ဧရာဝတီတိုင်း၊ ဟင်္သာတမြိုနယ်၊ ကျောင်းကွင်းကျေးရွာမှာ ဖမ်းဆီးခံထားရတဲ့ အရပ်သားရဲ့ နေအိမ်နဲ့ခြံ ချိပ်ပိတ်ခံရပြီး ဟင်္သာတမြို့နယ်ထဲမှာ ချိပ်ပိတ်ခံရတဲ့ နေအိမ် အလုံး ၆၀ နီးပါးအထိရှိလာပြီလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ကျောင်းကွင်းရွာက ကိုအောင်ရဲထွဋ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကုန်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရဲတွေက တော်လှန်းရေးတပ် PDF အဖွဲ့ကို ထောက်ပံ့နေတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “၁၁ ရက်နေ့က စစ်ကောင်စီတပ် ရဲတွေ အရပ်ဝတ်နဲ့ လူ တချို့လာပြီး ချိပ်ပိတ်သွားတာ။ သူက အဖမ်းခံထားရသူလေ။ အဲ့ဒီ နေအိမ်နဲ့ ခြံကို သိမ်းဆည်းတယ်ပေါ့။ အဲ့လို ရေးထားတဲ့ဗီနိုင်းကပ်သွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်ကလည်း ချိပ်ပိတ်ခံရတဲ့ အိမ်ပိုင်ရှင်ဟာ စွပ်စွဲခံရတာဖြစ်ပြီး စစ်ကောင်စီဆီကို ခုခံချေပထားတယ်လို့ သိရကြောင်း ပြောပါတယ်။
ချိပ်ပိတ်ခံရလိုက်ရတဲ့ နေအိမ်ပိုင်ရှင် ကိုအောင်ရဲထွဋ်ကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပေဒ ပုဒ်မ ၅၂-က နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဟင်္သာတမြို့နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိအချိန်အထိ ပညာရေးဝန်ထမ်းတွေ၊ NLD ပါတီထောက်ခံသူတွေ၊ ဒေသခံ အရပ်သားတွေ၊ လွှတ်တော်အမတ်တွေရဲ့ နေအိမ်တွေအပါအဝင် နေအိမ်အလုံး ၆၀ လောက်ကို စစ်တပ်က ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။