ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့မှာ ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သလို PPP (ပြည်သူ့ရှေ့ဆောင်)ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဇွန် ၁၄ ရက်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွား တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရသူ ဦးရဲရင့်အောင်ဟာ ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သလို PPP ပါတီရဲ့မြို့နယ် ဥက္ကဋ္ဌလည်းဖြစ်ပြီး ဦးရဲရင့်အောင်ရဲ့ နေအိမ်ရှေ့မှာ ဆိုင်ကယ်စီးလာတဲ့သူ ၂ ယောက်က သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “သူ့ရဲ့အိမ်ရှေ့မှာ ပစ်ခံရတာ၊ ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမား ၂ ယောက်က ပစ်သွားတာ။ သူက စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ပြည်သူတွေအပေါ် အမျိုးမျိုး အနိုင်ကျင့်နေသူထဲက တယောက်ပေါ့” လို့ ပြောပါတယ်။
ရွှေလောင်းမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ဇွန် ၁၄ ရက်နေ့က ပစ်ခံရတာ။ သူ့အိမ်ရှေ့မှာ ဦးခေါင်း(နားထင်) သေနတ်ဒဏ်ရာ တချက်ရရှိသွားလို့ ရွှေလောင်း တိုက်နယ်ဆေးရုံကို အပို့မှာ သေဆုံးသွားတာ” လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝါးခယ်မမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတွေဘက်က သတင်းထုတ်ပြန်ထားတာ တစုံတရာမရှိသေးပါဘူး။
PPP ပါတီရဲ့ မြို့နယ်ဥက္ကဋ္ဌ ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သူ သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် ရွှေလောင်းမြို့အတွင်း စစ်တပ်နဲ့ ရဲတွေက လမ်းတွေကို ပိတ်ဆို့စစ်ဆေး ရှာဖွေနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။