Home
မြန်မာသတင်း
သိန်း ၁၀,၀၀၀ ကျော်တန်ဖိုးရှိ လက်နက်ခဲယမ်းများ ဖမ်းဆီးခံရ၊ ရဲဘော် ၁ ဦး သတ်ခံရ
DVB
·
June 16, 2024
Bullets_16062024

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်နက်တွေ သယ်ဆောင်လာတဲ့ ကား ၁ စီးဟာ ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ ညပိုင်းက တောင်ငူမြို့နယ်၊ လိပ်သို ၁၃ မိုင်၊ စစ်တောင်းတံတားဂိတ်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ခံတယောက်က “အဲဒီဖြစ်စဉ်က ဟုတ်ပါတယ်။ ကားပေါ်မှာပါတဲ့ ပကဖရဲဘော် ၃ ယောက်နဲ့ ကားသမား ၁ ယောက် အဖမ်းခံရတယ်။ ပကဖရဲဘော် ၂ ယောက်ကိုတော့ စစ်ကြောရေးကို ခေါ်သွားတယ်။ ကားသမားရဲ့အခြေအနေတော့ မသိရသေးဘူး။ သူ့ဆီကနေ သတင်းပေါက်ကြားတယ်လို့ သိထားရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပကဖရဲဘော် ၃ ယောက်ထဲ ၁ ယောက်ဟာ ဖမ်းဆီးခံရတဲ့နေရာမှာတင် အသတ်ခံလိုက်ရတယ်လို့‌လည်း သူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လက်နက်ခဲယမ်းတွေဟာ ကာလတန်ကြေး သိန်း ၁၀,၀၀၀ ကျော် ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

တောင်ငူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “လမ်းကြောင်းအနေအထား ကြပ်နေတယ်လို့ ​သတိပေးထားတဲ့ကြားက သူတို့ဘက်မှာလည်း စစ်ဆင်ရေးအတွက် ပစ္စည်းတွေ လိုအပ်နေတော့ ဆင်းလာကြရင်း အခုလိုဖြစ်တာပါ” လို့ ပြောဆိုပါတယ်။

မီးသွေးတင်လာတဲ့ မော်တော်ယာဉ်ပေါ်ကနေ လက်နက်မျိုးစုံ ၃၄ လက်၊ ကျည်မျိုးစုံ ၂၇,၀၀၀ ကျော်၊ အီနာဂါဗုံးသီး အလုံး ၄၀၊ ဗုံးသီးမျိုးစုံ ၁၀၄ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၄၉ လုံး၊ ကျည်အိမ်မျိုးစုံ ၈၇ ခု၊ Remote ၆၀ ခု၊ Receiver ၃၅၀ ခု၊ DJI Drone ၁ စုံ၊ Star Link  ၁ စုံ နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချယ်နယ်တွေကနေ ဖော်ပြထားတာကို တွေ့ရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

Photo - စစ်ကောင်စီတယ်လီဂရမ်ချယ်နယ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024