တရုတ်နိုင်ငံ တောင်ပိုင်းက သန်းချီနေတဲ့ ပြည်သူတွေဟာ မိုးကြီးပြီး ရေလွှမ်းမှုကြောင့် ဘေးကင်းရာ ရွှေ့ပြောင်းနေရချိန်မှာ တရုတ်ပြည် မြောက်ပိုင်းက လယ်သမားတွေကတော့ အပူလှိုင်းကြောင့် မိုးခေါင်တဲ့ဘေးကို ကြောက်လန့် စိုးရိမ်နေရလို့ အစွန်းရောက် မိုးလေဝသ ၂ ခုဒဏ်ကို တရုတ်နိုင်ငံ ခံစားနေရပါတယ်။
နိုင်ငံ မြောက်ပိုင်းတလွှားမှာ မြင့်မားတဲ့အပူချိန်အတွက် သတိပေးချက် ထုတ်ပြန်ထားရသလို တောင်ပိုင်းပြည်နယ် အများအပြားမှာလည်း ပြင်းထန်တဲ့ ရေကြီးမှု သတိပေးချက်တွေကို တရုတ်အမျိုးသား မိုးလေဝသဌာနက ဇွန် ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကွမ်းရှီးပြည်နယ်မှာ မိုးကြီးလို့ ရွာတချို့မှာ အိမ်တွေ ရေမြုပ်ကုန်ပါတယ်။ နိုင်ငံအရှေ့ပိုင်း ဖှုကျန်းပြည်နယ်မှာလည်း ရေကြီး မြေပြိုတာတွေကြောင့် လူ ၃၆,၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရတယ်လို့ အစိုးရမီဒီယာက ထုတ်ပြန်ပါတယ်။
ကပ်ဘေးဟန့်တားရေးနဲ့ ပိုဆိုးရွားပြင်းထန်တဲ့ မိုးလေဝသ အခြေအနေတွေအတွက် ပြင်ဆင်ထားဖို့ တရုတ်အစိုးရက ထပ်ခါတလဲလဲ ဆော်ဩထားပါတယ်။
ကြမ်းတမ်းတဲ့ မိုးနဲ့ မိုးသီးမုန်တိုင်းတွေကြောင့် ဒီနှစ်အစောပိုင်းက နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ်မှာ လူ ၇ ဦး သေဆုံးခဲ့ပြီးပါပြီ။
မြို့တော် ပေကျင်း အပါအဝင် တရုတ်မြောက်ပိုင်းမှာ အပူချိန်မြင့်နေလို့ အပူချိန် သတိပေးချက်ကို အမျိုးသား မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
ပေကျင်းနဲ့ အနားဝန်းကျင်တွေ၊ နိုင်ငံအနောက်ပိုင်းက ရှင်းကျန်းနဲ့ အတွင်းမွန်ဂိုလီးယား ပြည်နယ်တွေမှာ ဇွန် ၁၇ ရက် တနင်္လာနေ့အတွက် အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်နိုင်မယ်လို့ ဆိုပါတယ်။
တရုတ်မြောက်ပိုင်းမှာ မိုးမရွာလို့ ဒီနှစ်အတွက် လယ်ယာစိုက်ပျိုးထုတ်လုပ်ရေးနဲ့ ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။
ဖှုကျန်းပြည်နယ်မှာတော့ ၇ ရက်ဆက်တိုက် မိုးအကြီးအကျယ် ရွာခဲ့ပြီး ဆက်ရွာဦးမယ်လို့ မျှော်လင့်ထားပါတယ်။
မြစ်တချို့မှာ ရေမျက်နှာပြင်က စိုးရိမ်ရေမှတ်ကို ကျော်သွားပြီလို့ အစိုးရရုပ်သံ CCTV က ကြေညာပါတယ်။
မြစ်ဝါမြစ်နဲ့ ဟွိုင်ဟော့ မြစ် ၂ စင်းတို့ကြား ဒေသတွေနဲ့ တရုတ်မြောက်ပိုင်းမှာ အပူချိန်က မီးဖုတ်ထားသလောက် ပူပြင်းနေပြီး လာမယ့်ရက်တွေမှာ အပူချိန်လျော့ကျမယ်လို့ မျှော်လင့်ထားတဲ့အကြောင်း အမျိုးသား မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Source-Reuters