ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဇွန် ၁၅ ရက် မနေ့က လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ နေ့စားလယ်သမား ၁ ယောက် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ ရုတ်တရက် မိုးရွာလာပြီး ဘိုကလေးမြို့နယ်၊ ကျွန်းသာယာ ကျေးရွာအုပ်စု၊ အာမခံကျေးရွာက လယ်ကွင်းထဲ လယ်ယာလုပ်ငန်းလုပ်နေတဲ့ ဦးငြိမ်းမောင်ဆိုသူကို မိုးကြိုးပစ်ခံရတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မနေ့က ဖြစ်တာ၊ ကိုယ်တွေ လုပ်နေတဲ့ လယ်ကွင်းနဲ့ ကပ်နေတာပဲ။ တခြားသူတွေနဲ့ အတူတူ လယ်အလုပ် လုပ်နေကြတုန်း မိုးရွာလာပြီး ရုတ်တရတ် မိုးကြိုးပစ်ချခံရတာ။ သေဆုံးသူက အဲဒီလယ်မှာ နေ့စားနဲ့ အလုပ် လာလုပ်တဲ့ ဦးငြိမ်းမောင် ဆိုတဲ့ အမျိုးသားပါ” လို့ ပြောပါတယ်။
မိုးကြိုးပစ်ခံရလို့ သေဆုံးသူဟာ အသက် ၅၇ နှစ်အရွယ် ဦးငြိမ်းမောင်ဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို သက်ဆိုင်ရာက စစ်ဆေးပြီးနောက် မိသားစုဆီ အပ်နှံခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “မနှစ်ကလည်း လယ်သမား အမျိုးသားတယောက် မိုးကြိုးဘေးကြောင့် သေဆုံးခဲ့တယ်။ လွန်ခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ်ကလည်း လယ်ယာလုပ်ငန်း လုပ်နေတဲ့ လယ်သမား ၂ ယောက် လယ်ကွင်းထဲမှာ မိုးကြိုးထိမှန်လို့ သေဆုံးခဲ့ရတယ်။ အောက်တိုဘာလမှာ တယောက်နဲ့ သြဂုတ်လမှာ တယောက်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းကလည်း မော်လမြိုင်ကျွန်းမြို့နယ်က နေအိမ်ထဲမှာရှိနေတဲ့ အိမ်သုံး ဘက်ထရီအိုးနဲ့ လက်ကိုင်ဖုန်းကို မိုးကြိုးပစ်ချခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် မေ ၅ ရက်ကလည်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဆင်ခြံကျေးရွာအုပ်စု၊ ဘဝသစ်စီမံကိန်း၊ အိုင်ကလောင်အကျဉ်းစခန်း အနောက်ဘက်မှာ လယ်သမား ၂ ယောက် လယ်ထွန်နေချိန် မိုးရွာလာလို့ သစ်ပင်အောက်မှာ မိုးခိုနေရင်း မိုးကြိုးပစ်ချခံရပြီး ၂ ယောက်လုံး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။