Home
မြန်မာသတင်း
ညောင်ရွှေ PNO ပြည်သူ့စစ်ဂိတ် တိုက်ခိုက်ခံရ၊ ရှမ်းတောင်တိုက်ပွဲ ၅ လအတွင်း အရပ်သား ၇၇ ဦး သေဆုံး
DVB
·
June 16, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ လုံကန်ရွာအနီး နမ်ဟူးလမ်းဆုံရှိ ဦးခွန်ဇော့ဦးဆောင်တဲ့ PNO ပြည်သူ့စစ်ဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် PNOပြည်သူ့စစ် ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၅ ရက် မနက် ၈ နာရီလောက်မှာ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ PNO တပ်သားသုံးဦးမှာ ၁၅ ရက် စစ်သင်တန်းတက်ထားတဲ့ စံကားဒေသ ထီကာရွာက ခွန်ထွန်းလှ၊ သာယာကုန်းရွာက ခွန်သားထွေးနဲ့  နမ့်ဟူးရွာက ခွန်စိုးမင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်ရာမှာပါဝင်တဲ့ ရဲဘော်တဦးက “သူတို့က ရွာသားတွေရဲ့ပစ္စည်းကို အရမ်းသိမ်းတယ်။ လမ်းသွားလမ်းလာသူကိုလည်း ငွေအရမ်းညစ်တယ်။ ပြည်သူတွေ တိုင်လာလို့ လာတိုက်ခိုက်တာ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၃ ဦးထံမှ သေနတ်အရှည်သုံးလက်၊ သေနတ်တိုတလက်နဲ့ တခြားဆက်စပ်ပစ္စည်းတွေလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

လုံကန်ရွာခံတဦးက “သူတို့ဂိတ်တိုက်ခိုက်ခံရပြီး ရွာထဲတအိမ်တက်တအိမ်ဆင်း စစ်ဆေးနေတယ်။ အနီးနာလမ်းသွား လမ်းလာသူတွေကိုလည်း ကြမ်းတမ်းစွာ စစ်ဆေးနေတယ်။ ခုလမ်းလည်း ပိတ်ထားတယ်” လို့ ပြောပါတယ်။

အဆိုပါဂိတ်ဟာ ခရီးသွားပြည်သူတွေ၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်ဘက်မှ စစ်ဘေးရှောင်နဲ့ တံငါသည်တွေကိုလည်း ငွေကြေးအတင်းအဓမ္မတောင်းခံသလို မိုးဦးရွာက ကုန်ကားတစီးကိုလည်း ၁၀ သိန်းအထိ ဒဏ်ရိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ညောင်ရွှေမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့  ရက်ပေါင်း ၁၄၀၊ ဇန်နဝါရီ ၂၁ ရက်ကနေ အခု ဇွန်လအထိ ၅ လနီးပါးအတွင်း အရပ်သား ၇၇ ဦး သေဆုံးပြီး ၁၀၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ထားပါတယ်။

ဒေသခံအများစုမှာ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းခံသတ်ဖြတ်ခံရမှုတို့ကြောင့် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာလို့ ဆိုပါတယ်။

“ခု မြေပြင်တိုက်ပွဲတွေ တည်ငြိမ်လာတယ်။ ဒါပေမဲ့ တိုက်ပွဲတွေ လုံးလုံးတည်ငြိမ်သွားမယ်ဆိုတဲ့ အခြေအနေကို မတွေ့ရဘူး။ မြေပြင်တိုက်ပွဲက ဆက်လက်တည်ရှိနေဦးမယ်ဆိုတဲ့ အခြေအနေကို တွေ့ရတယ်။ ဒါကြောင့် ဒေသခံပြည်သူလူထုတွေ သတိနဲ့ ပြင်ဆင်မှုနဲ့ရှိဖို့ လိုအပ်တယ်” ပအိုဝ်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူ မနန်းက ပြောပါတယ်။

ဒါ့အပြင် နယ်မြေမတည်ငြိမ်လို့ ကလေးအများစုဟာ ကျောင်းဆက်မတက်ဘဲ ကျောင်းထွက် အလုပ်လုပ်ရတဲ့သူတွေရှိသလို စစ်သားစုဆောင်းခံရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မနန်းက “နေရပ်ကို မပြန်နိုင်သေးတဲ့ ဒေသခံတွေ များစွာရှိနေသေးတယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီလည်း အရေးပေါ်တခုအနေနဲ့ ဆက်လက် လိုအပ်နေကြတယ်။ ပြန်လာနိုင်တဲ့ ဒေသခံပြည်သူများလည်း စစ်သားစုဆောင်းခံရတာတွေ၊ ဆက်ကြေးကောက်ခံရတာ များစွာရှိနေပြီး ကျောင်းမဖွင့်လှစ်နိုင်တာနဲ့ ဖွင့်လှစ်နိုင်တဲ့ ကျောင်းတွေလည်း နိုင်ငံရေးမတည်ငြိမ်တဲ့အပေါ်မှာ ကျောင်းမတက်ဘဲ ကျောင်းထွက်ကြတဲ့ ကလေးမြောက်မြားစွာလည်း တွေ့ရှိလာရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှု ၃၅၃၈ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၄၆၃ ကြိမ်ရှိပြီး လူနေအိမ်၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦပေါင်း ၇၀၈ ခု ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေမြို့နယ်တို့မှာ နယ်မြေမတည်မှုကြောင့်  အရပ်သား ၅၄.၃၀၀ ဦး နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013