ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ချွန်းပူးရီးခရိုင်၊ ဆတ်တဟိပ်ဆိပ်ကမ်းမှာ လွန်ခဲ့တဲ့ ၅ ရက် လောက်က ပျောက်ဆုံးသွားတဲ့ ထိုင်းဆီတင်သင်္ဘော ၃ စီးကို ပြန်တွေ့ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိထားတဲ့ တရားမဝင်ဆီတင်သင်္ဘော ၅ စီးကို ကမ်းကပ်ထားစဉ် ဆီလီတာပေါင်း ၃၃၀,၀၀၀ ပါတဲ့ သင်္ဘော ၃ စီးဟာ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်ညက ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တာပါ။
တာဝန်ရှိသူတွေက ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့ ရေပိုင်နက်တွေထဲ ၅ ရက်တာ လိုက်လံရှာဖွေပြီးတဲ့နောက် မနေ့က မလေးရှားရေပိုက်နက်ထဲ မျောနေတာကို ပြန်လည် တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေလိုက်ပါတဲ့ သင်္ဘော ၁ စီးက အဆိုပါသင်္ဘော ၃ စီးလုံးကို ဒီကနေ့ ဇွန် ၁၇ ရက်နေ့မှာ ထိုင်းနိုင်ငံကို ပြန်လည်ယူဆောင်လာနိုင်မယ်လို့ ရေတပ်တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။
သင်္ဘောပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ကပ္ပတိန်နဲ့ သင်္ဘောသား စုစုပေါင်း ၂၈ ဦးကို ဖမ်းဝရမ်း ထုတ်ထားကြောင်း၊ အဆိုပါ ၂၈ ဦးထဲမှာ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတွေ ပါပါတယ်။
ဒီကနေ့ ဇွန် ၁၇ မှာ သင်္ဘောသား ၁၁ ဦးကတော့ သူတို့ဟာ ပျောက်ဆုံးနေတဲ့ သင်္ဘောထဲပါသွားသူတွေ မဟုတ်ကြောင်း ရှေ့နေနဲ့အတူ ဆိပ်ကမ်းအာဏာပိုင်တွေထံ လူကိုယ်တိုင် လာရောက်သတင်းပို့ထားတယ်လို့ Thai PBS သတင်းမှာ ဖော်ပြပါတယ်။
လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ အသံဖိုင်အရ အဆိုပါသင်္ဘောတွေကို ယူထုတ်သွားဖို့အတွက် တာဝန်ရှိသူကို ၁ စီးလျှင် ဘတ် ၆ သန်းကနေ ဘတ် ၃ သန်းထိ လျှော့ပေးဖို့ ဈေးညှိနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲချုပ် ကျရွန်းကစ်ဘန်က ယောက်ကတော့ ဒါဟာ မြွေဟောက်ရဲ့လည်တိုင်ကို လာကိုင်ရဲတဲ့ မိုက်ရူးရဲဆန်တဲ့ အလုပ်ဖြစ်တယ်။ ရာထူး ဘယ်လောက်ကြီးကြီး၊ အာဏာဘယ်လောက်ရှိရှိ ထိထိရောက်ရောက် စုံစမ်းအရေးယူသွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
Source- ThaiPBS / PPTV / ONE News