်အဝ စုံစမ်းမှုပြုလုပ်ဖို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှာ လျှောက်ထားခဲ့ပါတယ်။ အဲဒီနောက် ICC တရားသူကြီးတွေက နိုဝင်ဘာလမှာ စုံစမ်းစစ်ဆေးမှုကို ခွင့်ပြုတဲ့အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့အချိန်က NLD အစိုးရကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တာကြောင့် ဆုံးဖြတ်ချက်တွေကို ထည့်သွင်းစဉ်းစားစရာ မလိုဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ဖို့ ICC တရားရုံးရဲ့ Rome Statute စာချုပ်အဖွဲ့ဝင်နိုင်ငံ ဖြစ်လိုကြောင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ ICC ကို စာရေးသား ပေးပို့ခဲ့ပါတယ်။ ICC ရဲ့ ပုဒ်မ ၁၂၊ အပိုဒ် ၃ အရ ၂၀၀၂ ခုနှစ် ဇူလိုင် ၁ ရက်ကစပြီး မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူကို ရှာဖွေခြင်း၊ စစ်ဆေးခြင်း၊ လေ့လာစုံစမ်းခြင်း၊ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းတွေကို လုပ်ဆောင်နိုင်ဖို့ ICC ရဲ့ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုကြောင်း ယာယီသမ္မတ လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၉ ခုနှစ်က ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့က အာဂျင်တီးနား တရားရုံးမှာ တိုင်ကြားထားတဲ့ အမှုကိုလည်း တရားရုံးဘက်က ICC မှာရှိနေတဲ့ အမှုနဲ့ ချိတ်ဆက် လုပ်ဆောင်နေပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ အဲ့အချိန်က အစိုးရတာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်ဘက် အစိုးရခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ အာဂျင်တီးနားအစိုးရရှေ့နေက တရားရုံးကို လျှောက်ထားခဲ့ပါတယ်။
စစ်ပွဲအတွင်း စည်းကမ်းချိုးဖောက်မှုနဲ့ ပတ်သက်တာတွေကို အရေးယူနိုင်တဲ့ နိုင်ငံတကာ ခုံရုံးတွေကတော့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တို့ ဖြစ်ပါတယ်။
ICJ က အဖွဲ့ဝင်နိုင်ငံအချင်းအချင်းကြား ဥပဒေရေးရာ အငြင်းပွားတာတွေကို ဖြေရှင်းပေးတာနဲ့ ဥပဒေရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးတာတွေ လုပ်ဆောင်ပါတယ်။ လူပုဂ္ဂိုလ်တဦးချင်းစီကိုတော့ တရားစွဲဆိုလို့ မရပါဘူး။ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာကို ဂမ်ဘီယာက တရားစွဲတဲ့အမှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး သွားရောက် ဖြေရှင်းခဲ့တာကလည်း မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။
ICC ကတော့ လူပုဂ္ဂိုလ်တဦးချင်းကို စွဲဆိုနိုင်ပါတယ်။ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်တဲ့သူတွေကို ရုံးတင်ပြီး စစ်ဆေး အပြစ်ပေးနိုင်ပါတယ်။
စစ်ရာဇဝတ်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ ICC ကို ထောက်ခံတဲ့နိုင်ငံတွေ ရှိသလို ဘက်လိုက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိပါတယ်။ မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးပြစ်ဒဏ်ချမှတ်နိုင်ရေး အလားအလာကတော့ နိုင်ငံတကာ ပထဝီနိုင်ငံရေး မဟာမိတ်အုပ်စုဖွဲ့မှုတွေနဲ့ ဘယ်လို ဆက်နွှယ်နေမလဲဆိုတာ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။
သန်းဝင်းထွဋ် / စိုင်းခေတ်နွေ