ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆေးဝါးဈေးနှုန်းတွေ အဆမတန်မြင့်တက်နေလို့ ပြည်သူတွေ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးတဲ့နောက်မှာ ဆေးဝါးဈေးနှုန်းတွေ ၅ ဆ လောက် မြင့်တက်သွားတယ်လို့ မြောက်ဦးမြို့ခံက ပြောပါတယ်။
မြောက်ဦးမြို့က နှလုံးရောဂါ ဝေဒနရှင်တယောက်က “သောက်နေကျ နှလုံးဆေး တလစာကို ၁ သိန်းကျပ်လောက် ကုန်ကျပေမဲ့ အခုဆေးဝါးဈေးနှုန်း ၅ ဆ လောက်မြင့်တက်သွားတော့ တလကို ကျပ် ၅၀၀,၀၀၀ လောက် ကုန်ကျမှာဖြစ်ပြီး ဆေးပုံမှန်မသောက်နိုင်တော့လို့ အသက်ရှင် ရပ်တည်ဖို့ ခက်ခဲလာတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် တခြား သွေးတိုး၊ ဆီးချို၊ လေးဘက်နာ၊ ပန်းနာရင်ကြပ်ရောဂါတွေ အပါအဝင် နာတာရှည်ရောဂါဝေဒနာရှင်တွေအတွက်လည်း ဆေးဝါးဈေးနှုန်း ၅ ဆ လောက် မြင့်တက်သွားလို့ တော်တော်အခက်အခဲဖြစ်နေကြတယ်လို့ ပြောပါတယ်။
ရသေ့တောင်မြို့ခံတဦးက “လက်ရှိကာလမှာ မဖျားနာရဲလောက်အောင်ကို ဖြစ်နေပြီဗျ။ ပါရာစီတမော တလုံးကို အရင်က ကျပ် ၂၀၀ တောင်မရှိဘူး။ အခု တလုံးကို ကျပ် ၂၅၀၀ အထိ ပေးဝယ်နေရတယ်”လို့ ပြောပါတယ်။
ဒါကြောင့်မို့ အာရက္ခပြည်သူ့အစိုးရအနေနဲ့ ဆေးဝါးတင်သွင်းတာတွေကို စနစ်တကျ စီမံပေးပြီး ဆေးဝါးဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာအောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုချင်တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါဝင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၉ မြို့နယ်လောက်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး နောက်ထပ်မြို့နယ် ၃ ခုကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။