၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အစုလိုက်အပြုံလိုက် ထွက်ခွာသွားခဲ့ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ၂၀၁၉ နိုဝင်ဘာ ၁၄ ရက်ကတည်းက စုံစမ်းစစ်ဆေးမှုတွေ စလုပ်ခဲ့တာလို့ ICC ရှေ့နေချုပ် ကရင်မ်ခန်းက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကျယ်ကျယ်ပြန့်ပြန့်နဲ့ လွတ်လပ်ပြီး သမာသမတ်ကျ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်အပြီးမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ် နှိပ်စက်မှုနဲ့ နှင်ထုတ်မှုတွေမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် တာဝန်ရှိသူလို့ အကျိုးသင့်အကြောင်းသင့် ယုံကြည်ရတယ်လို့ တရားလို ရှေ့နေချုပ်ရုံးက ကောက်ချက်ချတယ်လို့ ကရင်မ်ခန်းက ပြောပါတယ်။
ဒီရာဇဝတ်မှုတွေဟာ ၂၀၁၇ ဩဂုတ် ၂၅ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အကြားမှာ မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ တပ်မတော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ ရိုဟင်ဂျာ မဟုတ်တဲ့ တခြားအရပ်သားတွေရဲ့ အကူအညီနဲ့ ကျူးလွန်ခဲ့တာလို့လည်း ဆိုပါတယ်။
စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ စာရွက်စာတမ်း အထောက်အထားတွေ၊ စစ်မှန်တဲ့ သိပ္ပံနည်းကျ ဓာတ်ပုံနဲ့ ဗီဒီယိုသက်သေ အမျိုးအစားမျိုးစုံ အထောက်အထားတွေနဲ့အတူ လျှောက်ထားခဲ့တာလို့လည်း ဆိုပါတယ်။
သက်သေအထောက်အထားတွေ စုဆောင်းရာမှာ ရိုဟင်ဂျာအသိုက်အဝန်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ရရှိခဲ့တယ်လို့ သိရပါတယ်။
ICC ရှေ့နေချုပ် ကရင်မ်ခန်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဇ်ဘဇားရှိ ကူတူပလောင် ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ ၃ နှစ်တာကာလအတွင်း သွားရောက်ခဲ့သလို မနေ့ကလည်း ရိုဟင်ဂျာအမျိုးသမီးတယောက်နဲ့ တွေ့ဆုံခဲ့ရာမှာ ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေ တာဝန်ခံမှုရှိဖို့ လိုအပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
ICC ရှေ့နေချုပ်ဟာ အခုသီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထပ်မံသွားရောက်ခဲ့တာဖြစ်ပြီး သက်သေထွက်ဆိုသူတွေကို အကာအကွယ်ပေးရေးအတွက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အခုတော့ ICC တရားသူကြီးတွေအနေနဲ့ ဒီလျှောက်ထားမှုဟာ ဖမ်းဝရမ်းထုတ်ပေးဖို့ လိုအပ်တဲ့ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိလား၊ မရှိလား ဆုံးဖြတ်ရမှာဖြစ်တယ်၊ ICC က ဝရမ်းထုတ်ပေးရင် စစ်ခေါင်းဆောင်ကို ဖမ်းဆီးဖို့ ကြိုးပမ်းအားထုတ်မှုတွေမှာ ICC တရားရုံးနဲ့အတူ နီးကပ်စွာ ညှိနှိုင်း လုပ်ဆောင်မယ်လို့လည်း ရှေ့နေချုပ် ကရင်မ်ခန်းက ပြောပါတယ်။
ဒါဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေထဲက အဆင့်မြင့်ပုဂ္ဂိုလ်တယောက်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ပထမဆုံး လျှောက်ထားလိုက်တာဖြစ်ပြီး နောက်ထပ် လာဖို့ရှိသေးတယ်လို့လည်း ပြောပါတယ်။
ဒါဟာ မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေကို အတင်းအကျပ် နေရပ်စွန့်ခွာစေခဲ့မှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုဟာ အရေးပါတဲ့ နောက်တဆင့်ကို ရောက်ရှိလာတာဖြစ်သလို ပြစ်မှုကျူးလွန်သူတွေအပေါ် တရားစွဲဆိုနိုင်ဖို့ ပိုမိုနီးစပ်လာပြီဆိုတဲ့ အရိပ်လက္ခဏာလည်း ဖြစ်ပါတယ်။
အခုလို စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားလိုက်တာနဲ့ပတ်သက်ပြီး ကြိုဆိုတဲ့ အကြောင်း ယူကေအခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားတဲ့ Burmese Rohingya Organisation UK (BROUK) နဲ့ Burma Campaign UK အဖွဲ့တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တရားသူကြီးတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားလွှာအား အမြန်ဆုံးလက်ခံပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့နဲ့ ဖမ်းဝရမ်းထုတ်ပြီးပါကလည်း နိုင်ငံတွေ လိုက်နာဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း တောင်းဆိုလိုက်ပါတယ်။
ICC ရဲ့ ရိုဟင်ဂျာအရေး စုံစမ်းစစ်ဆေးမှုဖြစ်စဉ်
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ဆိုတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က စုံစမ်းစစ်ဆေးနေတာ ၆ နှစ်ခွဲ ရှိခဲ့ပါပြီ။
ICC မှာ ရိုဟင်ဂျာအရေး တရားစွဲဆိုမှုကို ၂၀၁၈ ခုနှစ် ဧပြီလမှာ စတင်ခဲ့ပြီး “မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာတွေ အတင်းအကျပ် နေရပ်စွန့်ခွာခံရမှု” အပေါ် ICC က စီရင်ပိုင်ခွင့် ရှိ၊ မရှိ ဆုံးဖြတ်ပေးဖို့ ICC ရှေ့နေချုပ်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ICC ကို တည်ထောင်ခဲ့တဲ့ ရောမသဘောတူစာချုပ် (Rome Statute) ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ စာချုပ်ဝင်အဖြစ် ပါဝင်ခြင်း မရှိပါဘူး။
မြန်မာနိုင်ငံမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာလူမျိုး ၆၇၀,၀၀၀ ကျော်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လကစလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အတင်းအကျပ် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ တောင်းဆိုချက်ထဲမှာ ဖော်ပြထားပါတယ်။
ICC တရားရုံးရဲ့ နယ်မြေဆိုင်ရာ စီရင်ပိုင်ခွင့်နဲ့ နယ်စပ်ဖြတ်ကျော် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာမှုတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို မြန်မာဘက်က တင်ပြဖို့၊ ၂၀၁၈ ခုနှစ် ဇွန်လမှာ ICC က နေပြည်တော်အစိုးရဆီ အကြောင်းကြားစာ ပေးပို့ ဖိတ်ခေါ်ခဲ့ပါတယ်။
သတ်မှတ်ထားတဲ့ အချိန်ကာလ ကျော်လွန်သွားပြီးတဲ့နောက်မှာ မြန်မာအာဏာပိုင်တွေဟာ ICC ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ငြင်းဆန်ထားတဲ့ စာမျက်နှာ ၅ မျက်နှာပါ ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ICC ရဲ့ တရားစွဲဆိုမှု အကြိုကြားနာစစ်ဆေးရေးအဖွဲ့က အရေးကြီးတဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီကို ရိုဟင်ဂျာတွေ အတင်းအကျပ် နေရပ်စွန့်ခွာခံရမှုအပေါ် ICC က စီရင်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။
ဆုံးဖြတ်ချက်ချမှတ်ပြီး ၁၂ ရက်အကြာမှာ ICC ရှေ့နေချုပ် ဖာတူ ဘင်ဆိုဒါ (Fatou Bensouda) က ကနဦး စုံစမ်းစစ်ဆေးမှု စတင်ကြောင်း ကြေညာခဲ့ပြီး အခုလို ပြောကြားခဲ့ပါတယ်။
“ရိုဟင်ဂျာပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာ၊ သတ်ဖြတ်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ အတင်းအကျပ် အစဖျောက်ခံရတာ၊ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရတာနဲ့ လုယက်ခံရတာတွေ အပါအဝင် သူတို့ကို နေရပ်စွန့်ခွာအောင် အတင်းအဓမ္မ ပြုလုပ်ခဲ့တဲ့ ကိစ္စရပ်တွေအားလုံးကို ထည့်သွင်းစဉ်းစားသွားရမှာ ဖြစ်ပါတယ်။”
လများစွာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ICC ရှေ့နေချုပ်ရုံးက တောင်းဆိုချက်သစ်တရပ် တင်သွင်းခဲ့ပါတယ်။ အဲဒီတောင်းဆိုချက်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်ကစပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တယ်လို့ ဆိုတဲ့ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးခွင့် တောင်းခံခဲ့တာ ဖြစ်ပါတယ်။
ICC က ရှေ့နေချုပ်ကို စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်ဖို့ ခွင့်ပြုခဲ့ပြီး အခုလို ထုတ်ပြန်ခဲ့ပါတယ်။
“မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော်ပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ နေရပ်စွန့်ခွာအောင် အတင်းအကျပ် လုပ်ဆောင်မှုတွေဟာ လူသားမျိုးနွယ်စုတခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်နိုင်လောက်တဲ့ ကျယ်ပြန့်ပြီး စနစ်တကျ ကျူးလွန်ထားတဲ့ အကြမ်းဖက်မှုတွေ ဖြစ်တယ်လို့ ယုံကြည်နိုင်လောက်တဲ့ အခြေအနေတွေ ရှိနေပါတယ်။”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၆ လအကြာမှာ ထုတ်ပြန်ခဲ့တဲ့ အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေအပေါ် ICC ရဲ့ စီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ICC ရှေ့နေချုပ် ကရင်မ်ခန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံခဲ့ပြီး “တရားမျှတမှုအတွက် အခြေခံအုတ်မြစ်တွေ တည်ဆောက်ရာမှာ ခင်ဗျားတို့နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ ရောက်လာတာပါ” လို့ ပြောကြားခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် နှေးကွေးနေခဲ့ရတဲ့ သက်သေခံချက်တွေ စုဆောင်းမှုနဲ့ ဆန်းစစ်လေ့လာမှုတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း ရှေ့နေချုပ်က ကတိပြုခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ICC ရှေ့နေချုပ် ကရင်မ်ခန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထပ်မံရောက်ရှိလာခဲ့ပါတယ်။ ဒီခရီးစဉ်မတိုင်ခင် စုံစမ်းစစ်ဆေးရေးအဖွဲ့က ကာလကြာမစ်ရှင် ၁၁ ကြိမ် ဆောင်ရွက်ခဲ့ပြီး မျက်မြင်သက်သေတွေကို မေးမြန်းခြင်းနဲ့ သက်သေခံချက်တွေ စုဆောင်းခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။
“ရိုဟင်ဂျာတွေကို မေ့ထားလို့မရပါဘူး။ ကျနော်တို့ အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သူတို့ မျှော်လင့်နေတဲ့ တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်မှာပါ” လို့ ကရင်မ်ခန်းက ပြောကြားခဲ့ပါတယ်။
ဒီသီတင်းပတ်မှာ ICC ရှေ့နေချုပ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နောက်တကြိမ် ရောက်ရှိလာခဲ့ပြီးနောက် ICC မှာ ရိုဟင်ဂျာအရေး တရားစွဲဆိုမှုမှာ အရေးပါတဲ့ နောက်တဆင့်ကို တက်လှမ်းတဲ့ အနေနဲ့ မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC တရားသူကြီးတွေထံ လျှောက်ထားလိုက်တာဖြစ်ပါတယ်။