ဟော်လန်အသင်း တိုက်စစ်ကစားသမားတွေအနေနဲ့ အဆုံးသတ်ကောင်းမွန်ဖို့ လိုအပ်ကြောင်း နည်းပြ ရော်နယ်ကိုးမန်းက ဝန်ခံပြောသွားပါတယ်။
ဟော်လန်အသင်းဟာ ဇွန် ၁၅ ရက်က ပိုလန်နဲ့ ယူရိုအုပ်စုအဖွင့်ပွဲစဉ်မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဂိုးသွင်းခွင့်တွေ အများအပြားလွဲချော်ခဲ့လို့သာ အခုထက် ဂိုးပိုမရခဲ့တာပါ။
ဂိုးပေါက်ကန်သွင်းချက် ၂၁ ကြိမ်အထိရှိခဲ့ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း အဓိကပြိုင်ပွဲကြီးတခုမှာ ပထမဆုံးအကြိမ် ဂိုးပေါက်ကန်သွင်းချက် အများဆုံးဖြစ်ခဲ့တာပါ။
တိုက်စစ်ပိုင်းက အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိတာကို နည်းပြ ကိုးမန်းက ဝန်ခံခဲ့ပြီး လက်ကျန်ပွဲစဉ်တွေမှာ တိုက်စစ်ပိုင်းက ပါးနပ်မှုရှိဖို့ လိုတယ်လို့ ပြောပါတယ်။
ဟော်လန်တိုက်စစ်မှူး ဂတ်ခ်ပိုကလည်း အဆုံးသတ်ကောင်းမွန်ဖို့ လိုအပ်တယ်ဆိုတာ ဝန်ခံသွားခဲ့ပြီး ပါးနပ်မှုရှိဖို့လိုတယ်လို့ ပြောသွားပါတယ်။
ဟော်လန်အသင်းဟာ လက်ကျန်နှစ်ပွဲမှာ ပြင်သစ်၊ သြစတြီးယားအသင်းတွေနဲ့ ဆက်လက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။