အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေကို ပစ်မှတ်နေရာမှာချိတ်ဆွဲပြီး သေနတ်ပစ် လေ့ကျင့်တာနဲ့ သေနတ်ပစ်ပြိုင်ပွဲ ပြုလုပ်ခဲ့တယ်လို ပခုက္ကူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃ တပ်ရင်းဆီကနေ သိရပါတယ်။
ပခုက္ကူခရိုင်၊ အမှတ် ၃ တပ်ရင်း တာဝန်ရှိသူတယောက်က “ကျနော်တို့ဆီက တိုက်ပွဲအတွေ့အကြုံ မရှိသေးတဲ့ရဲဘော်တွေ၊ ရဲမေတွေအတွက် အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ပုံတွေကိုချိတ်ဆွဲပြီး မီတာ ၁၀၀၊ မီတာ ၁၅၀ အကွာတိုကနေ ချိန်ရွယ်ပစ်ခတ်တဲ့ နည်းစနစ်မှန်မှန်နဲ့ ပစ်ခတ်လေ့ကျင့်စေပြီးတော့မှ ပြိုင်ပွဲပြုလုပ်ပေးခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
သေနတ်ပစ်ပြိုင်ပွဲကို ဇွန် ၅ ရက်နေ့က ကျင်းပခဲ့ပေမယ့် တခြားရက်တွေမှာလည်း စက်ပစ်ကွင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ဓာတ်ပုံတွေကို ပစ်မှတ်နေရာမှာချိတ်ဆွဲပြီး သေနတ်ပစ် လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။
တပ်ရင်း ၃ တာဝန်ရှိသူတယောက်က “ရဲဘော်တိုင်းဟာ မိမိကိုပေးအပ်ထားတဲ့ သေနတ်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်နိုင်ပြီးတော့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ရန်သူကိုထိချက်မှန်အောင်ပစ်နိုင်ဖို အရေးကြီးတဲ့အတွက် အခုလိုစီစဉ်ဆောင်ရွက်ပေးရတာပါ” လို့ ပြောပါတယ်။
သေနတ်ပစ်ပြိုင်ပွဲမှာ ပစ်မှတ်မှန်ကန်မှုအလိုက် ရမှတ်သတ်မှတ်ပေးထားကာ ပစ်မှတ်ကိုထိမှန်အောင် ပစ်နိုင်သူတွေကို ဆုချီးမြှင့်ပေးပြီး ပစ်မှတ်လွဲချော်သူတွေကို ပြစ်ဒဏ်ပေးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။