မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်းလေးကျေးရွာအုပ်ချုပ်ရေးမှူးကို ဇွန် ၁၄ ရက်နေ့က သေနတ်သမားတွေက ပစ်သတ်ခဲ့ပြီး ရွှေ ၃ ကျပ်သားနဲ့ ငွေကျပ် သိန်း ၆၀ ကို ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထန်းပင်ချောင်းလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ဝင်းနဲ့သားဖြစ်သူတို့ နေအိမ်မှာရှိနေတဲ့ မနက် ၉ နာရီလောက်မှာ သေနတ်သမား ၂ ယောက် ရောက်လာပြီး မှောက်ခိုင်းထားကာ ဦးချစ်ဝင်းကို ပစ်သတ်ပြီး ငွေသားသိန်း ၆၀၊ ဖုန်း ၂ လုံးနဲ့ သားဖြစ်သူဝတ်ထားတဲ့ ရွှေထည် ၃ ကျပ်သားတို့ကို ယူဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဦးချစ်ဝင်းရယ်၊ သူ့သားရယ်၊ နောက်တယောက်ရယ် အိမ်မှာရှိတဲ့အချိန် သေနတ်သမားတွေရောက်လာပြီး သူတို့ကိုမှောက်ခိုင်းပြီး ပိုက်ဆံတွေဘယ်မှာထားလဲမေးတယ်။ ပြီးတော့ ပိုက်ဆံသွားယူပြီး သားဖြစ်သူဝတ်ထားတဲ့ ဆွဲကြိုး၊ လက်စွပ်နဲ့ ဖုန်း ၂ လုံးကိုပါယူပြီး ဦးချစ်ဝင်းကိုတော့ ပစ်သတ်သွားတယ်။ ပိုက်ဆံကြောင့်လား၊ တခြားကြောင့်လား ဆိုတာတော့ သေချာမသိသေးဘူး” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက ထန်းပင်လေးချောင်းရွာကိုရောက်လာပြီး အနီးနားမှာရှိနေတဲ့သူတွေနဲ့ သွားလာနေတဲ့ ဒေသခံတွေကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးချစ်ဝင်းကို ပစ်သတ်ပြီး ရွှေနဲ့ငွေသားတွေယူဆောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တာမသိရသေးသလို ဘယ်အဖွဲ့မှလည်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
မွန်ပြည်နယ်မှာ ၂၀၂၄ ဇန်နဝါရီလကနေ မေလအကုန်အထိ ၅ လအတွင်း အုပ်ချုပ်ရေးမှူးတွေ အပါအဝင် စစ်ကောင်စီနဲ့ပတ်သက်တဲ့သူ ၄၉ ယောက် ပစ်သတ်ခံထားရတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။