တရုတ်ဝန်ကြီးချုပ်ရဲ့ ဩစတြေးလျခရီးစဉ်နဲ့ ပတ်သက်ပြီး ဇွန် ၁၇ ရက် မနက်ပိုင်းက ကန်ဘရာမြို့တော်ရှိ လွှတ်တော်အဆောက်အုံ အပြင်ဘက် မြက်ခင်းပြင်မှာ ဆန္ဒပြသူတွေရော ထောက်ခံသူတွေပါ စုဝေးခဲ့ကြပါတယ်။
တချိန်တည်းမှာ တရုတ်ဝန်ကြီးချုပ် လီချန်းကို အခမ်းအနားနဲ့ ကြိုဆိုမယ့်အချိန် ဖြစ်နေတာကြောင့် ရဲတပ်ဖွဲ့က ထူထပ်စွာ နေရာချထားတာ တွေ့ရပါတယ်။
ဒါဟာ ၇ နှစ်တာအတွင်း တရုတ်ဝန်ကြီးချုပ်တဦးရဲ့ ပထမဆုံးသော ဩစတြေးလျခရီးစဉ် ဖြစ်သလို တနင်္လာနေ့မှာလည်း အိမ်ရှင်ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီနဲ့ လီ တို့ကြား တွေ့ဆုံခဲ့ကြပါသေးတယ်။
ဒါ့အပြင် တိဘက်နဲ့ ရှင်ကျန်း ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုလိုမျိုး ကိစ္စရပ်တွေအပေါ် တရုတ်နိုင်ငံရဲ့ ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေက ကန့်ကွက်ဖို့အတွက် ဖြစ်တယ်လို့ မီဒီယာတွေကို ဖြေဆိုပါတယ်။
ဒီခရီးစဉ်အတွင်း ၂ နိုင်ငံကြား ကုန်သွယ်ရေးဆက်ဆံမှုနဲ့ ဒေသတွင်း လုံခြုံရေး အပါအဝင် အကျဉ်းကျခံထားရတဲ့ တရုတ်ပြည်ဖွား ဩစတြေးလျစာရေးဆရာ ယန်ဟန်ဂျွန် ကိစ္စရပ်အထိ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
၂ နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ထိတွေ့မှုတွေအရ ပဋိပက္ခဖြစ်ပွားခဲ့ရာမှာ တရုတ်နိုင်ငံက ဩစတြေးလျရဲ့ ဒေါ်လာ ၂၀ ဘီလီယံဖိုး ပို့ကုန်တွေကို ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အမေရိကန်ရဲ့ လုံခြုံရေးဆိုင်ရာ မဟာမိတ်နိုင်ငံနဲ့ ကမ္ဘာ့ဒုတိယစီးပွားရေး အကြီးဆုံးနိုင်ငံတို့ကြားမှာ ဆက်ဆံရေး အေးစက်လာခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် ဝန်ကြီးချုပ်ကပါ ဩစတြေးလျနိုင်ငံကို ဆက်တိုက်လာရောက်ခဲ့ကြပါတယ်။
ဒေသတွင်းအရေးနဲ့ ပတ်သက်ရင်လည်း အယ်လ်ဘန်နီက “ဒေသဆိုင်ရာ ဟန်ချက်ညီမှု မြှင့်တင်နိုင်ဖို့အတွက် အားလုံး အတူတကွ လုပ်ဆောင်သင့်ပါတယ်။ ဘယ်နိုင်ငံကမှ လွှမ်းမိုးထားတာမျိုး မရှိသင့်သလို လွှမ်မိုးခံရတာမျိုးလည်း မဖြစ်သင့်ပါဘူး” လို့ လီ ကို ပြောကြားခဲ့ပါတယ်။
တဖက်မှာ ပေကျင်းဘက်က ကုန်သွယ်ရေးပိတ်ဆို့မှုကို ဖြေလျှော့လာတာနဲ့အမျှ တရုတ်နဲ့ ဩစတြေးလျကြား ပြီးခဲ့တဲ့နှစ်အတွင်း ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၁၅ ဘီလီယံကျော်အထိ ပြန်ရောက်လာခဲ့ပါတယ်။
Source-Reuters