ကျူးဘားကျွန်းရဲ့ ဟာဗားနားဆိပ်ကမ်းမှာ ရုရှားရေတပ်ဖရီးဂိတ်သင်္ဘောဆီကို ကျူးဘားပြည်သူတွေကို လည်ပတ်ကြည့်ရှုခွင့်ပြုခဲ့ပြီးနောက် ဇွန် ၁၃ ရက်က ဟာဗားနား အပျော်စီးသင်္ဘောဂိတ် အဝင်ဝမှာ ရာနဲ့ချီတဲ့လူတွေဟာ တန်းအရှည်ကြီး စီတန်းကာ စုဝေးစောင့်ဆိုင်းခဲ့ကြပါတယ်။
လူစည်ကားတဲ့ အဝင်ပေါက်ကို ကျူးဘားစစ်တပ်က စောင့်ကြပ်ထားပါတယ်။ ရုရှားရေတပ်ဖရီးဂိတ်သင်္ဘောနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတို့ဟာ ဇွန်လ ၁၂ ရက် ဗုဒ္ဓဟူးနေ့မှာ ဟာဗားနားဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့တာဖြစ်ပြီး စစ်ရေယာဉ်တွေကို ဇွန်လ ၁၇ ရက်အထိ ဆက်ရှိနေဖို့ မျှော်လင့်ထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဖရီးဂိတ်သင်္ဘောကို လာရောက်ကြည့်ရှုသူတွေကို အယောက် ၂၀ စီပါတဲ့ အဖွဲ့တွေ ဖွဲ့ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ စီစဉ်သူတွေဟာ လာရောက်သူအားလုံး သင်္ဘောပေါ်ကို လည်ပတ်နိုင်ဖို့ အယောက် ၃၀ စီ အဖွဲ့တွေ ဖွဲ့ပေးပါတယ်။
ကြာသပတေးနေ့မှာ မလာရောက် မလည်ပတ်နိုင်သေးတဲ့သူတွေလည်း ဇွန်လ ၁၅ ရက် စနေနေ့မှာ ထပ်မံလာရောက်နိုင်တယ် လို့ ဆိုပါတယ်။
လည်ပတ်ကြည့်ရှုပြီးသွားကြတဲ့ ကျူးဘားပြည်သူတွေကတော့ အထင်ကြီးစရာပဲ လို့ ထုတ်ဖော်ပြောဆိုကြကာ သဘောကျသွားတယ် လို့လည်း ဆိုပါတယ်။
အမေရိကန်နဲ့ ကျူးဘားတို့က ဟာဗားနားမှာ ရုရှား စစ်သင်္ဘောတွေ ဆိုက်ကပ်မှုဟာ ခြိမ်းခြောက်မှု မဟုတ်ဘူး လို့ ပြောကြပေမဲ့ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရုရှားရဲ့ အင်အားပြမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခဲ့ကြပါတယ်။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီသင်္ဘောတွေဟာ နျူကလီးယားလက်နက်တွေကို မသယ်ဆောင်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေရဲ့ အခိုင်အမာ ပြောဆိုချက်အပေါ် ထပ်ဆင့်ပြောကြားခဲ့ပါတယ်။
ရုရှားဟာ ကျူးဘားကို ဒုံးကျည်တွေ လွှဲပြောင်းပေးတယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရပေမဲ့ အမေရိကန်က သတိထားနေမှာ ဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ပြောဆိုပါတယ်။
ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကို့ဗ်ကတော့ ရုရှားလို အဓိက ရေကြောင်းအင်အားကြီး နိုင်ငံအပါအဝင် နိုင်ငံအားလုံးကတော့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်တာဟာ ပုံမှန်အလေ့အကျင့်တခုလို့ ပြောကြားခဲ့ပါတယ်။
သောကြာနေ့မှာတော့ ကနေဒါရေတပ် ကင်းလှည့်သင်္ဘော မာဂရက်ဘရွတ်ခ်ဟာ ဟာဗားနားကို ရောက်ရှိလာမယ်လို့ မျှော်လင့်ရပြီး ဆိပ်ကမ်းအတွင်းရှိ ရုရှားရေတပ်သင်္ဘောစုနဲ့ မဝေးတဲ့နေရာမှာ ဆိုက်ကပ်မှာဖြစ်ကြောင်း ကျူးဘားနဲ့ကနေဒါတို့က ပြောကြားခဲ့ပါတယ်။
Source-Reuters
Photo-Reuters