ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ပြီးတော့ မိုးကြီးနိုင်တာကြောင့် ရေကြီး မြေပြိုဘေးအန္တရာယ် သတိပြုသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မိုးဇလဌာနက သတိပေးထားပါတယ်။
ဇွန် ၁၇ ရက် ဒီမနက်အတွက် မိုးလေဝသ ခန့်မှန်းချက်မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ အနောက်တောင်လေတွေ တိုက်ခတ်နိုင်ပြီး မြစ်ဝကျွန်းပေါ်နဲ့ တောင်ပိုင်းဒေသတွေမှာလည်း အနောက်တောင်လေတွေ ပြောင်းလဲပြီးတော့ တိုက်ခတ်လာနိုင်တယ်လို့ ဆိုပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာတော့ မုတ်သုံလေဆက်လက် အားကောင်းနေတယ်လို့ ဆိုပါတယ်။
မိုးအခြေအနေကတော့ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်း ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာတော့ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ဆိုပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ အနောက်-အနောက်တောင်ဘက် ကနေ တနာရီကို မိုင် ၃၀ လောက်အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အနောက်တောင်မုတ်သုံလေဟာ ဆက်လက်အားကောင်းနိုင်ပြီး ဇွန် ၁၉ ရက်ကနေ ၂၃ ရက်အတွင်း အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်တယ်လို့လည်း ခန့်မှန်းထားပြီး အဆိုပါ မုတ်သုံလေ အားကောင်းလာမှုကြောင့် မြန်မာနိုင်ငံတဝန်း မုတ်သုံမိုး ပိုမိုလာစေမယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသတွေ ၊ မွန်၊ တနင်္သာရီဒေသတွေနဲ့ မြောက်ပိုင်းဒေသတွေမှာ မုတ်သုံမိုး ဆက်လက်သည်းထန်လာနိုင်ပြီး ရေကြီးရေလျှံ၊ မြေပြိုဘေးဒဏ်ကျရောက်မှုတွေ ဖြစ်ပေါ်လာပါက ထိခိုက်မှု လျော့ပါးစေဖို့အတွက်လည်း အထူးအလေးထား ပြင်ဆင်ဆောင်ရွက်ကြစေလိုတယ်လို့ ထုတ်ပြန်ထားပါတယ်။