Home
နိုင်ငံတကာ
အမေရိကန်က ယူကရိန်းကို ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကူညီမည်
DVB
·
June 16, 2024
Photo - ALESSANDRO DELLA VALLE/Pool via REUTERS

အမေရိကန် ဒုသမ္မတ ကာမာလာ ဟာရစ်က ယူကရိန်းအပေါ် အမေရိကန်နိုင်ငံရဲ့ မယိမ်းမယိုင် ထောက်ခံ အားပေးမယ်လို့ ဇွန် ၁၅ ရက်က ထပ်ကတိပြုလိုက်ပြီး ယူကရိန်းရဲ့ စွမ်းအင်ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ကို ကူညီမယ်လို့ ကြေညာလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ လူဇန်နာမြို့မှာ ကျင်းပနေတဲ့ ယူကရိန်း ငြိမ်းချမ်းရေး ထိပ်သီးညီလာခံမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီနဲ့ တွေ့အပြီး ဟာရစ်က ခုလို ကြေညာလိုက်တာပါ။

ဟာရစ်က“စစ်ပွဲက ကျမတို့ရဲ့ ရွေးချယ်မှု မဟုတ်ဘဲ ပူတင်ရဲ့ ရွေးချယ်မှုသာ ဖြစ်တယ်။ ဒီကနေ့ ငြိမ်းချမ်းရေး ထိပ်သီးညီလာခံမှာ ကျမတို့ဟာ တကယ့် ငြိမ်းချမ်းရေးဆီကို စတင်ရွေ့လျားဖို့ လုပ်နိုင်သမျှ အကုန်လုပ်သွားမယ်”လို့ ပြောပါတယ်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်တန် အကူအညီတွေထဲမှာ ယူရိန်းနိုင်ငံအတွင်း စွမ်းအင်ထောက်ပံ့ရေးအတွက် ရန်ပုံငွေအသစ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အပြင် အရေးပေါ်စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦတွေ ပြင်ဆင်ရေးနဲ့ တခြား လိုအပ်ချက်တွေအတွက် အရင်က ကြေညာထားပြီးသား အမေရိကန်ဒေါ်လာ ၃၂၄ သန်းကို ပြန်လွှဲပြောင်းပေးတာလည်း ပါတယ်လို့ ဒုသမ္မတရုံးက ကြေညာခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ယူကရိန်း ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့ခေါင်းဆောင်တွေ တက်ဖို့ ပြင်ဆင်နေချိန်မှာ ဒန်ညက်စ်ဒေသမှာ တိုက်ခိုက်နေတဲ့ ယူကရိန်းစစ်သားတွေက ရုရှားနဲ့ တခုခု လိုက်လျောဖို့ ဆန္ဒမရှိဘူးလို့ ဇွန် ၁၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။ 

သူ့မွေးရပ်မြို့ ခါဆွန်မြို့ကို သိမ်းပိုက်ခံရပြီးတဲ့နောက် ယူကရိန်းစစ်တပ်ထဲ ဝင်ခဲ့တဲ့ အသက် ၃၆ နှစ်အရွယ် ယူကရိန်းစစ်သား မိုင်ခိုလာက ယူကရိန်းဘက်က အသာစီးရတဲ့ သဘောတူညီချက်တွေသာ ရှိနေနိုင်တယ်လို့ ပြောပါတယ်။ 

“ဒီမြေတွေကို စွန့်လွှတ်လိုက်ရုံနဲ့ သေခဲ့တဲ့သူတွေ ပြန်မလာနိုင်ဘူးဆိုတာ ခင်ဗျား သိပါတယ်။ ဘာအတွက်ကြောင့် လူတွေအများကြီး သေပေးခဲ့တာလဲ”လို့ သူက ဆက်ပြောပါတယ်။

ယူကရိန်းနိုင်ငံဟာ နေတိုး အဖွဲ့ဝင်ဖြစ်ရေး ရည်မှန်းချက်တွေကို စွန့်လွှတ်ပြီး ရုရှားအစိုးရက တောင်းဆိုထားတဲ့ ပြည်နယ်လေးခုလုံးကို လွှဲပြောင်းပေးဖို့ သဘောတူမှသာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က သောကြာနေ့မှာ ပြောခဲ့ပြီး လက်နက်ချဖို့ တောင်းဆိုချက်တွေကို ယူကရိန်းအစိုးရက အမြန်ပယ်ချခဲ့ပါတယ်။ 

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပမယ့် ညီလာခံအကြိုကာလမှာ ရုရှားသမ္မတ ပူတင်က အဆိုပြုခဲ့တာပါ။ 

စစ်ပွဲ တတိယနှစ်မှာ ရုရှားဟာ ယူကရိန်းပိုင်နက်ရဲ့ ငါးပုံတစ်ပုံကို ထိန်းချုပ်ထားပြီးပါပြီ။ ရုရှားတပ်ဖွဲ့တွေ အပြည့်အဝ ဆုတ်ခွာပြီး ပိုင်နက်နယ်မြေ ပြန်လည်ထူထောင်ရေးတို့အပေါ်မှာသာ အခြေခံရင်း ငြိမ်းချမ်းရေးကို ရနိုင်တယ်လို့ ယူကရိန်းက ပြောခဲ့ပါတယ်။

နိုင်ငံပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်တွေ တက်မယ့် ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ သီတင်းပတ်ကုန် ထိပ်သီးအစည်းအဝေးမှာ နယ်မြေပြဿနာတွေကို ရှောင်လွှဲပြီး ယူကရိန်း နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံရေးနဲ့ နျူကလီးယား ဘေးကင်းရေးတို့လို ကိစ္စရပ်တွေကို အာရုံစိုက်မယ်လို့ မျှော်လင့်ထားကြပါတယ်။

Source - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013