နေပြည်တော်မှာ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် “တေးရုပ်ရှင်ပြပွဲ” အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇော်လ်မြို့မှာ ဇွန် ၁၅ ရက်က ပြုလုပ်ခဲ့တယ်လို့ မီဇိုရမ်ရောက် မြန်မာတွေဆီက သိရပါတယ်။
မနေ့မနက်က အိုင်ဇောလ်မြို့တော် Chanmri YMA ခန်းမမှာ Network For Unity Association Mizoram-NUA အဖွဲ့က ဦးဆောင် ပြုလုပ်ခဲ့တာပါ။
ဇွန် ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ “နေသာတဲ့နေ့” နွေဦးတော်လှန်ရေး တေးရုပ်ရှင်ကို ဝင်ကြေး အခမဲ့နဲ့ပြသခဲ့ပြီး ချင်းပြည်ဝန်ကြီးဟောင်းတွေ လွှတ်တော်အမတ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ပွဲတက်ရောက်ခဲ့သူ မြန်မာစစ်ဘေးရှောင်တဦးက “အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့အကြိုအတွက် ရုပ်ရှင်ပြပွဲ ကျင်းပတာပါ၊ ချင်းပြည်နယ် ဝန်ကြီးဟောင်းရယ်၊ စည်ပင်ဝန်ကြီးရယ်၊ စစ်ကိုင်းဘက်က လွှတ်တော်အမတ်တွေ တက်ရောက်ပြီး နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တာတွေ ဟောပြောခဲ့ပါတယ်၊ ချင်းအဆိုတော် ယောကီးနဲ့ ထန်ဘွေးလည်း သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်၊ မီဇိုရမ်ရောက် မြန်မာနိုင်ငံသား အယောက် ၂၀၀ လောက် တက်ရောက်ပါတယ်” လို့ ပြောပါတယ်။
မွေးနေ့လက်ဆောင်အဖြစ် ပွဲတက်ရောက်လာသူတွေ ပေးအပ်တဲ့ အလှူငွေတွေကို မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ မီဇိုရမ်ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေကို အကူအညီပေးသွားမယ်လို့ NUA အဖွဲ့ဆီက သိရပါတယ်။