Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃ ခုကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်
DVB
·
June 17, 2024
SagaingCutOutEPC_17062024

စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့နယ်၊ ဘုတလင်မြို့နယ်နဲ့ ကနီမြို့နယ်တွေကို စစ်ကောင်စီက လျှပ်စစ်မီးတွေ ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီပဲယင်းမြို့ဒေသခံတဦးက “အရင်တုန်းက မီးကိုအချိန်နဲ့ အလှည့်ကျပေးတယ်။ အခုတော့ လုံး၀ကို မပေးတော့ဘူး။ မင်းအောင်လှိုင် ဒုက္ခပေးနေတာတွေများပြီ” လို့ ပြောပြပါတယ်။

ဇွန် ၁၃ ရက်အထိ အဆိုပါမြို့ ၃ မြို့မှာ လျှပ်စစ်မီးကို နေ့စဥ်ည ၉ နာရီကနေ မနက် ၂ နာရီအထိ အချိန်နဲ့ အလှည့်ကျပေးနေရာကနေ ဇွန် ၁၄ ရက်ကစတင်ပြီး လျှပ်စစ်မီးမပေးတော့ဘဲ လုံး၀ဖြတ်တောက်လိုက်တာလို့ သိရပါတယ်။

ကနီမြို့က အိမ်ရှင်မတဦးက “၀င်ငွေကနည်း ကုန်စျေးနှုန်းတွေကကြီးနေတဲ့အချိန် ထင်းတွေ မီးသွေးတွေ ထပ်၀ယ်ရရင်တော့ မလွယ်တော့ဘူး။ ခေတ်ကို နောက်ပြန်ဆွဲနေတာပါ။ စစ်တပ်က ပြည်သူကို ဒုက္ခအမျိုးမျိုးပေးနေတာ မ၀သေးဘူးလားလို့ မေးချင်ပါတယ်ရှင်” လို့ ပြောဆိုပါတယ်။

စစ်ကောင်စီက အခုလို လျှပ်စစ်မီး ဖြတ်တောက်လိုက်တာဟာ ပြည်သူတွေအတွက် ဆင်းရဲဒုက္ခ ပိုမိုမြင့်မားစေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘုတလင်မြို့က စက်မှုလုပ်ငန်းရှင်တဦးက “လျှပ်စစ်မီးမရတော့ မီးစက်နဲ့ လုပ်ရတယ်ဗျာ။ အဲဒီတော့ ဆီဖိုးကုန်တယ်။ ကျနော်တို့လည်း ကိုက်အောင်ယူရတော့ အလုပ်အပ်တဲ့သူတွေဆီကနေ ဈေးတက်တောင်းရတာပေါ့။ နောက်ဆုံးတော့လည်း ဒီပြည်သူပဲ ဒုက္ခသုက္ခခံရတာ” လို့ ပြောပြပါတယ်။

မီးဖြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒီပဲယင်းမြို့နယ်နဲ့ ကနီမြို့နယ်တွေက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွေကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ လက်ခံဖြေဆိုသူ မရှိပါဘူး။

ဘုတလင်မြို့နယ်က မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွေကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ “တိုင်းရုံးက ဖြတ်ခိုင်းထားတယ်ဆိုလို့ ကျနော်တို့က ဖြတ်ရတာပါ” လို့ တာ၀န်ကျ ဝန်ထမ်းတဦးက ပြန်လည်ဖြေကြားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013