မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်း သဘာဝလှေဂိတ်အနီးမှာ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံသား ၆ ဦးတို့ကို ထိုင်းစစ်တပ်က ဇွန် ၁၆ ရက်မနက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖေါ်ပြပါတယ်။
ကမ္ဘောဒီးယားနိုင်ငံသား ၅ ဦးနဲ့ တရုတ်နိုင်ငံသား ၁ ဦး စုစုပေါင်း ၆ ဦးတို့ကို နယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ပတိုက်နယ်၊ ဝမ်းဖာကျေးရွာ ရပ်ကွက် ၄ ၊ သောင်ရင်းမြစ်အနီးမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ထိုင်း လဝက တာဝန်ရှိသူတွေထံ လွှဲပြောင်းပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အရေးယူမယ်လို့ ထိုင်းအာဏာပိုင်နဲ့နီးစပ်သူက ပြောပါတယ်။
ဖမ်းမိတဲ့ နိုင်ငံခြားသားတွေဟာ အိမ်နီးချင်း မြန်မာနိုင်ငံဘက်ကို ကာစီနို လောင်းကစားလုပ်ဖို့ တရားမဝင်သွားရောက်သူတွေ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ တရားမဝင် လောင်းကစားရုံတွေနဲ့ အွန်လိုင်း ကျားဖြန့်လုပ်ငန်းတွေ ဖွင့်လှစ်လုပ်ကိုင်နေတဲ့အတွက် တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား အပါအဝင် နိုင်ငံခြားသားတွေဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်သွားရောက် နေကြတာဖြစ်ပြီး မကြာခဏ ဖမ်းဆီးအရေးယူခံရတာတွေလည်း ရှိပါတယ်။