ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ ပတ္တမြားလမ်းမှာ ဒီနေ့ ဇွန် ၁၇ ရက်၊ မနက်ပိုင်းက ရပ်တန့်ထားတဲ့ သဲတင်ကားနဲ့ ထော်လာဂျီကားပေါ် ဓာတ်ကြိုးပြတ်ကျပြီး မီးစွဲလောင်ရာက ကလေးငယ်အပါ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ ပတ္တမြားမြို့သစ် လမ်းသွယ်မှာ ဒီနေ့မနက် ၈ နာရီ ၂၀ မိနစ်လောက်က ကား ၂ စီးပေါ် ဓာတ်ကြိုးပြုတ်ကြပြီး ထော်လာဂျီကားအနီးရှိ အမျိုးသား ၂ ဦးနဲ့ ကလေးတဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ လမ်းအတွင်းနေထိုင်သူတဦးက DVB ကို ပြောပါတယ်။
“ထော်လာဂျီနဲ့ သဲကားက ကပ်ပြီးရပ်ထားတဲ့အချိန် ဓာတ်ကြိုးက ရုတ်တရက်ပြတ်ကျပြီး ကားနားက ၂ ယောက် ဓာတ်လိုက်သေတာပါ။ ကလေးက ထော်လာဂျီပေါ်မှာရှိနေတော့ ကလေးပါ သေတာပေါ့။ မီးကြိုးတွေက တော်တော်ကိုဆွေးနေပြီ။ EPC ကလည်း မလဲဘဲ ဒီအတိုင်းထားတော့ မိုးတွင်းမှာ အခုလို လျှပ်စစ်အန္တရာယ်နဲ့ ကြုံတာပေါ့။”
ဓာတ်ကြိုးပြတ်ကျပြီး ကား ၂ စီး မီးလောင်ခဲ့မှုကြောင့် သေဆုံးခဲ့တဲ့ ၃ နှစ်အရွယ် ကလေးငယ်တဦးနဲ့ အမျိုးသား ၂ ဦးကို ပတ္တမြား လူနာတင်ယာဉ် (ပုလဲ) နဲ့ မေဓာဝီဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
အလားတူ မနေ့မနက် ၅ နာရီခွဲလောက်ကလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ၄၅ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းရှိ K-Power Bank ဆိုလာအရောင်းဆိုင် မီးလောင်ကျွမ်းခဲ့တာကြောင့် ဆိုင်ဝန်ထမ်းဖြစ်သူ အသက် ၂၉ နှစ်အရွယ် အမျိုးသားကို ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းက ပေါ့ဆမီးအသုံးပြုမှု ဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။