ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ အကြိမ်ကြိမ်ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပပေးဖို့ ပြင်ဆင်နေတယ်လို့ ဇွန် ၁၅ ရက်က မိတ္ထီလာခရိုင်အဆင့် ဌာနဆိုင်ရာတွေနဲ့တွေ့ဆုံပွဲမှာ ထပ်ပြောပါတယ်။
စစ်ခေါင်းဆောင်က “မိမိတို့အနေဖြင့် လာမယ့်အောက်တိုဘာလအတွင်း လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လာမယ်နှစ်အတွင်း လွတ်လပ်၍ တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်” လို့ ပြောခဲ့တာပါ။
ဒီစကားကို စစ်ခေါင်းဆောင်အနေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ လူထုတွေ့ဆုံပွဲတွေမှာ အမြဲပြောနေကျစကား ဖြစ်တဲ့အတွက် ထူးခြားမှု မရှိဘူးလို့ ဌာနဆိုင်ရာဝန်ထမ်းတဦးက ပြောပါတယ်။
“ဒီစကားက ဗိုလ်လောင်းသင်တန်းဆင်းလည်း ပြောတယ်၊ ပြည်သူ့စစ်တွေ သင်တန်းဆင်းလည်း တိုင်းမှူးတွေက ပြောတယ်၊ ဌာနဆိုင်ရာဆို အစည်းအဝေးမှာ ဝန်ကြီးချုပ်က ထည့်ပြောနေကျ၊ ခဏခဏပြောနေလို့ ရိုးနေပြီ။ တကယ်တမ်း မြေပြင်မှာ သန်ခေါင်စာရင်း ကောက်ဖို့တောင် မလွယ်ဘူး။”
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ရသလောက်မြို့နယ်နဲ့လုပ်ပြီး လက်ရှိပြဿနာတွေကို အစိုးရသစ်ကိုပေးပြီး ရုန်းထွက်ဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတဦးက သုံးသပ်ပြောဆိုပါတယ်။
“ထွက်လမ်းက ရွေးကောက်ပွဲပဲ ရှိတယ်။ လက်ရှိပဋိပက္ခဖြစ်နေတဲ့ နေရာတွေဖယ်ပြီး ရသလောက် မြို့နဲ့ ကျင်းပမယ်၊ မရရင် ရတဲ့နည်းနဲ့ မဲပေးရမယ်၊ အဲဒီလိုမျိုးပဲသွားမယ်လို့ ထင်တယ်။ အစိုးရသစ်ဆိုလည်း ကြံခိုင်ရေးနဲ့ စစ်တပ်နဲ့ ပေါင်းတာပဲလာမှာ။”
မိတ္ထီလာခရိုင်မှာ ဇွန် ၁၅ ရက်မနက်က စစ်ခေါင်းဆောင်နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ တွေ့ဆုံပွဲကို မန္တလေးတိုင်းဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ မကွေးတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းမှူးတွေကိုပါ ခေါ်ယူတွေ့ဆုံခဲ့ကာ လုံခြုံရေးတိုးမြှင့်ဖို့ ပြောဆိုခဲ့တာလည်း ရှိပါတယ်။
လတ်တလောမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းများအရ မှတ်ပုံတင်ကျပြီးတဲ့ နိုင်ငံရေးပါတီ ၆၆ ပါတီရှိပြီး ၁၆ ပါတီက ပြည်နယ်နဲ့တိုင်းဒေသကြီးမှာ ရွေးကောက်ပွဲဝင်မှာဖြစ်ပြီး ကျန်တဲ့ပါတီ ၅၀ က တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။