မန္တလေးအိုးဘိုအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား အယောက် ၇၀ လောက်ကို မြင်းခြံနဲ့ မကွေးအကျဉ်းထောင်တွေဆီ ပြောင်းရွှေ့ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
အိုးဘိုထောင်ရှိ အမျိုးသားအိပ်ဆောင်တွေအတွင်းရှိ နိုင်ငံရေး အကျဉ်းသား ၇၀ ကျော်နဲ့ မူးယစ် ၃ ဦးကို ထောင်ပြောင်းရွှေ့ရမယ်လို့ဆိုပြီး နှစ်ယောက်တတွဲ ခြေချင်းခတ်ပြီး ဇွန် ၁၅ ရက်က မကွေးအကျဉ်းထောင်နဲ့ မြင်းခြံအကျဉ်းထောင်သို့ ထောင်ပြောင်းခဲ့တာလို့ (PPNM) က ထုတ်ပြန်ထားပါတယ်။
ဇွန် ၁၅ ရက် မနက် ၆ နာရီဝန်းကျင်မှာ မြင်းခြံအကျဉ်းထောင်ကို နိုင်ငံရေးအကျဉ်းသားတချို့ကို ပို့ဆောင်ခဲ့ပြီး မနက် ၁၁ နာရီဝန်းကျင်လောက်မှာ မကွေးအကျဉ်းထောင်ကို ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေကို ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ပြောခွင့်ရသူ ကိုသိုက်ထွန်းဦးကတော့ “အိုးဘိုအကျဉ်းထောင်က ထောင်ပြောင်းရတဲ့ အဓိက အကြောင်းပြချက်ကတော့ အကျဉ်းသားတွေကို ပြောတာကတော့ အကျဉ်းထောင်မှာ လူဦးရေ ပြည့်ကြပ်နေတာဖြစ်တဲ့အတွက် လူဦးရေကို လျှော့ချတဲ့အနေနဲ့ တခြားထောင်တွေကို ပြောင်းရွှေ့ရတယ်ဆိုတဲ့ ပုံစံမျိုးကို သူတို့ အဓိကပြောပါတယ်” ပြောပါတယ်။
ဒါ့အပြင် လက်ရှိ ပြောင်းရွှေ့ခံရသူတွေဟာ ထောင်တွင်းအခွင့်အရေးကို အဓိက ခုခံတောင်းဆို နေတဲ့သူတွေ ပြောင်းရွှေ့ခံရတာလို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“အဓိက နိုင်ငံရေးမှာ တက်ကြွလှုပ်ရှားသူတွေ၊ အကျဉ်းထောင်ထဲ အဖိနှိပ်ခံ နိုင်ငံရေးအကျဉ်းသားတွေအတွက် ရပ်တည်တဲ့ အကျဉ်းသားတွေ အဓိကပါတယ်ပေါ့။ ကျိုက်မရောက ပြောင်းတဲ့အထိမှာဆိုရင် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အမျိုးသမီးတချို့လည်း ပါသွားတယ်လို့ သိထားပါတယ်။ အဓိကကတော့ အကျဉ်းထောင်ထဲမှာ ထောင်အာဏာပိုင်ကို အမြဲတစေ ဆန့်ကျန်တွန်းလှန်နေတဲ့သူတွေ၊ ထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကို အဖိနှိပ်ခံအကျဉ်းသားတွေဘက်က ရပ်တည်တဲ့သူတွေ၊ ထောင်တွင်း သပိတ်တိုက်ပွဲတွေမှာ ပါဝင်သူတွေ၊ ဦးဆောင်ဖူးတဲ့သူတွေကိုတော့ အဓိက ရွေးချယ်ပြီးမှ ထောင်ပြောင်းမှုကို ပြုလုပ်တာဖြစ်ပါတဗျာ။”
ဒီလိုနိုင်ငံအရေးအကျဉ်းသားတွေကို မပြောင်းခင် အိုဘိုထောင်တွင်း နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေ ထားရှိတဲ့အဆောင်မှာ ကျပ်ညပ်ပြီး နေထိုင်နေရကြောင်း PPNM က ထုတ်ပြန်ပြီးနောက် အခုလို ထောင်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။