Home
မြန်မာသတင်း
မြန်မာပြည် စီမံကိန်း ၁၂ ခုအတွက် တရုတ်နိုင်ငံက အကူအညီပေးမည် 
DVB
·
June 17, 2024
Photo - Chinese Embassy

 

မြန်မာပြည်တွင်းမှာ လုပ်ဆောင်ဖို့ရှိနေတဲ့ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ကုန်သွယ်မှု၊ ဆန်းသစ်တီထွင်မှုနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆိုင်ရာ စီမံကိန်း ၁၂ ခုအတွက် အကူအညီပေးဖို့ တရုတ်အစိုးရက စစ်ကောင်စီနဲ့ ဇွန် ၁၄ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းနဲ့ စစ်ကောင်စီ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ တက်ရောက်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

ဒါဟာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မြန်မာနိုင်ငံစီမံကိန်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတာဖြစ်ကာ စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များအစည်းအဝေးက သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဆောင်တဲ့ အရေးကြီးလုပ်ဆောင်ချက်ဖြစ်တဲ့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၄ နှစ်တလျှောက် ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးတဲ့ ပါဝင်သူ၊ တွန်းအားပေးသူနဲ့ အကျိုးခံစားသူ ဖြစ်ကြောင်း၊ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း မရှိခဲ့ဖူးတဲ့ အပြောင်းအလဲကြီးကို ရင်ဆိုင်ရာမှာ ဒေသတွင်းနိုင်ငံအသီးသီးက ပြည်သူတွေရဲ့ အနာဂတ်ကို မျှော်တွေးရင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာကြီးထွားလာစေဖို့ အတူတကွ ဖော်ဆောင်ပြီး ပိုမိုနီးကပ်သော၊ ငြိမ်းချမ်းပြီးတော့ စည်ပင်ဝပြောသော လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်သင့်တယ်လို့လည်း ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က စပြီးတော့ ဒီကနေ့အထိ မြန်မာနိုင်ငံက စုစုပေါင်း စီမံကိန်းပေါင်း ၇ သုတ် ၁၁၈ ခုဟာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးကူညီမှုရရှိခဲ့ပြီး မဲခေါင်မြစ်နိုင်ငံတွေထဲမှာ ပံ့ပိုးကူညီမှုရရှိတဲ့ စီမံကိန်းအရေအတွက် အများဆုံးနိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဝန်ကြီး ဦးသန်းဆွေကတော့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးတို့ကို မြှင့်တင်ဖို့ မြန်မာနိုင်ငံအနေနဲ့ လန်ချန်း-မဲခေါင်နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဟာ မဲခေါင်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ၂၀၁၆ ခုနှစ်မှာ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့နဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာ  ဖြစ်ပါတယ်။

ဇွန် ၁၁ ရက် မနက်ကလည်း တရုတ်နိုင်ငံက NLD အစိုးရအား ကတိပြုခဲ့တဲ့ ကင်းလှည့်ရေယာဥ် ၆ စီးကို  ရန်ကုန်မြို့ရှိ ဝါးတန်းဆိပ်ကမ်းမှာ စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013