မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်မှာ ဇွန် ၁၄ ရက်နေ့က တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၂ ယောက် သေဆုံးခဲ့တယ်လို သထုံခရိုင် ကေအဲန်ယူ တာဝန်ရှိသူနဲ့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ စစ်ကောင်စီအမြောက်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ ဇွန် ၁၄ ရက် မွန်းလွဲ ၁ နာရီကျော်မှာ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ပြီး အခိုင်နဲ့ သုံးခွကြားက ကျောက်ဟတ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသက် ၁ နှစ်ကျော်အရွယ် မရွှေဇင်လင်းနဲ့ အသက် ၁၄ နှစ်အရွယ် မနန္ဒာလင်းတို့ လက်နက်ကြီးစထိမှန် သေဆုံးခဲ့တာပါ။
ကေအဲန်ယူ သထုံခရိုင်အတွင်းရေးမှူးက “တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ ကလေး ၂ ယောက်သေဆုံးခဲ့ပါတယ်။ တယောက်က ပွဲချင်းပြီး သေဆုံးပြီး ကလေးတယောက်က ညာဘက်နားထင်နဲ့ နဖူးအစ အနည်းငယ်စိုက်ဝင်ဒဏ်ရာ၊ ညာဘက်နားသွေးထွက်ဒဏ်ရာတွေနဲ့ ဆေးရုံမှာပဲသေဆုံးခဲ့ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ အမှတ် ၃၁၀ အမြောက်တပ်ရင်းနဲ့ ခမရ ၂၀၇ တပ်ရင်းတို့က တိုက်ပွဲမဖြစ်ပေမဲ့ လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ကလည်း အမှတ် ၃၁၀ စစ်ကောင်စီအမြောက်တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပိန္နဲကုန်းရွာခံ သားအဖ ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ပါတယ်။